တိုင်းရင်းဆေး သုတေသန စာတမ်းဖတ်ပွဲ

တိုင်းရင်းဆေး သုတေသန စာတမ်းဖတ်ပွဲ

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၉ ရက်)

မန်မာ့တိုင်းရင်းဆေး ပညာသည် မြတ်စွာဘုရားရှင် လက်ထက်တော်အခါမှစ၍ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ အင်းဝ၊ ပင်းယ၊ ကုန်းဘောင် စသည့်ခေတ် အဆက်ဆက် ထွန်းကားလာခဲ့သော ဆေးပညာ တစ်ရပ်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ အားထားယုံကြည်စွာ လက်ဆင့်ကမ်း သုံးစွဲခဲ့ကြသည့် ဆေးပညာလည်း ဖြစ်ပါသည်။ မြန်မာလူမျိုးတို့သည် မြန်မာ့တိုင်းရင်းဆေး ပညာဖြင့် ကျန်းမာအသက်ရှည်ခဲ့ကြ၍ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက် ခဲ့ကြသည်။ သမိုင်းကြောင်း ခိုင်မာသည့် မြန်မာ့တိုင်းရင်းဆေး ပညာကို မြန်မာတို့မြတ်မြတ်နိုးနိုး တန်ဖိုးထား ထိန်းသိမ်းနိုင်ရေး အတွက်(၁၁)ကြိမ်မြောက် တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်မှ ၂၈ ရက်အထိ မန္တလေးမြို့ တိုင်းရင်းဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပလျက်ရှိသည်။

မြန်မာ့တိုင်းရင်းဆေးပညာ ဟူသည် ဒေသနာနယ၊ နက္ခတ္တနယ၊ ဘေသဇ္ဇနယနှင့် ဝိဇ္ဇာဓရနယ တည်းဟူသော နယကြီးလေးပါးအနက် တစ်ပါးပါးနှင့်အကျုံးဝင်၍ အသက်ရှည်ရာ အနာမဲ့ကြောင်းပြုစုနိုင်သော ဆေးပညာတစ်ရပ်ကို ဆိုလိုပါသည်။ ဒေသနာနယဆေးပညာသည် ဘုရားရှင် ဟောကြားတော် မူသော အဘိဓမ္မာတရားဒေသနာတော်ကို အခြေပြု၍ ကံ၊ စိတ်၊ ဥတုနှင့်အာဟာရဟူသော အကြောင်းတရားတို့ကြောင့် ဓာတ်ကြီးလေးပါး၊ ရုပ်တရားနှင့် နာမ်တရားတို့တွင် အနာရောဂါဖြစ်ပေါ်လာမှုကို စမ်းသပ်စစ်ဆေး ကုသပေးသည့် ဆေးပညာစနစ် တစ်ရပ်ဖြစ်ပါသည်။

နက္ခတ္တနယ ဆေးပညာသည် ကောင်းကင်ရှိနေ၊ လ၊ ဂြိုဟ်တို့နှင့် တကွ အာကာသနက္ခတ်၊ ဓာတ်နက္ခတ်၊ ကိန်းနက္ခတ်တို့ကို တွက်ချက်၍ စမ်းသပ်စစ်ဆေး ကုသပေးသည့် ဆေးပညာ စနစ်တစ်ရပ်ဖြစ်သည်။ ဘေသဇ္ဇနယဆေးပညာသည် အာယုဗ္ဗေဒ ဆေးပညာကိုအခြေပြု၍ ကာလ၊ အတ္တ၊ ကမ္မတည်းဟူသော အကြောင်းတရားတို့ကြောင့် ဒေါသသုံးပါး၊ မလ ၁၂ ပါးဖြင့်ဖွဲ့စည်းထားသော ခန္ဓာကိုယ်တွင် အနာရောဂါ ဝေဒနာဖြစ်ပေါ်လာမှုကို စမ်းသပ်စစ်ဆေး ကုသပေးသည့် ဆေးပညာ စနစ်တစ်ရပ်လည်း ဖြစ်သည်။

ဝိဇ္ဇာဓရနယ ဆေးပညာသည် လောကီနှင့် လောကုတ္တရာအကျိုး စီးပွားအတွက် ရုပ်ဓာတ်ကိုးပါး၊ နာမ်ဓာတ်ကိုးပါးကို အထူးထူး အထွေထွေသော နည်းပညာများဖြင့် ဆေးဝါးအသွင်ပြုပြင်၍သော် လည်းကောင်း၊ ဘုရားရှင် ဟောကြားတော်မူအပ်သော ပရိတ်တရားတော်တို့ကို အသုံးပြု၍သော် လည်းကောင်း စမ်းသပ်စစ်ဆေး ကုသပေးသည့် ဆေးပညာစနစ် တစ်ရပ်ဖြစ်သည်။

မြန်မာသမားတော်များသည် လူတို့အား ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် အများစုသည် သစ်ဥသစ်ဖု သစ်ပင်သစ်ရွက်သစ်သီး စသည့် သဘာဝဆေးဖက်ဝင် အပင်များကိုအသုံးပြု၍ ဆေးဖော်စပ် ကုသပေးရသော နည်းစနစ်ဖြင့် ကုသကြသဖြင့် အမှားများ ကင်းစင်ကြောင်း တွေ့ရှိရသည်။ ဒေသနာတရား၏ ဟောကြားချက်အရ ကျန်းမာခြင်းဆိုသည်မှာ မဟာဘူတခေါ် ဓာတ်ကြီးအရေအတွက်နှင့် အရည်အသွေးနှစ်မျိုးစလုံး ပြည့်စုံကောင်းမွန်စွာ မျှတမှုဖြစ်နေသည့် အခြေအနေ တစ်ရပ်ပင်ဖြစ်သည်။ ရောဂါဖြစ်ပွားလာရခြင်းမှာ မဟာဘူတဓာတ်ကြီးများ ဖြစ်သည့် ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောတို့၏ အရေအတွက်နှင့် အရည်အသွေးဆိုင်ရာ မျှခြေပြောင်းလဲရခြင်းကြောင့်ဟုဟောကြားထားပါသည်။ မြန်မာ့ဆေးပညာသည် သိပ္ပံနည်းကျ ဆေးပညာဖြစ်ပါသည်။ ရောဂါဖြစ်စေသော အကြောင်းတရားသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရဖြစ်သော သမုဋ္ဌာန်လေးပါးကို အခြေခံထားခြင်းဖြစ်သည်။

ဆရာကောင်း၊ သမားကောင်းတို့၏ ကောင်းမြတ်ပြည့်စုံ ကုံလုံကြွယ်ဝသော အခြင်းအရာနှင့် ဂုဏ်တို့ကို ပါဠိတော်ကထာမှာ ဖွင့်ဆိုထားသည်မှာ “ဂုဇာ၊ ဇိနဿ၊ လက္ခဏပဉ္စ၊ ဘေသဇ္ဇံတြိလက္ခဏာဘေဒံ၊ ဗုဓော၊ ဘိသက္ကော၊ ဝိညေယျံ”ဟူ၍ဖြစ်သည်။ အဓိပ္ပာယ်အားဖြင့် လက္ခဏာကို လည်းကောင်း၊ အရသာကို လည်းကောင်း၊ ဆေး၏ဂုဏ်ဒြပ်ကို လည်းကောင်း၊ သုံးပါးသော လက္ခဏာတို့ကို လည်းကောင်း၊  အရာရာမှာ နှိုင်းဆမြော်မြင် ဆေးပညာရှင် အကျော်အမော်ဖြစ်ကြကုန်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့သည် သိရာ၏။ ဆရာသမားတော်များ သိသင့်သိထိုက်သော လက္ခဏာသုံးပါးကို သဘောပိုင်ပိုင် ဆေးပညာဒေသနာကို အဆီအနှစ်နှင့်တကွ ကျင့်ထုံးဥပဒေသ တို့ကို အစဉ်မပြတ် လိုက်နာဆည်းပူးပွားများနိုင်ရန်မှာ မမေ့မလျော့ သောလုံ့လဥဿဟတို့ လိုအပ်ပေသည်။

မြန်မာတို့သည် ခေတ်အဆက်ဆက် တိုင်းရင်းဆေး သမားတော်ကြီးများ ပေါ်ထွန်းခဲ့သည်။ မင်းတုန်းမင်းနှင့် သီပေါမင်းတို့လက်ထက်တွင် ဘုရင့်သမားတော် ၁၀ ဦးခန့်ထားခဲ့ပြီး လစာငွေမှာတစ်လ ၅၃ ကျပ် ဖြစ်ကြောင်း သိရှိရသည်။ မြန်မာဘုရင် အဆက်ဆက်တို့သည် နိုင်ငံသားတို့၏ ကျန်းမာရေးကို မြန်မာ့နည်း၊ မြန်မာ့ဟန်ဖြင့် တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့ကြသော်လည်း ကိုလိုနီခေတ်တွင် မြန်မာ့တိုင်းရင်းဆေးတို့ မှေးမှိန်ခဲ့ရသည်။ ယခုအခါ အရည်အသွေးပြည့်ဝသော မျိုးဆက်သစ် တိုင်းရင်းဆေးပညာရှင်များ ပေါ်ပေါက် ရေးကို ရည်ရွယ်၍ တိုင်းရင်းဆေး တက္ကသိုလ်နှင့် တိုင်းရင်းဆေးရုံများ ဖွင့်လှစ်ပေးပြီးဖြစ်ပါသည်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် အတွက် တိုင်းရင်းဆေး သုတေသနစာတမ်း ဖတ်ပွဲကျင်းပသည်ကို မြဝတီက ကြိုဆိုပါကြောင်း ရေးသားလိုက်ရပေသည်။   ။