သစ်ပင်တိုးပွားကောင်းကျိုးများ၏

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၁ ရက်)

သစ်ပင်တိုးပွားကောင်းကျိုးများ၏

ယနေ့ ကမ္ဘာနှင့်အဝှမ်း ရင်ဆိုင်တွေ့ကြုံနေရသော ပြဿနာများမှာ ရာသီဥတုပြောင်းလဲဖောက်ပြန်ခြင်း၊ ပတ်ဝန်းကျင်ယိုယွင်း ပျက်စီးခြင်း၊ သစ်တောပြုန်းတီးခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းဆုံးရှုံးခြင်းတို့ ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း ကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုး၊ ကပ်ရောဂါအမျိုးမျိုးတို့ရင်ဆိုင်ကြုံတွေ့လျက်ရှိနေသည်။ ထိုဘေးအန္တရာယ် အမျိုးမျိုး မဖြစ်စေရေးအတွက် ဖြေရှင်းရန်အကောင်းဆုံးနည်းမှာ သစ်ပင်များစိုက်ပျိုးခြင်းနှင့် သစ်တောများ ထိန်းသိမ်းကာကွယ်ခြင်း ဖြစ်သည်။ သဘာဝတောများနှင့်သစ်တောစိုက်ခင်းများသည် လူသားတို့လိုအပ်ချက်ကိုဖြည့်ဆည်းပေးရုံသာမက ဇီဝမျိုးစုံမျိုးကွဲထိန်း သိမ်းရေး အပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ တိုးပွားစေရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ဖြေရှင်းနိုင်ရေးအတွက် အရေးပါနေပြီဖြစ်သည်။

ယခုအခါ မြို့နယ်အသီးသီးရှိ သစ်တောဦးစီးဌာန သစ်တောပျိုးဥယျာဉ်များတွင် လူထုဖြန့်ပျိုးပင်များကို စနစ်တကျ ဖြန့်ဖြူးပေး လျက်ရှိသည်။ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် မည်သူ့ကိုမဆို၊ မည်သည့်အဖွဲ့အစည်းကိုမဆို ဖြန့်ဖြူးပေးနေသည်။ ယခုနှစ်တွင် တစ်ပင်စိုက်၊ တစ်ပင်ရှင်ပြီး အပင်ရှင်သန်မှုရာခိုင်နှုန်း မြင့်မားစေရန် ပျိုးသက်နှစ်နှစ်ခန့်ရှိပြီး အမြင့် ၂ ပေရှိသော ကျန်းမာ ကြံ့ခိုင်သည့်ပျိုးပင်များသာ စိုက်ပျိုးလျက်ရှိသည်။ မိမိတို့ဘဝတွင်ပျော်စရာ၊ ကြည်နူးစရာအကောင်းဆုံးမှာ မိမိစိုက်ပျိုးလိုက် သောသစ်ပင်ပန်းမန် ရှင်သန်ကြီးထွားနေသည်ကို မြင်တွေ့ရခြင်းဖြစ်သည်။ ထိုပီတိမျိုးသည် သစ်ပင်ပန်းမန် ချစ်ခင်တတ်သူများတွင် ခံစားရသော ပီတိတစ်မျိုးဖြစ်သည်။ လွင်တီးခေါင်ပြင်တွင် နေထိုင်ရခြင်းထက် သစ်ပင်အုပ်အုပ်ဆိုင်းဆိုင်း စိမ်းစိမ်းမြမြနှင့် နေထိုင်ရခြင်းကို လူတိုင်းပိုမိုနှစ်သက်ကြသည်။ သစ်ပင်စိုက်ပျိုးခြင်းသည် လူသားတိုင်းကို ကောင်းကျိုးပြုသည်ချည်းဖြစ်သည်။ နွယ်မြက် သစ်ပင်ဆေးဖက်ဝင်သည်ဟူ၍ ဆိုစကားရှိပေရာ အသုံးမဝင်သောသစ်ပင်ဟူ၍တစ်ပင်မျှမရှိကြောင်း သမားတော် အဆက် ဆက်မှတ်တမ်း ပြုထားသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့၏ ညှိနှိုင်းစီစဉ်မှုဖြင့် ၂၀၂၂ ခုနှစ် ဇူလိုင် ၁၀ ရက်က ပြည်ထောင်စုနယ်မြေနေပြည်တော်နှင့်ရှမ်းပြည်နယ်တို့အတွင်း သစ်တောပြုန်းတီးနေရာငါးနေရာတို့တွင် ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများ ကြဲချခြင်းပြုလုပ်ခဲ့သည်။ နေပြည်တော် ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် ဆင်သေချောင်း ရေဝေရေလဲ ဧရိယာအတွင်း အထက်ဆင်သေကြိုးဝိုင်းရှိ နေရာသုံးနေရာ ဧရိယာ ၈၈ ဒသမ ၉၆ ဧကတွင် ဒေသနှင့်ကိုက်ညီသော  မြန်မာကုက္ကို၊ သင်္ဘောကုက္ကို၊ စစ်၊ မဲဇလီ၊ ဘောစကိုင်း၊ ဘုံမဲဇာ၊ မန်ဂျန်ရှားနှင့် ရေသကျည်းသစ်စေ့များပါဝင်သော သစ်စေ့မြေလုံး တစ်သိန်းကြဲချခဲ့သည်။

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးကန်ရေဝေရေလဲ ဧရိယာအတွင်း အင်းလေး အရှေ့ကြိုးဝိုင်းနှင့် အင်းလေးအနောက် ကြိုးပြင်ကာကွယ်တောတွင်လည်း ဒေသနှင့်ကိုက်ညီသည့် မဲဇလီ၊ ကုလားကုက္ကို၊ ယင်းမာ၊ပျဉ်းမ၊ ရေသကျည်း၊ ဘောစကိုင်း သစ်စေ့မြေလုံး နှစ်သိန်းကြဲချခဲ့သည်။ အလားတူ ၂၀၂၁ ခုနှစ် မိုးရာသီတွင်လည်း တပ်မတော်(လေ)၏ ရဟတ်ယာဉ်အကူအညီရယူ၍ သစ်စေ့မြေလုံးကြဲခြင်းကို ရှမ်းပြည်နယ် အင်းလေးကန်ရေဝေရေလဲဧရိယာနှင့် နေပြည်တော် ဥတ္တရခရိုင် တပ်ကုန်းမြို့နယ်ရှိ ဆင်သေချောင်း ရေဝေရေလဲဧရိယာတို့တွင် ဆောင်ရွက်ခဲ့သည်။ မိုးရာသီသို့ရောက်လာသည်နှင့် မြန်မာနိုင်ငံနေရာအနှံ့တွင် သစ်ပင်များ စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်သစ်ပင်စိုက်ပျိုးခြင်းကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းမှသည် အဖွဲ့အစည်း အလိုက်၊ ဝန်ကြီးဌာနများအလိုက် စိုက်ပျိုးကြသည်မှာ ပျော်စရာကောင်း၍ ကုသိုလ်လည်းတိုးပွားသည်။

ရှေးကမြန်မာလူမျိုးကြီးများ အဆက်ဆက်သည် ထိုထာဝရကုသိုလ်များ ပြုခဲ့ကြသည်။ ယနေ့ခေတ်မြန်မာများသည်လည်း ထိုကုသိုလ်ကို ဆက်လက်ဆောင်ရွက်ကြသည်။ ထိုသို့ဆောင်ရွက်ခြင်းသည် နောင်မျိုးဆက်သစ် အဆက်ဆက်တို့အတွက် အစဉ်အလာ ကောင်းသော အမွေအနှစ်ဖြစ်သည်။ မိုးဖြိုင်ဖြိုင်ရွာသွန်းသည်နှင့်မြေဆီစိုခိုက်သစ်ပင်စိုက်ရန်ဆောင်ရွက်နေကြသည်။ ထာဝရ ကုသိုလ်အတွက် မိမိတို့နေထိုင်ရာပတ်ဝန်းကျင်တွင် သစ်ပင်များစိုက်ရသည်မှာ ပျော်ရွှင်ဖွယ်ဖြစ်သည်။ နှစ်စဉ်သစ်ပင်စိုက် နေသကဲ့သို့ စိုက်သော အပင်များသည်လည်း ရှင်သန်အောင်ပြုစုကြရမည်ဖြစ်သည်။ ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင် ထိန်းသိမ်းဟူသော ဆောင်ပုဒ်များနှင့်အညီ ရှင်သန်ရေးသည်လည်း အဓိကဖြစ်သည်။

ထိုသို့သစ်ပင်စိုက်ပျိုးခြင်းဖြင့် သစ်ပင်သစ်တော ထူထပ်သောနေရာဒေသများသည် ရာသီဥတုကောင်းမွန်လာပြီဖြစ်သည်။ လက်တွေ့ အမြင်သာဆုံး ဖြစ်ရပ်မှန်ကိုဖော်ပြရလျှင် လက်ရှိနေပြည်တော် တည်ရာဒေသသည်ယခင်က မိုးနည်းရပ်ဝန်းဖြစ်ခဲ့သည်။ မိုးရေချိန် ရရှိမှု လျော့နည်းခဲ့သည်။ ယခုအခါ နေပြည်တော်တစ်ဝိုက်တွင် သစ်ပင်ထူထပ်စွာ စိုက်ပျိုးနိုင်ခဲ့ခြင်းကြောင့် မိုးရွာသွန်းမှုများပြား လာနေပြီဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း မိုးတွင်းကာလတွင် သစ်ပင်များ စိုက်ပျိုးခဲ့ကြပြီး စိုက်ပျိုးပြီးအပင်များ ရှင်သန်အောင်လည်း ပြုစုစောင့်ရှောက်လျက်ရှိသည်။ အနှစ်ချုပ်ဆိုရသော် သစ်ပင်စိုက်ပျိုးခြင်းဖြင့် လူ့လောကကောင်းကျိုးကို သယ်ပိုးခြင်းမှာ လွန်စွာ မွန်မြတ်လှပါကြောင်း ရေးသားလိုက်ရပေသည်။   ။