အိုလံပစ်လက်ရည် စစ်ပွဲကာလအတွက် မြန်မာကြက်တောင်မယ် သက်ထားသူဇာ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိ

ရန်ကုန်၊ ကြက်တောင်

မြန်မာ့လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာသည် ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်မှထုတ် ပြန်ထားသည့် အိုလံပစ်လက်ရည်စစ်ပွဲကာလ လေးလအတွင်း ကျင်းပမည့် နိုင်ငံတကာကြက်တောင် ပြိုင်ပွဲ အများစုကို ဝင်ရောက်ယှဉ်ပြိုင်ရန် တစ်ပတ်လျှင် ခြောက်ရက်ခန့် လေ့ကျင့်နေကြောင်း သိရ သည်။

ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်သည် COVID-19 ရောဂါအခြေအနေကြောင့် ရွှေ့ဆိုင်းထားသည့် နိုင်ငံ တကာကြက် တောင်ပြိုင်ပွဲကို ယခုနှစ်ကုန်ပိုင်းတွင် ပြန်လည်ကျင်းပမည်ဖြစ်သော်လည်း ယင်း ပြိုင်ပွဲများ၏ ရလဒ်များကို အိုလံပစ်ဝင်ခွင့်အတွက် ထည့်သွင်းတွက်ချက်မည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။ သို့သော် ၂၀၂၁ တိုကျိုအိုလံပစ်ကြက်တောင်ပြိုင်ပွဲ၏ လက်ရည်စစ်ပွဲကာလကို  ၂၀၂၁ ခုနှစ် ဇန်နဝါရီ  ၄ ရက်မှ မေ ၂ ရက်အထိ သတ်မှတ်ခဲ့ပြီး ယင်းကာလလေးလအတွင်း ကျင်းပ သည့် ပြိုင်ပွဲပေါင်း ၂၀  ကျော်မှ ရလဒ်များကိုသာ တွက်ချက်မည်ဖြစ်ကြောင်း ကြေညာထားသည်။

COVID-19 ရောဂါအခြေအနေကြောင့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကို တစ်နှစ်နောက်ဆုတ်၍ ၂၀၂၁ ခုနှစ် ဇူလိုင် ၂၃ ရက်မှ သြဂုတ် ၈ ရက်အထိ ကျင်းပရန် ရွှေ့ဆိုင်းထားသည်။ သက်ထားသူဇာသည်   ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည့် အိုလံပစ်လက်ရည်စစ်ပွဲ ကာလ လေးလအတွင်း ကျင်းပမည့် နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲအများစုကို ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း   ၎င်း၏ ဖခင်ကပြောသည်။

“လာမယ့်နှစ် အိုလံပစ်လက်ရည်စစ်ပွဲ ပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့အတွက် တစ်ပတ်ကို ခြောက်ရက်လောက် လေ့ကျင့်နေပါတယ်။ လာမယ့်နှစ်မှာကျင်းပမယ့် အိုလံပစ်လက်ရည်စစ်ပွဲတွေကို အတတ်နိုင်ဆုံးဝင် ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်” ဟု ၎င်းကပြောသည်။

မြန်မာ့လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာသည် လက်ရှိတွင် ကမ္ဘာ့အဆင့် (၅၇)၊ အိုလံပစ် ဝင်ခွင့်သတ်မှတ်ချက် အဆင့် (၂၇) နေရာ၌ ရပ်တည်နေကြောင်း သိရသည်။

ကိုရဲ