အောင်မြင်သူများအတွက် ဝမ်းသာဂုဏ်ယူမဆုံးပါ

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ပေးထားသည်။ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် နံနက် ၆ နာရီမှစ၍ ကပ်ထားပေးသည်။ ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ်ကောင်းစွာ မရရှိသောစာစစ်ဌာနများ၏အောင်စာရင်းများကို  မြန်မာ့အသံရေဒီယိုအစီအစဉ်မှလည်းကြေညာပေးသည်။ ထို့အတူမြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website  ဖြစ်သော www.myanmarexam.org တွင် ဝင်ရောက်ကြည့်ရှုရန် စီစဉ်ဆောင်ရွက်ပေးထားသည်။

လူတိုင်းသည် ရည်မှန်းချက်ကိုယ်စီဖြင့် ဘဝကိုရှင်သန်နေခြင်းဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများ၏ ရည်မှန်းချက်သည် စာမေးပွဲအောင်မြင်ရေး ဖြစ်သည်။ စာမေးပွဲအောင်မြင်သောနေ့သည် ကျောင်းသား၊ ကျောင်းသူတို့အတွက် အပျော်ရွှင်ဆုံးနေ့ ဖြစ်ပေသည်။ အခြေခံပညာတွင် အဆင့်မြင့်ဆုံး ဖြစ်သော တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခြင်းသည်ကား ပြောစရာမရှိလောက်အောင်ပျော်ရွှင်ကြပေလိမ့်မည်။ တက္ကသိုလ်ဝင်တန်းသည်ကျောင်းသား၊ ကျောင်းသူတို့အတွက် မီးပွိုင့်လမ်းဆုံတစ်ခုသို့ ရောက်သည်နှင့် တူလှသည်။ လမ်းဆုံမှနေ၍ မိမိသွားလိုသည့် ပန်းတိုင်ကို ရွေးချယ်ကြရမည် ဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲသည် တောင်တက်သမားတစ်ဦးအတွက် အခက်အခဲဆုံးသော တောင်တစ်တောင်ကို ကျော်ဖြတ်လိုက်ရသကဲ့သို့လည်း ဖြစ်သည်။ အမြင့်ဆုံးတောင်ဖြစ်သော ဘွဲ့တစ်ခုရရှိအောင် အဆင့်မြင့်ပညာများကို ဆက်လက် သင်ကြားရပေဦးမည်။ နိုင်ငံတစ်နိုင်ငံအတွက် ပညာတတ်များ ပေါကြွယ်ရန်မှာ အထူးလိုအပ်ချက် ဖြစ်သည်။ ပညာကို ဆုံးခန်းတိုင်အောင် သင်ယူကြပြီး အသိပညာ၊ အတတ်ပညာ  မြင့်မားသောအတွေးအခေါ် များနှင့်အတူ နိုင်ငံတော်အတွက် သားကောင်းသမီးကောင်း ဖြစ်အောင် ကြိုးစားရပေဦးမည်။ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်သူများ၊ ဂုဏ်ထူးဖြင့် အောင်မြင်သူများအားလုံးကို ချီးကျူးပါသည်။ ဂုဏ်ယူဖွယ်လည်းဖြစ်သည်။ မိဘများ အနေဖြင့်လည်း မည်ရွေ့မည်မျှ ဝမ်းသာနေကြမည် ဆိုသည်မှာ တွက်ဆမရနိုင်အောင်ပင် ဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူအဖို့မူကား တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ခြင်းအတွက် ဝမ်းသာကြည်နူး ပျော်ရွှင်ကြမည် အမှန်ပင်ဖြစ်သည်။ အောင်မြင်သူများအားလုံးအတွက် ဝမ်းသာမိသလို ကျရှုံးကျန်ခဲ့ သူများကိုလည်း စိတ်မပျက်ရန် အားပေးလိုပါသည်။ လူသားတို့ဇွဲသေခါမှလျှော့မည် ဟူသောစိတ်ဖြင့် သည်တစ်နှစ်မအောင်ရင် နောက်နှစ်အောင်ရမယ်၊ အောင်မြင်အောင်ကြိုးစားမယ်ဆိုသော စိတ်ထားရှိစေချင် ပါသည်။ စာမေးပွဲတွင်ကျရှုံးသူမှန်သမျှသည် လိုအပ်ချက်တစ်ခုခု ရှိနေသေးသောကြောင့်သာ ဖြစ်သည်ကို မိမိကိုယ်ကို မိမိပြန်လည် သုံးသပ်ရမည်။ သုံးသပ်ပြီးသည်နှင့်အတူ အောင်စိတ်ကိုမွေးကာအောင်မြင် အောင်ကြိုးစားရပေမည်။

စာမေးပွဲမအောင်၍ စိတ်လေကာ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးတို့ကို မသုံးလိုက်ပါနှင့်။ ဤအရာများသည်ကား သင်တို့၏ တိုးတက်လမ်းကို ဖျက်ဆီးမည့် အရာများသာ ဖြစ်သည်။ မည်သည့်အရာမဆို ကြိုးစားလျှင် အောင်မြင်ရမည်မှာ ပုံသေနည်းတစ်ခုဖြစ်ပါသည်။ တချို့သောကျောင်းသား၊ ကျောင်းသူများ၏ စိတ်တွင် လွဲမှားသော စိတ်ကလေး ဝင်နေတတ်သည်။ ထိုအရာမှာ  မိမိကိုယ်မိမိဉာဏ်မကောင်းဘူးလို့ ထင်မြင်နေတတ်သောစိတ်ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူတိုင်းတွင်  ဉာဏ်ရည်ကွာခြားမှု သိသိသာသာမရှိပါ။ ကြိုးစားမှုကွာခြားခြင်းနှင့် ဖြစ်လိုသည့် စိတ်ထက်သန်မှု ကွာခြားခြင်းသာ ဖြစ်သည်။   ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် အချိန်မှန်မှန်ကြိုးစားမည်ဆိုပါက မည်သည့်စာမေးပွဲမဆိုအောင်မြင်ပါလိမ့်မည်။ အချိန်မှန်မှန်ဟု ဆိုရာတွင် ကိုယ်လက်လှုပ်ရှား အားကစားကိုလည်း အချိန်တစ်ခုပေးသင့်သည်။ ကိုယ်လက်လှုပ်ရှား အားကစားခြင်းသည် စိတ်ကိုလန်းဆန်းစေပါသည်။ ဤသည်မှာ ကျရှုံးသောကျောင်းသား၊  ကျောင်းသူ များအတွက် အားပေးလိုသော စကားလက်ဆောင်ဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူတိုင်းသည် အခြေခံပညာအဆင့်မှ အဆင့်မြင့်ပညာအဆင့်သို့ ကူးပြောင်း ကြရတော့မည်။ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခြင်းမှာ ကျောင်းသား၊ ကျောင်းသူတို့အတွက် တိုက်ပွဲတစ်ခုကို

အောင်နိုင်လိုက်ခြင်းဖြစ်သည်။ ဘဝဆိုသည်မှာ တိုက်ပွဲဟုဆိုထားသည့်အတိုင်း ပညာရည်မြင့်မားရေး တိုက်ပွဲပေါင်း မြောက်မြားစွာကို ဆက်လက်တိုက်နေရဦးမည်ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူတို့၏ ရည်မှန်းချက်ပန်းတိုင်သည်  တက္ကသိုလ်တစ်ခုခုမှဘွဲ့ရပြီး မိမိတို့ဝါသနာပါရာလုပ်ငန်းခွင်သို့ ဆက်လက် ဝင်ရောက်ရေး ဖြစ်သည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်သွားသည်နှင့် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနေသော တက္ကသိုလ်ပေါင်းများစွာရှိသည်။ ကျန်းမာသန်စွမ်းပြီးထူးချွန်ထက်မြက်သူများအား စစ်တက္ကသိုလ်၊ တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်များက ကြိုဆိုနေမည် ဖြစ်သည်။ ထို့အတူ အခြားသော တက္ကသိုလ်ပေါင်း များစွာသို့လည်း တက်ရောက်ပညာသင်ကြားနိုင်သည်။ အနှစ်ချုပ်ဆိုရသော် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများအား စိတ်ဓာတ်မကျဘဲ ဆက်လက်ကြိုးစားပါရန်နှင့် အောင်မြင်သူအားလုံးအတွက် မြဝတီ သတင်းစာက ဝမ်းသာဂုဏ်ယူပါကြောင်း ရေးသားလိုက်ရပေသည်။    ။