အားလုံးညီညာ ပူးပေါင်းပါဝင်ရေး

အားလုံးညီညာ ပူးပေါင်းပါဝင်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၁ ရက်)

“သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကို အဆင့်တိုင်း၊ ကဏ္ဍတိုင်းတွင် အရေးကိစ္စ တစ်ခုအနေဖြင့် အလေးအနက်ထား ဆောင်ရွက်ရန်နှင့် ပူးပေါင်း တာဝန်ယူ ဆောင်ရွက်ကြရန် လိုကြောင်း၊ သဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်းများသည် တစ်ဦး၊ တစ်ယောက်ချင်း  အဖွဲ့အစည်း တစ်ခုချင်း ဆောင်ရွက်နိုင်သည့် လုပ်ငန်းများမဟုတ်ဘဲ အားလုံးပေါင်းစည်း ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်၍  ချိတ်ဆက် ဆောင်ရွက်နိုင်မှု၊ တာဝန်ခွဲဝေယူမှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုများ အားကောင်းနေရန် လိုကြောင်း” ဟူ၍ အမျိုးသား  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဇူလိုင် ၂၈ ရက်တွင် ကျင်းပသော အမျိုးသားသဘာ၀ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေး(၁/၂၀၂၂) သို့ တက်ရောက် အမှာစကားပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။

အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအနေဖြင့် စတင်တာဝန်ယူချိန်မှ ယနေ့အချိန်အထိဖြစ်ပေါ်ခဲ့သော သဘာဝဘေး အန္တရာယ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များက  ကဏ္ဍအလိုက် နိုင်နင်းစွာ တာဝန်ယူဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိသည်။ သဘာဝဘေးအန္တရာယ်များသည် အချိန်မရွေး၊ နေရာမရွေး၊ လူမျိုးမရွေးဘဲ ရင်ဆိုင်ကြုံတွေ့နေရခြင်း ဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် သဘာဝဘေး အန္တရာယ်နှင့် ပတ်သက်၍ အစဉ်အမြဲသတိရှိပြီး ကြိုတင်ပြင်ဆင် ကာကွယ်မှုဖြင့် ပျက်စီးဆုံးရှုံးမှု နည်းပါးအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ နေ့စဉ်ထုတ်ပြန်ပေးနေသော ပြည်တွင်းပြည်ပ မိုးလေဝသသတင်းများကို သိရှိအောင် လေ့လာထားကြရမည်။ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံများတွင်ဖြစ်ပေါ်နေသော သဘာဝဘေးအန္တရာယ် သတင်းများကိုလည်း လေ့လာသိရှိ နေရမည်ဖြစ်သည်။

ကမ္ဘာတွင် ပြောင်းလဲဖြစ်ပေါ်လာနေသည့် သဘာဝဘေးအန္တရာယ်များ၏ သဘောသဘာဝများကို မျက်ခြည်မပြတ် လေ့လာနေရန် လိုအပ်သကဲ့သို့ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များကို ရာသီကာလအလိုက်၊ ဒေသအလိုက်ခန့်မှန်းပြီး အကောင်းဆုံး ရင်ဆိုင်တုံ့ပြန်နိုင်ကြရမည်ဖြစ်သည်။ နိုင်ငံတော်တွင် သဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်းများကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် စသည်ဖြင့် အဆင့်ဆင့်သော စီမံခန့်ခွဲမှုစနစ်ကို ခိုင်မာစွာဖွဲ့စည်း တည်ဆောက်ထားပြီး ဖြစ်သည်။ ထိုစီမံခန့်ခွဲမှုစနစ်တွင် လုပ်ငန်းစနစ်ကောင်းမွန်မှု၊  စုစည်းညီညွတ်သည့် ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော်မှုတို့မှာ မရှိမဖြစ်သော လိုအပ်ချက်များဖြစ်ပါသည်။

ကမ္ဘာ့နိုင်ငံတိုင်းသည် သဘာဝဘေးအန္တရာယ်ကို နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေကြရသည်။ တစ်နှစ်တည်းမှာပင် အကြိမ်ကြိမ် ကြုံတွေ့နေရသည်မျိုး ရှိနေသည်။ မိုးခေါင်ခြင်း၊ ရေကြီးရေလျှံခြင်း၊ တောမီးလောင်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခြင်းအစရှိသည်ဖြင့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးကြောင့် လူသားတို့၏ လူမှုစီးပွားဘဝများကို ပျက်စီးစေလျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း အဆိုပါ သဘာ၀ ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ရသည်။ မြန်မာနိုင်ငံသည် မြစ်ချောင်း အင်းအိုင်များ ပေါများလှသည့်အတွက် အများဆုံး ကြုံတွေ့ရသည်မှာ ရေဘေးနှင့် သက်ဆိုင်သော သဘာဝ ဘေးအန္တရာယ်ဖြစ်သည်ဟု ဆိုနိုင်သည်။

ထို့ကြောင့် နိုင်ငံတော်အစိုးရ အနေဖြင့် သဘာဝဘေး တုံ့ပြန်ရေးဆိုင်ရာ စီမံချက်များပါအတိုင်း ကြိုတင်ပြင်ဆင်စုဖွဲ့ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ 

ထို့ပြင်သဘာဝ ဘေးအန္တရာယ်ကြုံလာပါက ထိုအန္တရာယ်ကို ကျော်လွှားနိုင်ရန် သဘာဝဘေး စီမံခန့်ခွဲမှုအဖွဲ့များ၊ ပြည်သူလူထု၊ အထောက်အကူပြု ပရဟိတအဖွဲ့များ အားလုံး ပူးပေါင်းဆောင်ရွက်နိုင်ရန် ကြိုတင်စီမံ ဆောင်ရွက်ထားပါသည်။ သဘာဝဘေးအန္တရာယ်ကို တုံ့ပြန်နိုင်မည့် စွမ်းအားစုများ အမြဲအဆင်သင့် ဖြစ်နေရေး လူအင်အား၊ ပစ္စည်းအင်အားများကို ထိထိရောက်ရောက် အသုံးပြုနိုင်ရန်လည်း စီမံဆောင်ရွက်ထားပါသည်။

သဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်းများသည် ဌာန၊ အဖွဲ့အစည်း တစ်ခုတည်း၏ လုပ်ငန်းတာဝန်မဟုတ်ဘဲ ဌာန၊အဖွဲ့အစည်း များစွာအပြင် ပြည်သူလူထုပါ ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်သည်။ သာမန်ထက်ပိုမိုစနစ်ကျသော စီမံခန့်ခွဲမှုဖြင့် လုပ်ငန်းနယ်ပယ်အလိုက် တစ်ဦးချင်း ကျွမ်းကျင်မှု၊ အဖွဲ့အလိုက်ကျွမ်းကျင်မှု၊ ဘာသာရပ်ဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှု များလည်း ရှိနေကြရမည်ဖြစ်ပါသည်။

သဘာဝဘေးအန္တရာယ်သည် အချိန်အခါမရွေး ပေါ်ပေါက်တတ်သည့် အတွက် လူသားတို့အနေဖြင့် မမေ့မလျော့ မပေါ့မဆသော သတိဖြင့် နေထိုင်ကြရမည်ဖြစ်သည်။ ကမ္ဘာတွင် နည်းပညာများ တိုးတက်လာမှုနှင့်အတူ ထိုနည်းပညာများကို အသုံးပြုမှုကြောင့်ပင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာသည်များ ရှိလာခဲ့သည်။ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်လာသော အနေအထားကြောင့် ရာသီဥတုဖောက်ပြန်ကာ သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်လာခဲ့သည်။ အနှစ်ချုပ်ဆိုရသော် မည်သည့် သဘာဝဘေးအန္တရာယ်ကိုဖြစ်ပါစေ ပြည်သူတစ်ရပ်လုံး အားလုံးညီညာ ပူးပေါင်းပါဝင်ကြရန် ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။   ။