အနာဂတ်အတွက် အားကိုးထိုက်သူများဖြစ်လာရေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၆ ရက်)

အနာဂတ်အတွက် အားကိုးထိုက်သူများဖြစ်လာရေး

၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်းမိသားစုဝင် သားသမီးများ၊ စစ်သည်အစားခန့် အရပ်သား ဝန်ထမ်းများ၏ သားသမီးများနှင့် ဘက်စုံထူးချွန်လူငယ်များ အားဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ၂၀၂၂ ခုနှစ် ဇူလိုင်၂၃ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ၌ကျင်းပခဲ့သည်။ ထိုသို့ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားများကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် “မိမိတို့၏မိသားစုဂုဏ်၊ ပညာသင်ကြားခဲ့သည့် ကျောင်းတော်ကြီး၏ဂုဏ်ဆောင်နိုင်ခြင်းမှသည် အမိနိုင်ငံတော်၏ ဂုဏ်ကိုထွန်းလင်းပြောင်စေသည့် မြန်မာ့လူငယ်များဖြစ်အောင် ကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊ ကျောင်းသူ၊ ကျောင်းသား ဘဝတွင် တပည့်ကောင်းဖြစ်အောင် ကြိုးစားခဲ့သကဲ့သို့ တစ်နေ့နေ့တစ်ချိန်ချိန်တွင် တိုင်းပြည်ကိုပြန်လည် ဦးဆောင်ရမည့်သူများ ဖြစ်လာကြဦးမည်ဖြစ်သည့်အတွက် နောင်အနာဂတ်အချိန်တွင်လည်း စည်းကမ်းကောင်းမွန်သည့် ဆရာကောင်းများ၊ ခေါင်းဆောင် ကောင်းများ ဖြစ်လာကြရေး ဆက်လက်ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း” ပြောကြားခဲ့သည်။

ယခင်နှစ်များက ကိုဗစ်-၁၉ ရောဂါအခြေအနေများကြောင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပနိုင်ခြင်းမရှိသည့်အတွက် ယခုနှစ်တွင် နှစ်နှစ်စာ စုပေါင်းချီးမြှင့်ပေးအပ်ခြင်းဖြစ်သည်။ ထိုကဲ့သို့နှစ်စဉ် အထူးတလည်ဂုဏ်ပြုပွဲအခမ်းအနားကျင်းပကာ ပညာရေးကို အားပေးလျက်ရှိသည့်အတွက် တစ်နှစ်ထက်တစ်နှစ် ထူးချွန်စွာအောင်မြင်မှုများ ပိုမိုများပြားလျက်ရှိသည်။ မျိုးဆက်သစ် လူငယ် မောင်မယ်များအနေဖြင့် ပညာကိုမြတ်နိုးပြီး ကြိုးစားချင်စိတ်များ ပိုမိုဖြစ်ပေါ်ကာ ကြိုးစားကြခြင်းဖြစ်သည်။ လူငယ်တို့၏ သဘာဝအရ ကြိုးစားချင်စိတ်ရှိအောင် အားပေးမှုများရှိနေသည့်အတွက် အစွမ်းကုန် ကြိုးစားအားထုတ်ကြခြင်းမှာ မိဘများအတွက်၊ တပ်မတော်အတွက်၊ နိုင်ငံတော်အတွက် ဝမ်းသာကြည်နူးဖွယ်ဖြစ်သည်။

ကမ္ဘာ့နိုင်ငံတိုင်းတွင် မိမိတို့၏နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကိုဖော်ဆောင်နိုင်ရန် လူသား အရင်းအမြစ်ကို အဓိကအဖြစ် လက်ခံကာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်လျက်ရှိကြသည်။ ထို့အတူ မြန်မာနိုင်ငံသည်လည်း  လူသားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို  ဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်လျက်ရှိသည်။   လူသားအရင်းအမြစ်ဟူသည်  ပညာအပေါ် အဓိကမူတည် တည်ဆောက်ရခြင်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ပညာရေးရင်းနှီးမြှုပ်နှံမှုကို အထူးအလေးထား လုပ်ဆောင် ပေးနေခြင်းဖြစ်သည်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပညာရေးနှင့်ပတ်သက်၍ သတ်မှတ်ပြဋ္ဌာန်းပေးထားသည်။ ပုဒ်မ ၂၈(ဂ)အရ နိုင်ငံတော်သည် အခမဲ့မသင်မနေရ မူလတန်းပညာရေးစနစ် ဖော်ဆောင်ရမည်။ ပုဒ်မ ၃၆၆ အရ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်ထားသော ပညာရေးဆိုင်ရာ မူဝါဒများနှင့်အညီ (က)ပညာသင်ကြားပိုင်ခွင့်ရှိသည်။ (ခ) ဥပဒေဖြင့်ပြဋ္ဌာန်းသည့် မသင်မနေရအခြေခံပညာများကို သင်ကြားရမည် ဟူ၍ ပြဋ္ဌာန်းထားပါသည်။ ပညာရေးကဏ္ဍတွင် ခေတ်ကာလနှင့်လျော်ညီသည့် ပြဋ္ဌာန်းချက်များဖြင့် သင်ရိုးညွှန်းတမ်း များကိုပြုစုပြီး ဟန်ချက်ညီသည့်ပညာရေးစနစ်ကို အကောင်အထည်ဖော်ပေးနိုင်သကဲ့သို့  ဆရာများ၏ အရည်အသွေးများ တိုးတက် လာစေရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ လိုအပ်သောထောက်ပံ့ကူညီမှုများကိုလည်း ပြည့်စုံစွာ ဖြည့်ဆည်းပေးထားပြီး ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတို့အပြင် အခြားသောကဏ္ဍ ပေါင်းစုံဖွံ့ဖြိုး တိုးတက်စေရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတွက် တန်ဖိုးရှိလှသည့် လူသားအရင်းအမြစ်များ မလိုအပ်ဘဲ ဆုံးရှုံးမှုမရှိစေရေးအတွက် တာဝန်မှကင်းကွာနေသော အခြေခံပညာဝန်ထမ်းများကို ပြန်လည်ဖိတ်ခေါ်ခြင်း၊ လမ်းမှားသို့ရောက်သွား သောကျောင်းသား၊ ကျောင်းသူများအား ပြန်လည်ဖိတ်ခေါ်ခြင်းတို့မှာ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားလုပ် ဆောင် နေခြင်းဖြစ်သည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး၏ တက္ကသိုလ်ဝင်တန်း အောင်မြင်မှုရာခိုင်နှုန်းမှာ ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိရာ၌ အချို့သော တပ်မတော်ပညာရေးကျောင်းများနှင့် တပ်မတော်အခြေခံ ပညာအထက်တန်းကျောင်းများသည် ကျောင်းအလိုက် အောင်ချက် ၄၅ ရာခိုင်နှုန်းအထက် ရှိခဲ့ကြောင်း သိရှိရသည်။ မင်္ဂလာဒုံရှိတပ်မတော် အခြေခံပညာအထက်တန်းကျောင်းသည် အောင်ချက် ၈၈ ဒသမ ၃၈ ရာခိုင်နှုန်းနှင့် အမှတ်(၂)ပညာရေးကျောင်းသည် ၈၈ ဒသမ ၂၄ ရာခိုင်နှုန်းနှင့် အောင်မြင်မှု မြင့်မားခဲ့ သည်မှာ ဂုဏ်ယူဖွယ်ဖြစ်ပါသည်။ အနှစ်ချုပ်ဆိုရသော် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှစစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်း ဟောင်းမိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ၏ သားသမီးများအနေဖြင့် အနာဂတ်အတွက် အားကိုး ထိုက်သူများဖြစ်လာအောင် ကြိုးစားကြရန်ဖြစ်ပါကြောင်း။   ။