ပျော်ရွှင်သောဘဝကိုပိုင်ဆိုင်ရေး

အာရောဂျံ ပရမံလာဘံ ဟူသောစကားကို လူတိုင်းသိ၏။ သိသော်လည်းသုံးသူနည်းသည်။ အစား ၌အချိန်မှန်ခြင်း၊ အအိပ်၌အချိန်မှန်ခြင်း၊ ကျန်းမာခြင်းကို ထိပါးစေတတ်သော အကျင့်များကို လျှော့ချခြင်း၊ နေ့စဉ်ပုံမှန်ရေချိုးခြင်း၊ အာဟာရကိုဖြစ်စေပြီး လွန်စွာအဆီအအိမ့်မများသော အစားအစာကို စားသောက်ခြင်း၊ သန့်ရှင်းသောရေကိုသောက်သုံးခြင်း၊ နေထိုင်ရာအိမ်/အခန်းပတ်ဝန်းကျင်တွင် လေကောင်းလေသန့်ရရှိခြင်း၊ နေ့စဉ်နံနက်တိုင်း ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်း၊ နှာခေါင်းမှသန့်ရှင်းသောလေကို များစွာရှိုက်၍ ရှူခြင်း စသည်ဖြင့် ဤစနစ်တို့ကို လိုက်နာလုပ်ဆောင်ပါက ကျန်းမာရေးကောင်းမွန် နေပေလိမ့်မည်။ လူတစ်ဦးချင်းစီတွင် ကောင်းမွန်သော ကျန်းမာရေးကို ပိုင်ဆိုင်ခြင်းမှာ ငွေကြေးများစွာ ပိုင်ဆိုင်ခြင်းထက် ပိုမိုကောင်းမွန်သည်။

မြန်မာစကားတွင်  အသက်ကိုကံစောင့်သည်ဟူသော စကားမရှိ။ အသက်ကိုဉာဏ်စောင့်သည် ဟူသောစကားသာ ရှိလေသည်။ လောက၌အဆင်းနှင့်ပြည့်စုံခြင်း၊ အားအင်နှင့်ပြည့်စုံခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးခြင်း၊ အတတ်ပညာသင်၍ တတ်မြောက်ခြင်း၊ စိတ်အားထက်သန်ခြင်း စသည့်ကြီးပွား အောင်မြင်ခြင်းတို့၏ အရင်းအမြစ်မှာ ကျန်းမာခြင်း ဖြစ်လေသည်။  ထိုကျန်းမာခြင်းတည်းဟူသော အောင်မြင်ကြီးပွားခြင်း၏ ရလဒ်ကောင်းကြီးကို ကောင်းမွန် အောင် ဂရုမစိုက်ခြင်းသည် ရူးသည်မိုက်သည်သာ ဖြစ်ပေသည်။ မိမိ၏တက်လမ်းကို မိမိကိုယ်တိုင် ပိတ်ပင်လိုက်သည်နှင့် တူလှသည်။

လူတို့သည်  အဘယ်မျှပင်ကြီးမြင့်သော အဖြစ်ကို မှန်းသော်လည်း   ထိုမှန်းထားသောစိတ်ကို ဖြစ်အောင် လုပ်ဆောင်နိုင်သည်မှာ ကျန်းမာရေးကောင်းမွန်မှသာ ဖြစ်ပေလိမ့်မည်။  ကိုယ်စိတ်ကျန်းမာခြင်းဖြင့် ရယူနိုင်ခြင်းမရှိက လူမှုဘဝတိုးတက်မှုကို စွန့်လွှတ်ရမည် ဖြစ်သည်။ ကြီးပွားအောင်မြင်လိုသူတိုင်းမှာ အသိပညာ၊ အတတ်ပညာများ ပြည့်စုံရမည် ဖြစ်သလို အခြေခံကျသော ကျန်းမာရေးကောင်းမွန်ခြင်းနှင့် ပြည့်စုံရမည် ဖြစ်သည်။

အချို့သောလူငယ်တို့သည် တိုင်းပြည်ချစ်စိတ်၊ လူမျိုးချစ်စိတ်၊ တပ်မတော်ကိုချစ်စိတ်ဖြင့် တပ်မတော်သို့ ဝင်ရောက်အမှုထမ်းကြရန် ဆန္ဒပြုလာကြသည်။ ထိုလူငယ်ကလေးများကို ကျန်းမာရေး စစ်ဆေးကြည့်လိုက်သောအခါ ကျန်းမာရေးသတ်မှတ်ချက် ဆေးအဆင့်(က)မဖြစ်ခြင်းကြောင့် တပ်မတော်တွင် အမှုထမ်းခွင့်မရကြပေ။

တပ်မတော်သားဆိုသည်မှာ ကျန်းမာရေးကောင်းမွန်နေကြရသလို  နေ့စဉ်နေ့တိုင်းကျန်းမာအောင် နေထိုင်ပြီး သန်စွမ်းအောင် လေ့ကျင့်နေကြရသည်။ နေ့စဉ်ပုံမှန်ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းသည် ဆီး၊ ဝမ်း၊ သွေး၊လေ လည်ပတ်မှုမှန်ကန်စွာကျန်းမာရေးကောင်းမွန်စေသည်။ တပ်မတော်သားတို့ကဲ့သို့ လူတိုင်းကျန်းမာအောင် နေထိုင်ရန်မှာခက်ခဲလှသည် မဟုတ်ပါ။ အထက်တွင်ဖော်ပြခဲ့သော နေ့စဉ်လုပ်ဆောင်ဖွယ်ရာများကို ပုံမှန်လုပ်ဆောင်ခြင်းဖြင့် ကျန်းမာရေးကောင်းမွန်စေပါသည်။ အသက်ရှူခြင်းသည် အသက်ရှင်ခြင်းဖြစ်သည်။ ပါးစပ်သည်ပြောဖို့ဆိုဖို့ စားဖို့ဖြစ်သည်။ လေကိုသန့်ရှင်းအောင် စစ်၍ယူဖို့ရန် လူတို့မှာငါးကဲ့သို့ ပါးဟက်လည်းမရှိ။ လေ၌ပါသော အညစ်အကြေးကို ကာကွယ်သော အမွေးအမျှင်လည်း ပါးစပ်မှာ မရှိပေ။နှာခေါင်းမှာမူလေကို သန့်အောင်စစ်သော သန့်စင်မွေးညင်းများ ရှိသော်လည်း လုံလောက် သော ကာကွယ်မှုကို ပြုနိုင်သည် မဟုတ်ပေ။ ထို့ကြောင့်နှာခေါင်းစည်းတပ်ကာ သွားလာခြင်းသည် ကျန်းမာရေးကို များစွာ အထောက်အကူပြုပါသည်။

လူတိုင်းကျန်းမာချမ်းသာစွာ   အသက်ရှင်သန်နေ ကကကက ထိုင်လိုကြသည်။   ထိုသို့နေထိုင်သည့်အခါ ကျန်းမာခြင်း၏ အကြီးဆုံးရန်သူကိုလည်း သတိပြုသင့်သည်။ ကျန်းမာခြင်း၏ အကြီးဆုံးရန်သူမှာ ပူပန် သောကစိတ်ဒုက္ခများခြင်း ဖြစ်ပါသည်။ မိမိတို့ခန္ဓာကိုယ်တွင် ရောဂါတစ်ခုခုဝင်ရောက်မှုကြောင့် နေမထိ ထိုင်မသာဖြစ်နေလျှင် စိတ်လည်းချမ်းသာမည်မဟုတ်ပေ။ ပူပန်သောကစိတ်တို့အလိုလိုပေါ်လာပေမည်။ ပူပန်သောကစိတ်ကို ပြေပျောက်အောင် ကြိုးစားနိုင်ခြင်းသည် ရောဂါတစ်ဝက်ပျောက်သည်ဟု ဆိုပါသည်။

မည်သည့်ရောဂါကိုမဆို ကြိုတင်ကာကွယ်ခြင်းဖြင့်အနိုင်ယူထားခြင်းသည် အကောင်းဆုံးစွမ်းဆောင်ချက် ဖြစ်သည်။

လူ့ဘဝခရီးဆိုသည်မှာလည်း နာရီလက်တံများကဲ့သို့ ပုံမှန်လှုပ်ရှားသွားလာနေကြရခြင်းဖြစ်သည်။ ငယ်စဉ်ကလူတိုင်းသင်ခဲ့ရသော စောစောအိပ်ထ ပြုကျင့်ကြ တွင်းပကိုယ်ခန္ဓာ၊ ရောဂါခပ်သိမ်းရှောင်ခွာတိမ်း အေးငြိမ်းလွန်ချမ်းသာ ဆိုတဲ့ သံပေါက်ကဗျာလေးအတိုင်း လူတိုင်းအိပ်ရာစောစောဝင်ပြီး စောစောအိပ်ရာ ထခြင်းသည် ရောဂါကင်းရှင်းသည်။ စိတ်လက်ပေါ့ပါးသည်။ လူတို့သည် မိမိ၏ လုပ်ငန်းအမျိုးအစားအလိုက် နေ့ဘက်တွင် တာဝန်ထမ်းဆောင်ရသူများ ရှိသကဲ့သို့ ညဘက်တာဝန် ထမ်းဆောင်ရသူများလည်း ရှိပါသည်။

မည်သို့ပင် တာဝန်ထမ်းဆောင်စေကာမူ  အိပ်စက်သူတိုင်းသည်  နေ့စဉ် ပုံမှန် ၈ နာရီ အိပ်စက်အနားယူ ရပေမည်။ သို့မှသာ မိမိတို့၏ ကိုယ်နှင့်စိတ်မှာ ရွှင်လန်းနေပေမည်။ အနှစ်ချုပ်ဆိုရသော် ပျော်ရွှင်သောဘ၀ ကိုပိုင်ဆိုင်ရေးမှာ ကျန်းမာရေးကို အထူးအလေးထား လုပ်ဆောင်ခြင်းပင် ဖြစ်ပါကြောင်း ရေးသားလိုက် ရပေသည်။    ။