ဘေးအထွေထွေ ကင်းစေဖို့

ဘေးအထွေထွေ ကင်းစေဖို့

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၄ ရက်)

မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ သဘာဝဘေးအန္တရာယ် ကျရောက်သည်နှင့် တပ်မတော်သားတို့ အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ကြသည်။ ရေဘေးသင့်သည်ဖြစ်စေ၊  မီးလောင်လျှင်ဖြစ်စေ အခြားသော အန္တရာယ်တစ်ခုခုနှင့်ဖြစ်စေ တပ်မတော်သားတို့က ကူညီကယ်ဆယ်ရေး၊ နေရာရွှေ့ပြောင်းပေးရေး၊ ကျန်းမာရေး စောင့်ရှောက်မှုပေးရေး လုပ်ငန်းများကို တက်ညီလက်ညီ လုပ်ကိုင်ကြသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါလှိုင်းများ ပြင်းထန်နေစဉ်တွင် တပ်မတော်၏ ပါဝင်ကူညီ စောင့်ရှောက်မှုများကြောင့် ကူးစက်မှုများ လျော့နည်း ကျဆင်းခဲ့သည်။ အိမ်နီးချင်းနိုင်ငံများတွင် မိုးရွာသွန်းမှု များပြားခြင်းကြောင့် ရေကြီးရေလျှံဖြစ်သည်ဟု သတင်းကြားသည်နှင့် တပ်မတော်သားတို့သည် ပြည်သူများအတွက် အသင့်အနေအထားတွင် ရှိနေပြီဖြစ်သည်။

ကမ္ဘာကြီးတွင် ဘေးအမျိုးမျိုးရန် အသွယ်သွယ် ကျရောက်နေလျက်ရှိရာ လူသားတို့အနေဖြင့် အစစအရာရာတွင် ကြိုတင်ပြင်ဆင်နိုင်မှ သင့်လျော်ပေလိမ့်မည်။ ကပ်ရောဂါဘေးကြောင့် စိတ်ညစ်နေကြစဉ် ဇူလိုင် ၂၀ ရက် သတင်းများအရ ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဒေသများတွင် အပူချိန် ၄၁ ဒသမ ၆ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိနေကြောင်း၊ ၁၉၄၇ ခုနှစ်နောက်ပိုင်း (၄၅)ကြိမ်မြောက် အပူလှိုင်း ဝင်ရောက်ခြင်းဖြစ်ကြောင်း၊ ဇူလိုင် ၁၂ ရက်မှစတင်ကာ လောင်ကျွမ်းခဲ့သော တောမီးများကြောင့် မြေဟက်တာ ၁၄၀၀၀ ပျက်စီးခဲ့ကြောင်း သတင်းများ ကြားသိရသည်။ စပိန်နိုင်ငံနေရာ အချို့တွင် အပူချိန် ၄၅ ဒီဂရီဆဲလ်စီးယက်ထိ ရောက်ရှိလာပြီး ဇူလိုင် ၁၀ ရက်မှ ၁၆ ရက်အတွင်း အပူလှိုင်း ဖြတ်သန်းမှုကြောင့် သေဆုံးသူ ၅၁၀ ဦးရှိလာကြောင်း၊ ယခုနှစ်တွင် ဒုတိယအကြိမ်မြောက် အပြင်းထန်ဆုံး အပူလှိုင်းဖြတ်မှုဖြစ်ကြောင်း၊ ပထမအကြိမ် အပူလှိုင်းဖြတ်မှုမှာ ဇွန် ၁၁ ရက်မှ ၁၇ ရက်ထိဖြစ်ပြီး နိုင်ငံတစ်ဝန်း သေဆုံးသူ ၈၂၉ ဦးအထိရှိခဲ့ကြောင်း သိရှိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဥရောပဒေသ ရုံးအဖွဲ့ကလည်း ဆောင်းရာသီတွင် ဥရောပဒေသ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မြင့်တက်လာနိုင်ကြောင်း သတိပေးထားသည်။ လက်ရှိအချိန်တွင် BA-4 နှင့် BA-5 အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်ကူးစက်မှုများ များပြားနေသည့်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်း၊  နှာခေါင်းစည်း ဝတ်ဆင်ခြင်းနှင့်  ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး စည်းမျဉ်းများကို လိုက်နာရန် ထပ်မံတိုက်တွန်း ထားကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့်မူ အိမ်နီးချင်းနိုင်ငံများတွင် သဘာဝ ဘေးအန္တရာယ်ကြုံတိုင်း သတိထားရမည့် အချိန်အခါဖြစ်သည်။ ကပ်ရောဂါဖြစ်သော ကိုဗစ်-၁၉ အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်များ ကူးစက်မှုများကိုလည်း သတိပြု ကာကွယ်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် တောင်ကုန်းတောင်တန်းများ၊ ကမ်းရိုးတန်းဒေသများ၊ မြစ်ချောင်းများ၊ လျှိုမြောင်များ ပေါများသည့်အတွက် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့် ပထဝီ အနေအထားတွင်ရှိနေသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်နီးပါး ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလများ အတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိသည်။ ထိုသို့ဖြစ်ပေါ်တိုင်း ဒေသခံပြည်သူတို့ ဘေးဒုက္ခနှင့် ရင်ဆိုင်ကြရသည့်အပြင် စိုက်ပျိုးသီးနှံခင်းများ ပျက်စီးခြင်း၊ လမ်းတံတားနှင့် နေအိမ်များ ပျက်စီးခြင်းတို့ ကြုံတွေ့ကြရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော်တို့ အတူတကွ လက်တွဲဆောင်ရွက်မှုရှိလာသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့်လည်း သဘာဝဘေးအန္တရာယ် ကျရောက်လျှင် ကူညီကယ်ဆယ်ရေး၊ ထောက်ပံ့ရေးများ အလျင်အမြန် ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ထားသည်။ ကြိုတင်ပြင်ဆင် ကာကွယ်မှုပြုထားခြင်းသည် ဆုံးရှုံးမှုနည်းပါးစေနိုင်သည်။ ပြည်သူများ အနေဖြင့်လည်း မိသားစုအချင်းချင်း၊ အိမ်နီးချင်းများနှင့် ဆက်သွယ်နိုင်မည့် ဖုန်းများ၊ မိသားစုအရေးပေါ် ပြောင်းရွှေ့နိုင်ရန် လမ်းကြောင်းများနှင့် ဆုံရပ်များကို ကြိုတင်ညှိနှိုင်း ထားရမည်။ ရေစိုပျက်စီးနိုင်သော အရေးကြီးပစ္စည်းများ၊ စာရွက်စာတမ်းများကိုလည်း မပျက်စီးစေရန် ပြင်ဆင်ထားရမည်။ ရေပေါ်တွင် ပေါ်နိုင်သည့် အသက်ကယ်ပစ္စည်းများ၊ ဆေးဝါးများကို ကြိုတင် စုဆောင်းထားရမည်။

မြန်မာနိုင်ငံတွင် ဥတုသုံးပါး သတ်မှတ်ထားရှိရာ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ အထိသည် မိုးဥတုဖြစ်သည်။ မိုးဥတုတွင် မိုးနှင့်ပတ်သက်သော အန္တရာယ်ကို ကြုံတွေ့လေ့ရှိသဖြင့် ရေဘေးကြုံတွေ့ရသော ဒေသများတွင် နေထိုင်ကြသောပြည်သူများ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် မိုးလေဝသ သတင်းများကို စဉ်ဆက်မပြတ် နားထောင်ကြရန် မဖြစ်မနေ လိုအပ်သည်။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်တတ်သော မုန်တိုင်းများ၊ အိမ်နီးချင်းနိုင်ငံ အချို့တွင်ဖြစ်ပေါ်တတ်သော ရေကြီးရေလျှံမှု သတင်းများကို ကြိုတင်သိရှိအောင် ကြိုးစားကြရမည်ဖြစ်သည်။ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်မှုများ ရှိရသလို ကိုဗစ်-၁၉ ကပ်ရောဂါ အိုမီခရွန်ဗီဇပြောင်း BA-4 နှင့် BA-5 တို့ကူးစက်မှုမှ ကင်းဝေးစေရန် ရောဂါကာကွယ်ရေး စည်းမျဉ်းများအတိုင်း လိုက်နာ လုပ်ဆောင်ကြရန်ဖြစ်သည်။ သို့မှသာ ဘေးအထွေထွေ ကင်းစေမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။