ဆရာကြီးလုပ်ပြီးမှ တပည့်မခံလိုသူ

ဤလောက၌ ဆင်းရဲသူ၊ ချမ်းသာသူ၊ ပညာရှိသူ၊ ပညာမဲ့သူ၊ အတွေးအခေါ်မှန်ကန်သူ၊ အတွေးအခေါ် လွဲမှားသူ၊ စိတ်ကောင်းနှလုံးကောင်းရှိသူနှင့် စိတ်ကောင်းနှလုံးကောင်းမရှိသူ စသည်ဖြင့် လူတန်းစားနှစ်မျိုး နှစ်စားရှိလေသည်။ ထိုသို့ လူတန်းစားနှစ်မျိုးနှစ်စား ရှိသည်ကို အနှစ်ချုပ်ကြည့်ပါက လူမိုက်နှင့်ပညာရှိဟူ၍ တွေ့မြင်ရပေလိမ့်မည်။ အကျိုးအကြောင်း၊ အဆိုးအကောင်းကို ခွဲခြားသိမြင်သူသည် ပညာရှိသူဖြစ်ပေသည်။

ထိုသူသည် မိမိဘဝကို တိုးတက်မြင့်မားအောင် ကြံဆောင်နိုင်သူဖြစ်သလို မိမိနေထိုင်သောဒေသ ရပ်ရွာ၊ တိုင်းပြည်အကျိုးကိုလည်း မြင့်မားအောင်ကြံဆောင်နိုင်ပေမည်။

ထိုသို့ကြံဆောင်သည် ဆိုရာတွင်လည်း ခေါင်းဆောင်ကောင်း လိုအပ်ပေသည်။ ခေါင်းဆောင်ကောင်း ဆိုသည်မှာ မိမိကိုအားကိုးအားထား ပြုနေကြသူတို့၏ဘဝကို တိုးတက်မြင့်မားအောင် ကြံဆောင်နိုင်သူဖြစ်ပေသည်။ မိမိနိုင်ငံ မိမိလူမျိုးတိုးတက်မြင့်မားရေးကို ရှေးရှုဆောင်ရွက်နိုင်သူသည် ခေါင်းဆောင်ကောင်းဖြစ်သည်။

ဗုဒ္ဓမြတ်စွာသည် လောကသားတို့၏ ကျေးဇူးတော်ရှင် ခေါင်းဆောင်အစစ်ဖြစ်သည်။ လူသားတို့ကို မကောင်းမှုကို ပယ်တတ်အောင်၊ ကောင်းမှုကိုဆောင်တတ်အောင် ကျင့်ကြံနေထိုင်နည်းကို ဟောပြောသွန်သင်ပြီး ကိုယ်တိုင်လည်း စံနမူနာပြ လုပ်ဆောင်ခဲ့လေသည်။ ဘုရားပွင့်တော်မူချိန်တွင် လူဖြစ်နေကြသော်လည်း ဆည်းကပ်ကိုးကွယ်ရ ကောင်းမှန်းမသိသူများ ရှိခဲ့သည်။ အထူးသဖြင့် မိမိကိုယ်မိမိ ဆရာကြီးလုပ်ပြီးမှ မြတ်စွာဘုရားထံ တပည့်မခံလိုသူ ရှိခဲ့သည်။

မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည်သို့ရောက်၍ ၁၅ ရက်လောက်အရတွင် ရှင်အဿဇိမထေရ်သည် ဝေဠုဝန်ကျောင်းတော်မှ ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံကြွလာသည်။ ဥပတိဿပရိဗိုဇ်သည် ရှင်အဿဇိမထေရ်၏ ကြည်လင်သောအသားအရေ၊ ဣန္ဒြေတည်ငြိမ်စွာ ဆွမ်းခံကြွတော်မူသည်ကို မြင်ရသဖြင့် တရားထူးရှိသည့်ပုဂ္ဂိုလ်ဖြစ်ကြောင်း ကောင်းစွာ အကဲခတ်မိလေသည်။ ရှင်အဿဇိနောက်သို့ လိုက်သွားကာ ဆွမ်းဘုဉ်းပေးပြီးနောက်  “သင်၏ဆရာကား မည်သူပါနည်း၊ အဘယ်တရားကို နှစ်သက်ပါသနည်းစသည်ဖြင့် မေးလျှောက်ရာ သစ္စာလေးပါးကို ဟောကြားတော်မူသဖြင့် ဥပတိဿ သောတာပန်တည်လေသည်။ ဥပတိဿလည်း ကတိအရ သူငယ်ချင်းကောလိတထံသွား၍ မိမိရရှိသောတရားကို ပြောပြပြီး မြတ်စွာဘုရားသခင် သီတင်းသုံးတော်မူရာ ဝေဠုဝန်ကျောင်းတော်သို့ သွား၍ ရဟန်းပြုရန် ဆုံးဖြတ်ကြသည်။

ဘုရားရှင်ထံမသွားမီ မိမိတို့ဆရာသိဥ္စည်းဆရာကြီးထံသွား၍ ပြောဆိုခေါ်ငင်သည်။ ဆရာကြီးက လိုက်ပါရန် ငြင်းဆန်သည်။ဆရာကြီး- လောက၌ ဘုရားစစ်ဘုရားမှန် ပွင့်ပေါ်နေပါပြီ။ ဘုရားဆိုသည်ကို မျှော်လင့်နေကြသော လူတို့သည် ထိုဘုရားရှင်ထံ သွားရောက်ဖူးမြော် ပူဇော်ကြလိမ့်မည်။ ဆရာကြီးဘဝသည် အချည်းနှီးအနှစ်သာရ မဖြစ်ပါစေနှင့်စသည်ဖြင့် သုံးကြိမ်တိုင်တိုင် အမျိုးမျိုး ဖျောင်းဖျ ပြောဆိုကြသော်လည်း ဆရာကြီးကအမောင်တို့- ဆရာကြီးလုပ်ပြီးမှ ငါတပည့်မခံလိုပြီ၊ ရှိပါစေတော့ အမောင်တို့၊ လောက၌ လူမိုက်နှင့် ပညာရှိမှာ လူမိုက်သာများသည် မဟုတ်လော၊ ပညာရှိသူများ ပညာရှိသော ဂေါတမထံသွားကြလိမ့်မည်။

လူမိုက်များ ငါ့ထံသို့လာကြလိမ့်မည်ဟု အဆုံးသတ်ပြောဆို၍ သူ၏ကျောင်း၌ပင် နေရစ်ခဲ့လေသည်။

ဥပတိဿနှင့်ကောလိတပရိဗိုဇ်တို့သည် မြတ်စွာဘုရားထံ ရဟန်းပြုခွင့်တောင်းပန်ကြသောအခါဧဟိဘိက္ခုရဟန်းများ ဖြစ်လာကြသည်။ ကောလိတ ပရိဗိုဇ်သည် ရက်၊ ဥပတိဿပရိဗိုဇ်သည် ၁၅ ရက်ကြာမှ ရဟန္တာဖြစ်တော်မူသည်။ ဥပတိဿသည် ပညာအရာ ဧတဒဂ်ဘွဲ့ခံမည့် အရှင်သာရိပုတ္တရာ ရဟန္တာအရှင်မြတ်ကြီးဖြစ်လာသည်။ ကောလိတမှာ တန်ခိုး ဣဒ္ဓိအရာ ဧတဒဂ်ဘွဲ့ခံမည့် အရှင်မဟာမောဂ္ဂလာန်ရဟန္တာ အရှင်မြတ်ကြီး ဖြစ်လာသည်။ အရှင်နှစ်ပါးသည်  ငယ်စဉ်က သိÍ္စည်းဆရာကြီးထံမှာ အတူတူနေခဲ့သူများ ဖြစ်သည်။ သိဥ္စည်းဆရာကြီးမှာ တိတ္ထိဆရာကြီး ခြောက်ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ဘုရားအမည်ခံကာ တပည့်ပရိသတ်အများခြံရံလျက် ရာဇဂြိုဟ်ပြည်တွင်နေထိုင်သည်။

ဥပတိဿနှင့်ကောလိတတို့မှာ ပုဏ္ဏားသူဌေးသားများဖြစ်သည်။ သိဥ္စည်းဆရာကြီးထံရောက်သောအခါနှစ်ရက်၊ သုံးရက်အတွင်းမှာပင် သိဥ္စည်းဆရာကြီး၏ တရားသည် ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းမဟုတ်၊ အနှစ်သာရရှိသော လမ်းစဉ်မဟုတ်သည်ကို ကောင်းစွာသိရှိသဘောပေါက်သွားကြသည်။ ထို့ကြောင့် အမြိုက်တရားကို လှည့်လည်ရှာဖွေရန် ဆုံးဖြတ်ကြသည်။ အမြိုက်တရားကို အလျင်တွေ့သူက မိမိသူငယ်ချင်းအား ပြန်လည် ပြောပြရန်လည်း ကတိထားကြလေသည်။ ထို့ကြောင့် ဥပတိဿသည် အရှင်အဿဇိ၏ တရားကို နာကြားပြီးသောအခါ သူငယ်ချင်းဖြစ်သူ ကောလိတအားပြောပြခဲ့ခြင်းဖြစ်သည်။ ထို့နောက် သိဥ္စည်းဆရာကြီးထံခွင့်ပန်သည်။ ဘုရားထံလိုက်ပါရန် သိဥ္စည်း ဆရာကြီးကို ပန်ကြားခဲ့သည်။ သိဥ္စည်းဆရာကြီးက ငါသည်ဆရာကြီးအဖြစ်နေပြီးမှ တပည့်မခံလိုတော့ကြောင်း၊ လူမိုက်နှင့်ပညာရှိတွင် လူမိုက်က ပိုမိုများကြောင်း၊ လူမိုက်များ ရှိနေသရွေ့ သူ့တွင် တပည့်များပေါများနေလိမ့်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဤသည်ကိုသင်ခန်းစာယူ၍ ပညာရှိဖြစ်အောင် ကြိုးစားနိုင်ကြစေရန် ရည်သန် ရေးသားလိုက်ရပေသည်။