တိုင်းပြည်ကောင်းကျိုး ဒေသကောင်းကျိုး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဇွန် ၁၉ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ် ဇွန်လ ၉ ရက်နေ့ က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် “ဒီမိုကရေစီတွင် တူညီသည့် အခွင့်အရေးများ ပေးရမည်ဖြစ်သကဲ့သို့ ဖက်ဒရယ်စနစ်တွင်လည်း တူညီသည့် အခွင့်အရေးများ ပေးရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်တွေ့ဆုံဆွေးနွေးရာတွင် အဆင်ပြေမှုများရှိခဲ့ပြီး ကောင်းမွန်သည့် တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်၍ နိုင်ငံငြိမ်းချမ်းရေးရရှိအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့ပါသည်။

နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးရရှိရန် ဦးတည်၍ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ဧပြီလ ၂၂ ရက်နေ့တွင် ငြိမ်းချမ်းရေးမိန့်ခွန်းတစ်ရပ်ပြောကြား၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဥက္ကဋ္ဌ ခေါင်းဆောင်ဦးစီးအဖွဲ့ဝင်နှစ်ဦးဖြင့် ငြိမ်းချမ်းရေးအတွက် ရိုးသားပွင့်လင်းစွာ ဆွေးနွေး နိုင်ရေးဖိတ်ခေါ် ကမ်းလှမ်းခဲ့သည်။ နိုင်ငံတော်အကြီးအကဲ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုအရ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နှင့် NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၃ ဖွဲ့တို့က ပြည်ထောင်စုအကျိုး၊ ဒေသအကျိုးကိုဆောင်ရွက်လိုသည့် စိတ်ဆန္ဒများဖြင့်လာရောက် ဆွေးနွေးမည်ဖြစ်ကြောင်း အကြောင်း ပြန်ခဲ့ကြပါသည်။ မေလ ၁၉ ရက်မှ ယနေ့တိုင် အဆိုပါအဖွဲ့များအနေဖြင့် တစ်ဖွဲ့ချင်းလာရောက်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေး ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

ထာဝရငြိမ်းချမ်းရေးရရှိရေးသည် ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒအမှန်ဖြစ်ပါသည်။ နွေးထွေးပျူငှာ ပြုံးရွှင်သောမျက်နှာထားများနှင့် နှစ်ဦးနှစ်ဖက် ဆွေးနွေးလျက်ရှိသည်မှာ ဝမ်းသာအားရဖွယ်ကောင်းလှသည်။ ပြည်သူတစ်ရပ်လုံးက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးကို ဤဆွေးနွေးပွဲသို့ တက်ရောက်စေချင်သည်။ တက်ရောက်ကြမှသာ ၂ ဦးနှစ်ဖက် ဆန္ဒသဘောထားအမှန်ကို သိရှိကြ မည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ရောက်ရှိလာခြင်းမရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား ဆွေးနွေးပွဲသို့တက်ရောက်ရန် ထပ်မံဖိတ်ခေါ်သည်မှာ ပြည်သူ့ဆန္ဒကို ဖြည့်ဆည်းပေးခြင်းဖြစ်ပါသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အသီးသီးမှ ဥက္ကဋ္ဌ သို့မဟုတ် အဆုံးအဖြတ်ပေးနိုင်မည့် ခေါင်းဆောင်နှင့်အဖွဲ့ဝင် နှစ်ဦး၏ အမည် စာရင်းကို ဇွန်လ ၃၀ ရက်နေ့နောက်ဆုံးထား၍ ပြန်ကြားပေးစေလိုကြောင်း အသိပေးထုတ်ပြန်ထားသည်။ ယခုငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တိုင်းပြည်၏ ပကတိအနေအထားနှင့်ကိုက်ညီပြီး ဖြစ်သင့်ဖြစ်ထိုက်သည်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တောင်းဆိုချက်များ၊ အမှန်တကယ်ဖြစ်နိုင်ဖွယ်ရှိသည်များ စသည်တို့ကို အသေးစိတ်အကျေအလည် ဆွေးနွေး အဖြေရှာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ခိုင်မြဲစွာ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် မိမိတို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ မိမိတို့ဒေသရှိ လူမှုစီးပွားဘဝ မြင့်မားရေး၊ အထူးသဖြင့်အနာဂတ် မျိုးဆက်သစ်လူငယ်မောင်မယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုဆက်ဆံရေး ဘဝများ တိုးတက်မြင့်မားရေးကိုရှေးရှုကာ နိုင်ငံတော်အစိုးရက ဖိတ်ခေါ်နေသော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ရာခိုင်နှုန်းပြည့် တက်ရောက် ဆွေးနွေးသင့်ပါသည်။

လွတ်လပ်ရေးရပြီးကတည်းက ယနေ့အချိန်အထိ ဒေသခံများခံစားနေရသော စိတ်သောကတို့ ပြေပျောက်ရန် အချိန်တန်ပြီဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ လိုအင်ဆန္ဒ၊ တိုင်းရင်းသားပြည်သူများ၏ လိုအင်ဆန္ဒကို အမှန်တကယ် ခိုင်ခိုင်မာမာ ဖြေရှင်းပေးနိုင်သည်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသာဖြစ်သည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)သည် ပြည်ထောင်စုတိုင်းရင်းသားအားလုံး အတူတကွလက်တွဲကာ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး လမ်းကြောင်းအမှန်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ စနစ်ကိုတရားမျှတမှု အပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်လျက်ရှိရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ တက်ရောက်ခြင်းဖြင့်တိုင်းပြည်ကောင်းကျိုး၊ ဒေသကောင်း ကျိုးဆောင်ရွက်သင့်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။