၀င်ငွေထွက်ငွေမျှတရေး

တပ်မတော်သားတိုင်း လိုက်နာကျင့်ကြံရသည့် စစ်သည်တော်ကျင့်ဝတ်ခြောက်ဆယ်တွင် ခြိုးခြံချွေတာရေးနှင့် တိုက်ရိုက်သက်ဆိုင်သော ကျင့်ဝတ်တစ်ပါး ရှိလေသည်။ ၎င်းမှာ ရိုးရိုးပဲနေထိုင်စားသောက်ပါ။ ကိုယ့်ဝင်ငွေနှင့် ထွက်ငွေညီပါစေ ဟူ၍ဖြစ်သည်။ မိမိရရှိသောငွေနှင့် ထွက်ငွေသည်မျှတနေလျှင် စိတ်ချမ်းသာဖွယ်ဖြစ်သည်။

ထို့ထက် ပို၍ဝင်ငွေကများပြီး ထွက်ငွေကအနည်းဆုံးဆိုလျှင်ကား ပျော်စရာအကောင်းဆုံးပေတည်း။ ချွေတာခြင်းနှင့် ဆက်နွှယ်သောကျင့်ဝတ်များ ရှိသေးသည်။ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အရက်သေစာ သောက်စားခြင်းနှင့် လောင်းကစားခြင်းရှောင်ပါနှင့်  တံစိုးလက်ဆောင်ကို မစင်ကဲ့သို့ ရွံရှာ စက်ဆုပ်ပါ ဟူသောကျင့်ဝတ်များဖြစ်သည်။

စည်းကမ်းရှိမှ တိုးတက်မည်ဟူသော စကားရပ်သည် လူသားတို့အတွက် မှတ်သားဖွယ်လမ်းညွှန်တစ်ခုဖြစ်သည်။ လူတစ်ဦးချင်းစီ၏တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းသည် စည်းကမ်းရှိခြင်း၊ မရှိခြင်းအပေါ်တွင် မူတည်သည်။ တပ်မတော်၏ အသက်သည်စည်းကမ်း ဖြစ်သည်။ စည်းကမ်းကို လူ၏ကျောရိုးသဖွယ် ခိုင်ခိုင်မာမာ တည်ဆောက်ထားသည်။ အရက်သေစာဆိုသည်မှာလည်း ကျန်းမာရေးအရ သင့်တင့်မျှတရုံသာ သုံးဆောင်သင့်ကြသည်။ တန်ဆေးလွန်ဘေးဆိုစကားတွင် အရက်လည်းပါဝင်သည်။ လောင်းကစားခြင်း မှာမူကား လူတို့၏အကျင့်စာရိတ္တကို ထိပါးစေပြီး ငွေကုန်ကြေးကျများလှ၍ ရှောင်ကြဉ်ကြရမည်မှာ မလွဲမသွေကိစ္စ ဖြစ်သည်။ ထိုသို့ရှောင်ကြဉ်လိုက်ခြင်းသည် ချွေတာစုဆောင်းလိုက်ခြင်းဖြစ်သည်။ ငွေကြေးကို စုဆောင်းလိုက်ခြင်းဖြစ်သကဲ့သို့ ကျန်းမာခြင်း ပျော်ရွှင်ခြင်းတို့ကို စုဆောင်းသကဲ့သို့ ဖြစ်ပေသည်။

တိုင်းပြည်တစ်ပြည်၏တိုးတက်ကြီးပွားခြင်းသည် လူတစ်ယောက်စီ၏ကြွယ်ဝခြင်းမှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။ လူတစ်ယောက်စီ တစ်ယောက်စီစုဆောင်းခြင်းသည် တိုင်းပြည်၏ကြွယ်ဝခြင်းကိုဖြစ်စေသည်။ ချွေတာစုဆောင်းသူဌေးလောင်းဟု ဆိုရိုးရှိသည်။ လူသည်အစုအဝေးနှင့်နေသောသတ္တဝါဖြစ်လေရာ တစ်ဦးတစ်ယောက်၏ ပြုမူခြင်းသည် အစုအဝေးတစ်ခုလုံး၏ အခြေအနေကို တိုးတက်စေသည်။ သို့တည်းမဟုတ် ဆုတ်ယုတ်စေနိုင်သည်။ ချွေချွေတာတာစနစ်တကျလုပ်ကိုင်ဆောင်ရွက်ခြင်းသည် ကောင်းကျိုးကိုသာ ဖြစ်စေသည်။

သို့ဖြစ်လေရာ မချွေတာဘဲ သုံးစွဲဖြုန်းတီးသူဟူ သမျှသည်လည်း တိုင်းပြည်ဆင်းရဲခြင်းကို ဖန်တီးသူဖြစ်သည်။

ချွေတာသုံးစွဲသူမှန်က တိုင်းပြည်၏အကျိုးဆောင်သူဖြစ်လေသည်။ ဖြုန်းတီးသူမှန်က တိုင်းပြည်၏ရန်သူဟု မှတ်ရမည်ဟူ၍ ရှေးလူကြီးများက မှာကြားခဲ့ကြသည်။ ချွေတာခြင်းသည် လူတို့၏သဏ္ဌာန်၌ မွေးရာပါသဘော

တရားမဟုတ်။ ချွေတာခြင်းသည် အသိအလိမ္မာပညာဉာဏ်အမြော်အမြင်မှ ထွက်ပေါ်လေသည်။ လူများသည် စဉ်းစားဆင်ခြင်ဉာဏ်ပွင့်လင်း၍ လာသောအခါကျမှ ချွေတာဖို့ကိုသိကြ၏။  လူအများတွင် ဖြစ်လေ့ရှိသော စိတ်ထားမှာ အသုံးအဖြုန်းနှင့်အပျော်အပါးတွင်စိတ်အားထက်သန်သည်။ ထို့ကြောင့် သုံးဖြုန်းခြင်းသည် မူရင်းစိတ်ဖြစ်သည်။ ထို့နောက်မှ ချွေတာဖို့ကိုသိကြလေသည်။

လူတိုင်းအတွက်ချွေတာခြင်းသည် အရာရာ၌ စည်းစနစ်ထားခြင်းပင် ဖြစ်လေရာ ချွေတာခြင်းကို လေ့ကျင့်သူမှန်က အရာရာ၌ စည်းကမ်းစနစ်ကျနသူအဖြစ်သို့ရောက်ရှိမည်ဖြစ်သည်။    ထိုအလေ့အကျင့်မှာ စိတ်နှင့်ကိုယ်ကို အရာရာ၌ထိန်းသိမ်း စောင့်ရှောက်ခြင်းဖြစ်သဖြင့် အထူးအဖိုးထိုက်တန် လေသည်။

ချွေတာခြင်းသည် ငွေးကြေးတစ်ခုတည်းနှင့်သာ ပတ်သက်သည်မဟုတ်ပါ။ အချိန်နှင့်လည်းပတ်သက်ပါသည်။ ငွေကိုချွေတာသလို အချိန်ကိုလည်းချွေတာရပေမည်။ ချွေတာခြင်းကိုမဖြစ်နိုင်ဟုပြောသူရှိမည်မဟုတ်ပါ။ ချွေတာခြင်းဖြင့် ကြီးပွားချမ်းသာ၍ တိုးတက်သွားသူတွေ များစွာရှိကြလေရာ သူသူငါငါလေ့ကျင့်နိုင်သော အရာကို အဘယ်အတွက်ကြောင့် လေ့ကျင့်ခြင်းမပြုဘဲ နေနိုင်ပါမည်နည်းဟု မိမိကိုယ်မိမိပြန်လည်မေးမြန်းဖို့သာရှိလေသည်။

ငွေကြေးချွေတာသည့်အခါ ဝင်ငွေနှင့်ထွက်ငွေညီမျှကာ စိတ်ချမ်းသာရသည်။ ထို့အတူ အချိန်ကိုချွေတာ မည်ဆိုပါက  ကျန်းမာရေးနှင့်ညီညွတ်မည်။ အချိန်ကိုချွေတာခြင်း ဆိုသည်မှာ လူငယ်မောင်မယ်တို့သည် အချိန်ကို ဖြုန်းတီးကာ ဂိမ်းကစားနေကြမည့်အစား မိမိအတွက် အကျိုးရှိသောစာပေ သို့တည်းမဟုတ် အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုခုကို သင်ယူလိုက်ခြင်း ဖြစ်သည်။ ယနေ့ကာလသည် ခေတ်မီနည်းပညာများ တိုးတက်လာသည်နှင့်အတူ လူမှုကွန်ရက်သုံးစွဲသူ အရေအတွက်မှာလည်း လွန်စွာများပြား လာသည်။ ထိုလူမှုကွန်ရက်တွင် အကျိုးရှိသောစာများ၊ အတတ်ပညာများ လေ့လာမှတ်သား လေ့ကျင့်မည် ဆိုပါက လူတိုင်းအတွက် အကျိုးဖြစ်ထွန်းစေသော်လည်း အခြားသောအကျိုးမရှိသည့် သတင်းတု၊ သတင်းမှားများကိုဖတ်နေခြင်းမျိုးမှာ ငွေကုန်အချိန်ကုန်လူပင်ပန်းရုံသာဖြစ်စေသည်။

မိမိအတွက် အကျိုးမရှိသောအပိုအလုပ်ကို အချိန်ပေးပြီးလုပ်ဆောင်နေခြင်းသည် အချိန်ကိုမချွေတာဘဲ ဖြုန်းတီး ပစ်သည်နှင့်တူသည်။ လူတိုင်းသည် ချွေတာခြင်း အလေ့အထကို အမှန်တကယ်လိုက်နာ ကျင့်သုံးကြည့်ကြမည်ဆိုပါက ထွက်ငွေလမ်းကြောင်းကို ပိတ်လိုက်သည်နှင့် တူပေလိမ့်မည်။ အနှစ်ချုပ်ဆိုရလျှင် လူတိုင်းအတွက် ချွေတာခြင်းသည်  အကောင်းဆုံးသော ကောင်းကျိုးကို ဖြစ်ထွန်းစေမည်သာ ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။  ။