စာပေယဉ်ကျေးမှုများအစဉ်ရှင်သန်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၇  ရက်)

စာပေယဉ်ကျေးမှုများအစဉ်ရှင်သန်ရေး

မြန်မာစာသည် မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုအသက်ဝိညာဉ်ဖြစ်သည်။ စာပေယဉ်ကျေးမှုမရှိသော လူမျိုးသည် အသက်ဝိညာဉ် ကင်းမဲ့သော ရုပ်ကိုယ်ခန္ဓာနှင့်တူသည်။ စာပေယဉ်ကျေးမှု ထွန်းကားသောလူမျိုးသည် ကမ္ဘာပေါ်တွင် ဂုဏ်ရှိန်မြင့်မား ဝင့်ထည်စွာ နေနိုင်သော လူမျိုးအဖြစ်ရပ်တည်နေနိုင်ကြောင်း တွေ့မြင်ကြရသည်။ ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများသည်လည်းကောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများသည်လည်းကောင်း စာပေယဉ်ကျေးမှုထွန်းကားနေရန်အတွက် အစဉ်ကြိုးပမ်းဆောင်ရွက် ပုံနှိပ်ထုတ်ဝေနေ သည်ကို ဖတ်ရှုလေ့လာသိရှိနေရသည်။

မြန်မာနိုင်ငံသူ့ကျွန်ဘ၀ ဗြိတိသျှကိုလိုနီနယ်ချဲ့ လက်အောက်သို့ကျရောက်ခဲ့စဉ် ဇာတိသွေး၊ ဇာတိမာန်အမျိုးသားရေး စိတ်ဓာတ် ပြင်းထန်လှသော မြန်မာ့တော်လှန်ရေးသမားတို့သည် ဗြိတိသျှကိုလိုနီနယ်ချဲ့ လက်အောက်မှ လွတ်မြောက်ရေးအတွက် ကြိုးပမ်း အားထုတ်ကြသည်။ ထိုသို့လွတ်မြောက်ရေးအတွက် ကြိုးပမ်းအားထုတ်ရာတွင် လူတိုင်း၏ ရင်ထဲ၌စွဲစွဲမြဲမြဲထင်ကျန်အောင် ဆောင်ပုဒ်ရေးသား၍ တိုင်းပြည်သို့ ဖြန့်ချိကြသည်။ ယခုဆိုလျှင် ထိုဆောင်ပုဒ်သည် မြန်မာလူမျိုးတို့၏ အမျိုးသား လွတ်မြောက်ရေး သမိုင်းဝင်မှတ်တိုင်တစ်တိုင်အဖြစ် ထင်ရှားစွာတည်ရစ်နေပြီဖြစ်သည်။ ထိုဆောင်ပုဒ်သည်ကား “ဗမာပြည်သည်...တို့ပြည်”၊ “ဗမာစာသည်...တို့စာ”၊ “ဗမာစကားသည်. . .တို့စကား”၊ “တို့ပြည်ကို...ချစ်ပါ”၊ “တို့စာကို...ချီးမြှင့်ပါ၊ တို့စကားကို.. လေးစားပါ” ဟူသည့် ရဲရဲတောက် ဇာတိမာန် စကားစုဖြစ်သည်။ ဤဆောင်ပုဒ်ကို အားနှင့်မာန်နှင့် ရွတ်ဆိုလေတိုင်းဇာတိသွေး၊ ဇာတိမာန်တို့သည်  ရင်ထဲမှတလိပ်လိပ်တက်လာကာ ဇာတိမာန်စိတ်ဓာတ်သည် တဟုန်းဟုန်းတောက်လောင်ရမြဲ ဖြစ်ပေသည်။

မြန်မာလူမျိုးများသည် မြန်မာစာပေနှင့်ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်မြင့်မားအောင် အစဉ်ကြိုးပမ်းရမည်သာမက ဖျက်ဆီး ဖြိုဖျက်မည့် ဘေးအန္တရာယ်မှလည်း အစဉ်ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ရှိနေသည်။ ထိုတာဝန်သည် ဘိုးဘေးဘီဘင် အစဉ်အဆက်မှ သားမြေးတီကျွတ်ဆက်တိုင်အောင် စောင့်ထိန်းရမည့် တာဝန်ဖြစ်သည်။ ခေတ်အဆက်ဆက် မြန်မာလူငယ်တို့ သယ်ပိုး ထမ်းရွက်ရမည့် တာဝန်ကြီးတစ်ရပ်လည်းဖြစ်သည်။ မြန်မာဂန္ထဝင်စာပေများကို ဂရုတစိုက်မှတ်သားထိန်းသိမ်းနိုင်ကြမှသာ မြန်မာတို့၏ တန်ဖိုးစစ်စစ် တွေ့မြင်နိုင်ကြရမည်ဖြစ်သည်။

မြန်မာစာပေအမွေအနှစ်သည် ဗုဒ္ဓယဉ်ကျေးမှုမှ အခြေခံလာခြင်းဖြစ်သည်။ မြတ်ဗုဒ္ဓ၏ တရားဓမ္မများသည် မြန်မာတို့ကို ယဉ်ကျေး သော လူမျိုးဖြစ်စေခဲ့သည်။ မေတ္တာတရားပြည့်ဝသော လူမျိုးများဖြစ်စေခဲ့သည်။ မြန်မာစာပေယဉ်ကျေးမှုကို စနစ်တကျ လေ့လာ ကြည့်လျှင် ခေတ်အလျောက် စာပေရေးဖွဲ့မှုဖြစ်သည့် ကဗျာ၊ လင်္ကာ၊ ရတု၊ဧချင်း၊ အိုင်ချင်း၊ တျာချင်း၊ သဖြန်၊ ဒွေးချိုး၊ လေးချိုး၊ ပျို့၊ မော်ကွန်း၊ သံပေါက်၊ လူသား၊ ကြိုးဘွဲ့၊ ပတ်ပျိုး၊ယိုးဒယား၊ မွန်သံ၊ ဗုံကြီးသံစသည်ဖြင့် စာပေကဗျာမျိုးစုံတို့ကို တအံ့တသြ တွေ့ရမည်ဖြစ်သည်။ ဤစာပေအဖွဲ့အနွဲ့များ၊ ပြဇာတ်များ၊ စကားပြေများသည် မြန်မာလူမျိုးတို့၏ စာပေယဉ်ကျေးမှု အဆင့်အတန်း မြင့်မားမှုကို သက်သေပြလျက်ရှိသည်။

ကမ္ဘာပေါ်၌ စာပေယဉ်ကျေးမှုမြင့်မားသော အခြားတိုင်းပြည်များနှင့် မြန်မာလူမျိုးတို့သည် ရင်ပေါင်တန်းရပ်တည်နိုင်သည်။ ကိုလိုနီ နယ်ချဲ့တို့က မြန်မာတို့၏ စာကောင်းပေမွန်များကို မန္တလေးနန်းတွင်းတစ်နေရာတွင် မီးရှို့ဖျက်ဆီးခဲ့သည်မှာ ခုနစ်ရက်မျှကြာမြင့် ခဲ့သည်။ စာပေရတနာများ ဖျက်ဆီးခြင်းခံလိုက်ရသည်မှာ လွန်စွာရင်နင့်ဖွယ်ဖြစ်သည်။ မျိုးဆက်သစ် လူငယ်မောင်မယ်အပေါင်း တို့သည် မိမိနိုင်ငံ၊ မိမိလူမျိုးတို့၏ မြန်မာဂန္ထဝင်စာပေအမွေအနှစ် စာပေအညွန့်အဖူးများ ထာဝစဉ်ရှင်သန်ရေး ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမည်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။  ။