မိတ်ဟောင်းဆွေဟောင်း ရှာဖွေပေါင်း

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၂ ရက်)

မိတ်ဟောင်းဆွေဟောင်း ရှာဖွေပေါင်း

မိတ်ဆွေကောင်း၊ မိတ်ဆွေစစ်သည် မိမိ၏အကျိုးကို သယ်ပိုးဆောင်ရွက်သည်။ အဆင့်အတန်း အသက်အရွယ်များ ပြောင်းလဲသော် လည်း စိတ်ထားမပြောင်းလဲသူများဖြစ်သည်။ အနေနီးသည်ဖြစ်စေ၊ အနေဝေးသည်ဖြစ်စေ စိတ်ချင်းအမြဲတမ်းနီးကပ်ကာ အချင်းချင်း အပြန်အလှန် ကူညီတတ်သူသည် မိတ်ဆွေကောင်းဖြစ်သည်။ မန်လည်ဆရာတော်ကြီးက “အဝတ်ပုဆိုး၊ တန်ဆာမျိုးကား၊ တိုး၍ တိုး၍၊ တစ်နေ့တစ်ခါ၊ လဲပါတုံရှောင်း၊ သစ်တိုင်းကောင်း၏။ အပေါင်းအဖော်၊ ဟုတုံသော်မူ၊ ငယ်ဖော်ငယ်ပေါင်း၊ ဟောင်းတိုင်း ကောင်း၏” ဟူ၍ဖွဲ့ဆိုထားသည်။ အဝတ်အစားတို့မှာ သစ်တိုင်းကောင်းလှသော်လည်း မိတ်ဆွေဟောင်းတို့မှာမူကား မိတ်ဟောင်း ဆွေဟောင်းသည်သာ အကောင်းဆုံးဟု ဆိုလိုရင်းဖြစ်သည်။ မိတ်ဆွေဟောင်းတို့သည် တစ်ဦးအကြောင်းကိုတစ်ဦးက ရင်းရင်းနှီးနှီး သိပြီးသူများဖြစ်၍ ဟောင်းတိုင်းကောင်းလှပေသည်။

မိတ်ဆွေဖြစ်လွယ်သော ယနေ့ကာလတွင် ဟောင်းတိုင်းလည်းစိတ်ချရသည်မဟုတ်သလို သစ်တိုင်းလည်း အဆင်မပြေသည်ဟု မဆိုသာချေ။ စိတ်ဓာတ်အခြေအနေနှင့် လူကဲခတ်မှန်ကန်ဖို့သာ လိုအပ်သည်။ စိန်ကဲကျောက်ကဲထက် လူကဲခတ်ရန် ခက်ခဲသည်ဟု ဆိုပါသည်။ စိတ်ထားမှန်ကန်သော မိတ်ဆွေနှင့် တွေ့ကြုံရန်လိုပေသည်။ လိုအပ်သောအခါ ကူညီသူသည် မိတ်ဆွေစစ်ဖြစ်ပြီး အခက်အခဲအကျပ်အတည်း ဖြစ်နေချိန်တွင်ရှောင်လွှဲမသွား၊ အကြောင်းတစ်စုံတစ်ရာမပြ လက်တွဲကူညီဖြေရှင်းပေးသည်။ သာမန် ထက် အရေးကြီးသည့်အချိန်တွင် မိတ်ဆွေစစ်နှင့်မိတ်ဆွေတုကို ခွဲခြားနိုင်လေသည်။ တစ်ခါတစ်ရံကြုံရတတ်သည်မှာ မမျှော်လင့် သောမိတ်ဆွေက မိမိအပေါ်ကောင်းတတ်ပြီး မျှော်လင့်ထားသောမိတ်ဆွေက ပျက်ယွင်းတတ်ခြင်းမျိုး တွေ့ကြုံနိုင်သည်။

မိတ်ဆွေနှင့် ပတ်သက်သည့် အဆုံးအမများ၊ အဆိုအမိန့်များ များပြားပါသည်။ အထူးသဖြင့် ဟန်ဆောင်သော မိတ်ဆွေသည် ရန်သူထက် ဆိုးရွားကြောင်း သိမြင်ဖို့ဖြစ်လေသည်။ အနီးကပ်ရန်သူလည်း ဖြစ်နိုင်သည်။ စိတ်ပေါင်းကိုယ်ခွာ၊ ကိုယ်ပေါင်းစိတ်ခွာ စကားရပ်လည်းရှိသည်။ စကားရပ်တစ်ခုတွင် သင့်မှာမိတ်ဆွေတစ်ရာရှိသည်ဟု ပြောသည်ဆိုပါက နည်းသေးသည်။ ရန်သူတစ် ယောက်ရှိပါမူ များလွန်းသည်ဟုဆိုပေသည်။ ရန်သူမရှိဘဲ မိတ်ဆွေချည်းသာရှိနေမည်ဆိုလျှင် လောကသည် သာယာနေပါလိမ့်မည်။ လောကဇာတ်ခုံတွင် အရေးကြုံက အားထားရသည့် မိတ်ကောင်းဆွေမွန်များကား ရှားပါးလှသည်။ ကိုယ်နှင့်ထပ်တူမျှဝေ ခံစား အသိအမှတ်ပြုဖို့လိုပေသည်။ သတိထားမိသမျှတင်ပြရလျှင် လောက၌ လောဘ ဒေါသ အတ္တ မာနကြီးသူတို့သည် မိတ်ဆွေ နည်းပါးတတ်သည်မှာ လုပ်ငန်းခွင်၌ သိသာထင်ရှားသည်။

မြန်မာမှုတွင် ဗလငါးတန်ပြည့်ဝအောင် ကြိုးစားဖို့ တိုက်တွန်းထားသည်များရှိသည်။ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ ဘောဂဗလ၊ မိတ္တဗလဟူ၍ဖြစ်ပေရာ မိတ္တဗလသည်လည်း တစ်ခုပါဝင်သည်။ မိတ္တဗလသည် လူမှုစီးပွားဆက်ဆံရေးတွင် အရေးပါ လှသည်။ ကမ္ဘာကျော်စာရေးဆရာ ဒေးလ်ကာနက်ဂျီက မိတ္တဗလဋီကာဟူသော စာအုပ်တစ်အုပ်ရေးခဲ့သည်။ ထိုစာအုပ်တွင် မိတ်ဆွေ တိုးပွားဖို့၊ ပေါင်းသင်းတတ်ဖို့ ကြီးပွားတိုးတက်ရေး အကြောင်းများကို စေ့စေ့စပ်စပ်တင်ပြထားသည်။ အဓိကအားဖြင့် လူမှု ဆက်ဆံရေး နယ်ပယ်အတွက် ရေးသားထားခြင်းဖြစ်သော်လည်း မိတ်ဆွေကောင်းဖြစ်ဖို့ဆိုသည်မှာ မိမိကလည်းသူတစ်ပါးအပေါ် မိတ်ဆွေကောင်းပီသရန် လိုအပ်လှပေသည်။

လောကကြီးတွင် နေထိုင်ခွင့်ရသူတိုင်း တိုးတက်ကြီးပွားလိုကြသူများသာ ဖြစ်သည်။ တိုးတက်ကြီးပွားကြောင်း သမ္ပဒါတရား လေးပါးရှိလေသည်။ ယင်းတို့မှာ ဥဋ္ဌာန သမ္ပဒါ-ထကြွလုံ့လဝီရိယနှင့်ပြည့်စုံမှု၊ အာရက္ခသမ္ပဒါ-စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု၊ ကလျာဏ မိတ္တသမ္ပဒါ-မိတ်ဆွေကောင်းရှိမှု၊ သမဇီဝိတာ-မျှတစွာ အသက်မွေးမှုဟူ၍ဖြစ်သည်။ မိတ်ဆွေကောင်းရှိမှုသည် ကြီးပွား ကြောင်း တရားတစ်ပါးဖြစ်သည်။ သိင်္ဂါလောဝါဒသုတ်တွင်မိတ်ဆွေကျင့်ဝတ်(၅)ပါးကို “ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ဝတ်ငါးထွေ၊ ကျင့်လေမိတ်သဟာ” ဟူ၍ဖော်ပြထားလေသည်။ မိတ်ဆွေကောင်းများ ဝန်းရံစေမှုဖြင့် မျှတသော အသက်မွေးမှု၊ စီးပွားဥစ္စာဖြစ်ထွန်းမှုတို့ကို ဖြစ်စေသည်။

ယနေ့အချိန်ကာလတွင် လမ်းမှားသို့ရောက်သွားကြသော လူငယ်မောင်မယ်များ၊ အချို့သောဝန်ထမ်းများမှာ ၎င်းတို့တွင် စစ်မှန်သော မိတ်ဆွေကောင်းမရှိသောကြောင့်သာ လမ်းမှားကို ရောက်သွားကြခြင်းဖြစ်သည်။ မိတ်ဆွေအစစ်အမှန်ရှိခဲ့လျှင် ယင်းတို့အား အမုန်းခံ၊ အငြိုငြင်ခံကာ ထိုလမ်းမှားသို့မရောက်အောင် တားဆီးကြမည်မှာ အမှန်ပင်ဖြစ်သည်။ မြတ်စွာဘုရားဟောကြားတော်မူထားသော မင်္ဂလသုတ်တရားတော်တွင် အခြေခံလောကီကြီးပွားရေးမင်္ဂလာ ၂၁ ပါး၊ အဆင့်မြင့် လောကီကြီးပွားရေး မင်္ဂလာကိုးပါးနှင့် အမြတ်ဆုံး လောကုတ္တရာချမ်းသာရေး မင်္ဂလာရှစ်ပါး ဟူ၍ရှိသည်။

ပထမဆုံးသောမင်္ဂလာကို “လူမိုက်ဆိုလျှင်၊ ရှောင်သွေလွဲလို့၊ မမှီဝဲနှင့်ကင်းအောင်နေ၊ ပညာရှိကိုအရှည်တွဲလို့၊ မှီဝဲဆည်းကပ် နည်းယူစေ” ဟူ၍ဟောကြားထားပေရာ လူမိုက်ဆိုသည် မိမိအတွက်မကောင်းသော မိတ်ဆွေဖြစ်သည်။ ပညာရှိဆိုသည်မှာ မိမိအတွက် ကောင်းမွန်သော မိတ်ဆွေဖြစ်ကြောင်း မှတ်ယူနိုင်သည်။ အနှစ်ချုပ်ဆိုရသော် လူတိုင်းသည် မိမိဘဝကို တိုးတက်ကြီးပွား လိုပါက မိတ်ဆွေကောင်းကို ရှာဖွေပေါင်းသင်းကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။