ထူးချွန်သူတို့အတွက် လေ့လာရေးခရီး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၅ ရက်)

ထူးချွန်သူတို့အတွက် လေ့လာရေးခရီး

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် တပ်မတော်အနေဖြင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍမြှင့်တင်ရေးတွင် တစ်ဖက်တစ်လမ်းမှအထောက် အကူပြုနိုင်ရန် တပ်မတော်သားများနှင့် တပ်မတော် သား မိသားစုဝင်များ ပညာရည်မြှင့်တင်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ မျိုးဆက်သစ် ထူးချွန်လူငယ် မောင်မယ်များ ကို နိုင်ငံတကာ ဗဟုသုတတိုးပွားစေရန်၊ နိုင်ငံတကာယဉ်ကျေးမှုနှင့် အသိပညာများ လေ့လာသိရှိနိုင်စေရန်အတွက် နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့် ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သို့ လေ့လာရေးခရီးများ သွားရောက်စေခဲ့သည်။

တပ်မတော်သား မိသားစုဝင်သားသမီးများ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများမှ ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ ၃၀ ဦး၊ အမှတ်အများဆုံးရရှိသော စစ်သည်သုံးဦး၊ အောင်ချက် အကောင်းဆုံးဆုရ ကျောင်းအုပ်နှစ်ဦး၊ အုပ်ချုပ်မှုအဖွဲ့ဝင်သုံးဦး စုစုပေါင်း ၃၈ ဦးပါဝင်သောလေ့လာရေးအဖွဲ့သည် ဇူလိုင် ၁၅ ရက်မှ ၁၆ ရက်ထိ စင်ကာပူနိုင်ငံတွင်လည်းကောင်း၊ ဇူလိုင် ၁၇ ရက်မှ ၁၉ ရက်ထိ ထိုင်းနိုင်ငံတွင်လည်းကောင်း လေ့လာ ရေးခရီးသွားရောက်ခဲ့ကြပြီး ဇူလိုင် ၁၉ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့သည်။

အလားတူ တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာတွဲအသီးသီးတွင် အမှတ်အများဆုံးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ထူးချွန် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ရှင်သန်ထက်မြက်စေရေး၊ ပြည်တွင်းပြည်ပ နိုင်ငံအတွေ့အကြုံကောင်းများ ရရှိရေးတို့အတွက် ဇွန် ၂၇ ရက်မှ ဇူလိုင် ၁ ရက်အထိ နေပြည်တော်ကောင်စီနယ်မြေ၏ ဖွံ့ဖြိုးတိုးတက်မှုများကိုသိရှိနိုင်ရန် လေ့လာရေးခရီးများ စီစဉ်ပေးခဲ့သည်။

 ပြည်ပလေ့လာရေးခရီးစဉ်များအဖြစ်၂၀၂၂ ခုနှစ် ဇူလိုင် ၄ ရက်နံနက်တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၃၃ ဦးသည် ကြီးကြပ်သူဆရာ၊ ဆရာမများ၊ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြသည်။ ထိုင်းနိုင်ငံတွင်ဇူလိုင် ၄ ရက် မှ ၆ ရက်အထိ လေ့လာရေးခရီးသွားခဲ့ပြီး ထိုမှတစ်ဆင့် စင်ကာပူနိုင်ငံသို့ ဆက်လက်ထွက်ခွာခဲ့ကြသည်။ စင်ကာပူနိုင်ငံတွင် ဇူလိုင် ၆ ရက်မှ ၈ ရက်အထိလေ့လာရေးခရီးသွားရောက်ခဲ့ကြပြီး ဇူလိုင် ၉ ရက် ည ၁၀ နာရီတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန် ၁၇ ရက်ကထုတ်ပြန်ကြေညာခဲ့ရာ မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်မှုရာခိုင်နှုန်းမှာ ၄၆ ဒသမ ၈၈ ရာခိုင်နှုန်း ရှိခဲ့သည်။ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက် ဖြေဆိုသူပေါင်း ၂၈၁၇၅၁ ဦးရှိပြီး စာမေးပွဲအောင်မြင်သူပေါင်းမှာ ၁၃၂၀၇၇ ဦးရှိသည်။ မြန်မာတစ်နိုင်ငံလုံး တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်မှုရာခိုင်နှုန်းမှာ ၄၆ ဒသမ ၈၈ ဖြစ်ပေရာ ယခင်နှစ်များထက် အောင်ချက်ရာခိုင်နှုန်း ကောင်းလှသည်။   ထိုစာမေးပွဲ တွင် ဝိဇ္ဇာဘာသာတွဲ၊ သိပ္ပံဘာသာတွဲနှင့် ဝိပ္ပံဘာသာတွဲတို့တွင် တစ်နိုင်ငံလုံးထူးချွန်စွာ အောင်မြင်သူ ၃၃ ဦးရှိခဲ့သည်။

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးသည် နိုင်ငံတော်အတွက် အဓိကလိုအပ်ချက်တစ်ခုဖြစ်သည်။  ထိုလိုအပ်ချက်ကိုဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သူများမှာလည်း ကျောင်းသား၊ ကျောင်းသူများက အဓိကအခြေခံဖြစ်သည်။ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေကြပြီး ပညာရေးတွင်အားကြိုးမာန်တက် ကြိုးစားကြရန်လိုအပ်သည်။ ထိုသို့ ကြိုးစား၍ ထူးချွန်လာသည့်အခါ  နိုင်ငံတော်အစိုးရအနေဖြင့် ချီးကျူးဂုဏ်ပြုလျက်ရှိသည်။ ကြိုးစား၍ အောင်မြင်မှုရလာသူတိုင်းကို မိဘတိုင်း ဆရာတိုင်းက နှစ်သက်ကြသလို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများကလည်း ဂုဏ်ပြုကြသည်။ ချီးမြှင့်ဂုဏ်ပြုသော သတင်းများကို နေ့စဉ်ကြားသိနေရသည်မှာ ကျောင်းသား၊ ကျောင်းသူများအတွက်ဝမ်းမြောက်ဖွယ်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇူလိုင် ၂၁ ရက်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၆/၂၀၂၂)သို့တက်ရောက် အမှာစကားပြောကြားရာတွင် “ဖွင့်လှစ်ရန်ကျန်ရှိနေသည့် စာသင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်လည်း မိမိတို့အနေဖြင့် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊  ပညာ သင်ကြားရေးသည်  နိုင်ငံအတွက်လူသား အရင်းအမြစ်များ မွေးထုတ်ပေးခြင်းဖြစ်ကြောင်း၊  မည်သည့် စာသင်ကျောင်းတွင် စာသင် ကြားသည်ဖြစ်စေ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာပြီးဆုံးချိန်တွင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သည့် ပညာများ ရရှိသွားရန်လိုကြောင်း၊ ထို့ကြောင့် ကျောင်းသားမိဘများနှင့် သက်ဆိုင်ရာတာ ဝန်ရှိသူများအနေဖြင့် စဉ်းစား ဆောင်ရွက် ကြရန်လိုကြောင်း” ပြောကြားခဲ့သည်။ အနှစ်ချုပ်ဆိုရသော် လူငယ်မောင်မယ်တို့ဘ၀ တိုးတက်မြင့်မားရေး၊ နိုင်ငံတော် တိုးတက် ရေးအတွက် ကျောင်းသား၊ ကျောင်းသူတိုင်း ပညာရေးတွင်ထူးချွန်စွာ အောင်မြင်မှုရရှိရေး ကြိုးပမ်းကြရန်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။    ။