မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၇ ရက်)

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု

(၇)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဇူလိုင် ၄ ရက် နံနက်ပိုင်းက ပုဂံမြို့ရှိ ရွှေနန်းတော်ဟိုတယ်၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။ အစည်းအဝေးပူးတွဲ ဥက္ကဋ္ဌများ ဖြစ်ကြသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့က သဘာပတိများအဖြစ်ဆောင်ရွက်ကြသည်။ အစည်းအဝေးတွင် နိုင်ငံခြားရေး ဝန်ကြီးများသည် မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစဉ်များကို သုံးသပ်ခြင်းနှင့် အနာဂတ်လုပ်ငန်းစဉ်များ အားဆွေးနွေးခြင်း၊ လက်ရှိရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးနည်းလမ်းများအပေါ် အမြင်ချင်းဖလှယ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးတို့ကို ဖော်ဆောင်ရန်၊ ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များကို လျှော့ချရန်နှင့် ဒေသတွင်းနိုင်ငံများ၏ အလုံးစုံပါဝင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး ကြိုးပမ်းမှုများအား အထောက်အကူပြုရန် ရည်ရွယ်လျက် ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများအဖြစ် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့ဖြစ်သည်။ မဲခေါင်-လန်ချန်းဟူသည်မှာ နိုင်ငံခြောက် နိုင်ငံကိုဖြတ်သန်းစီးဆင်းသော မြစ်ကြီး၏အမည်ကို အစွဲပြုခြင်းဖြစ်သည်။ တိဘက်ကုန်းပြင်မြင့်တွင်မြစ်ဖျားခံ၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအတွင်း ဖြတ်သန်းစီးဆင်းရာတွင် မြစ်၏အမည်မှာ လန်ချန်းဖြစ်ပြီး မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ကို ဆက်လက်ဖြတ်သန်းစီးဆင်းရာတွင် မဲခေါင်ဟူ၍ဖြစ်လာကာ တောင်တရုတ် ပင်လယ်အတွင်းသို့ စီးဝင်သွားသည်။

မဲခေါင်-လန်ချန်းခြောက်နိုင်ငံတို့မှာ တောတောင်ရေမြေတို့ ဆက်စပ်နေသကဲ့သို့ ယဉ်ကျေးမှုများလည်း ဆက်နွှယ်လျက်ရှိသည်။ နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုများ နက်နက်ရှိုင်းရှိုင်းရှိထားပြီးလည်း ဖြစ်သည်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး ယန္တရားသည် မဲခေါင်မြစ်ဝှမ်းနိုင်ငံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံအသီးသီးရှိ ပြည်သူများ၏ အကျိုးစီးပွားကို မြှင့်တင်နိုင်ရေး၊ ဒေသတွင်းနိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက်ကိုလျှော့ချရေး၊ အာဆီယံအေးအတူ ပူအမျှအသိုက်အဝန်း အတူတကွ တည်ဆောက်မှုကို အထောက်အကူပြုရေး၊ ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ ပြည့်မီအောင် တွန်းအားပေး အကောင်အထည်ဖော်ရေး၊ ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကို တွန်းအားပေးနိုင်ရေးဟူသော ဒေသတွင်းငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို ဦးတည်ခြင်းဖြစ်သည်။ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးစီးပွားကို ဖြစ်ထွန်း စေသည်။

(၇)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ခေါင်းစဉ်မှာ “စည်းလုံး ညီညွတ်မှုမှသည် ငြိမ်းချမ်းရေးနှင့်သာယာဝပြောမှုဆီသို့ (Solidarity for Peace and Prosperity)”ဖြစ်သည်။ လက်ရှိနှင့်အနာဂတ်စိန်ခေါ်မှုများကို စည်းလုံးညီညွတ်မှုအခြေခံသည့် စုပေါင်းအားဖြင့် ဖြေရှင်းဆောင်ရွက်ရန်နှင့် ဒေသတွင်း ကျန်းမာရေးနှင့် လုံခြုံမှုကဏ္ဍတွင် ကိုဗစ်-၁၉ အပါအဝင် ကူးစက်ရောဂါများကာကွယ်ထိန်းချုပ်ရေးအတွက် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားရန်ဖြစ်သည်။ ထို့ပြင် စီးပွားရေးပြန်လည်နာလန်ထူရေးအတွက် ဦးစားပေးပူးပေါင်းဆောင်ရွက်သွားရန်နှင့်  လက်ရှိ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ထိရောက်စွာတုံ့ပြန်နိုင်မည်ဟု ယူဆသည့်အတွက် တရုတ်နိုင်ငံ၏ “ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်”ကို မြန်မာနိုင်ငံက ထောက်ခံဆွေးနွေးခဲ့သည်။

မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှုအောက်၌ သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ နိုင်ငံဖြတ်ကျော် မှုခင်းများတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လက်နက်မှောင်ခိုတိုက်ဖျက်ရေး စသည်တို့တွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားရန်လိုအပ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ စွမ်းရည်တိုးမြှင့်ရေးအတွက် “မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်” ထူထောင်ရန်ကို လည်းကြိုဆိုကြောင်း မြန်မာနိုင်ငံက ဆွေးနွေးခဲ့သည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်မှ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များဖြစ်သည့်  စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာမြောက်ဦးဆောင်မှုကို တိုးမြှင့်သွားရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင် သွားရေး၊ စိုက်ပျိုးရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ သွားရေး၊ အစိမ်းရောင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ဆောင်ရွက် သွားရေး၊ ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင် ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့်  ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့်သွားရေးတို့ကို တရုတ်နိုင်ငံကဆွေးနွေးခဲ့သည်။ အနှစ်ချုပ်ဆိုရသော် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကြောင့် ဒေသတွင်းနိုင်ငံများ ကောင်းကျိုးစီးပွား ဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။