ငြိမ်းချမ်းခြင်း အလင်းရောင်ရကြပါစေ

ငြိမ်းချမ်းခြင်း အလင်းရောင်ရကြပါစေ

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ သြဂုတ် ရက်)

ဤကမ္ဘာလောကကြီးတွင် ဗြဟ္မစိုရ်တရားလေးပါးနှင့် လောကပါလတရား နှစ်ပါးတို့ကို ကိုယ်စီဆောင်ထားကြမည်ဆိုလျှင် လူသားတို့၏ ဘဝခရီးသည် အေးချမ်းသာယာနေပေလိမ့်မည်။ ဗြဟ္မစိုရ် တရားလေးပါးမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာနှင့် ဥပေက္ခာတို့ဖြစ်သည်။ သတ္တဝါများ ကြီးပွားချမ်းသာသည်ကို လိုလားမြတ်နိုးခြင်းသည် မေတ္တာဖြစ်သည်။ ဆင်းရဲသော သတ္တဝါများကိုမြင်၍ သနားခြင်း၊ဆင်းရဲမှ ကင်းလွတ်စေခြင်း သည် ကရုဏာဖြစ်သည်။ ပြည့်စုံချမ်းသာသော သူတို့ကိုမြင်ရလျှင် ဝမ်းမြောက်ခြင်းသည် မုဒိတာဖြစ်သည်။ သတ္တဝါတို့အပေါ်၌ ချစ်ခြင်း မုန်းခြင်းမရှိ၊ မျှမျှတတ ရှုမြင်ခြင်းသည် ဥပေက္ခာဖြစ်ပေသည်။ မကောင်းမှုကို ပြုရမည်ကိုရှက်ခြင်း၊ မကောင်းမှုပြုရမည်ကို ကြောက်လန့်ခြင်းသည် ဟီရိသြတ္တပ္ပဟူသော လောကပါလ တရားနှစ်ပါးဖြစ်သည်။

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ အထွန်းကားဆုံး နိုင်ငံဖြစ်သည်။  ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်သူတိုင်းသည် ငွေကြေးချမ်းသာမှု မရှိလျှင်သော်မှ စိတ်အေးချမ်းသည်။ အလှူရေစက် လက်နှင့်မကွာ နေထိုင်ကြသည်။

မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံသည်  အေးအတူပူအမျှနေထိုင်လာကြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ လူဦးရေအများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာနှင့်အတူ ခရစ်ယာန် ၊ မွတ်စလင်၊  ဟိန္ဒူနှင့် အခြားဘာသာဝင်များသည် နှစ်ပေါင်းများစွာကတည်းက အချင်းချင်းစည်းလုံး ညီညွတ်စွာဖြင့် မိမိနိုင်ငံတော်၏ ကောင်းကျိုးကို သယ်ပိုး ဆောင်ရွက်ခဲ့ကြသည်။

ကိုးကွယ်သည့်ဘာသာနှင့် လူမျိုးအမည်များ ကွဲပြားမှုရှိမည်ဖြစ်သော်လည်း အားလုံးသည် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူများ ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ ကောင်းကျိုးကို လိုလားသူများသာ ဖြစ်ကြသည်။   ၂၀၂၂ ခုနှစ် ဇူလိုင် ၂၇ ရက်တွင်  Wyndham Grand Yangon Hotel  ၌ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံရုံး Tourism Potential of PAKISTAN အမည်ဖြင့် ကျင်းပပြုလုပ်သော  ခရီးသွား လုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ မိတ်ဆက်ပွဲတွင် မြန်မာနိုင်ငံအတွင်းရှိ ရဟန်းသံဃာတော်များနှင့် ပြည်သူများ အနေဖြင့် ပါကစ္စတန်နိုင်ငံရှိ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားသော ဒေသများသို့ သွားရောက် လည်ပတ်ကြရာတွင် အဆင်ပြေလွယ်ကူ ချောမွေ့စွာ သွားရောက်နိုင်ကြစေရန် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံရုံးမှ စစ်သံမှူးက ပြောကြားခဲ့ကြောင်း သိရှိရသည်။

ပါကစ္စတန်နိုင်ငံ၌  ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားရာ သမိုင်းဝင်ဒေသများစွာ တည်ရှိပြီး  အရောင်အသွေး စုံလင်လှသည့် ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံများစွာကို လေ့လာနိုင်ကြစေရန် မြန်မာနိုင်ငံ အတွင်းရှိ ရဟန်းရှင်လူပြည်သူများကို ဖိတ်ခေါ်ခြင်းဖြစ်သည်။  ပကစ္စတန်နိုင်ငံ အတွင်း၌ ရှေးဟောင်းသာသနိက အဆောက်အအုံများစွာရှိသော  ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားရာ မြို့သုံးမြို့ဖြစ်သည့် Peshawar ၊ Talsarနှင့် Pashawaer မြို့တို့ရှိသည်။ Talsarမြို့၌ လွန်ခဲ့သည့်နှစ်ပေါင်း နှစ်ထောင်ကျော်ကတည်းက တည်ရှိခဲ့သော ရှေးဟောင်းဗုဒ္ဓဘာသာ တက္ကသိုလ်နှင့် ရှေးဟောင်း အမွေအနှစ်များစွာ ရှိနေသည်။

ဤနေရာဒေသများသို့ ဗုဒ္ဓဘာသာဝင်များ သွားရောက် လေ့လာသင့်သည်။ လက်ရှိအနေအထားအရ ပါကစ္စတန်နိုင်ငံရှိ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားရာ သမိုင်းဝင်ဒေသများရှိ ရှေးဟောင်း ဘုရားစေတီများနှင့် အဆောက်အအုံများသို့ တစ်နှစ်လျှင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ရဟန်းသံဃာတော် အပါးလေးသောင်းကျော် လာရောက် ဖူးမြော်လေ့လာကြကြောင်း သိရသည်။ဗုဒ္ဓသာသနာသည် ကမ္ဘာတွင် အအေးချမ်းဆုံး ဘာသာအဖြစ် နိုင်ငံတကာ ခေါင်းဆောင်များက အသိအမှတ်ပြုထား ကြသည်။  ဗုဒ္ဓဘာသာသည် ဘက်လိုက်မှုကင်း၍ အလယ်အလတ် လမ်းစဉ်ကို လျှောက်လှမ်းသော ဘာသာဖြစ်သည်။ စိတ်ငြိမ်းချမ်းမှုနှင့် အတ္တမှလွတ်မြောက်ရေးသည် ဗုဒ္ဓဘာသာဝင်တို့၏ အန္တိမရည်မှန်းချက် ပန်းတိုင်ဖြစ်သည်။

မြတ်ဗုဒ္ဓ၏ တရားဒေသနာတော်များမှာ ဗုဒ္ဓဘာသာဝင်များအတွက်သာ မဟုတ်ဘဲ အသားအရောင်အမျိုးအနွယ် အယူဝါဒခွဲခြားမှုမရှိသော လူသားအားလုံး ကျင့်သုံးနိုင်သည့် အခြေခံခိုင်မာစွာ တည်ဆောက်ထားသော ဘာသာတရားဖြစ်သည်။ ကမ္ဘာ့ရွာခေတ်တွင်မတူ ကွဲပြားသည့်လူမျိုး၊ ယဉ်ကျေးမှုနှင့် ဘာသာတရား ရှိသည့်လူမျိုးများမှာ ရှေးယခင်ကထက် အတူနေထိုင် လုပ်ကိုင်နေကြရသည်။ မတူကွဲပြားသည့် မျိုးရိုးဇာတိနှင့် မတူကွဲပြားသည့် ယဉ်ကျေးမှုရှိသည့် လူ့အသိုက်အဝန်းမှာ နိုင်ငံတကာ အမှတ်အသားတစ်ခုအဖြစ် တည်ရှိလာပြီဖြစ်သည်။

ကမ္ဘာ့နိုင်ငံများရှိ ပြည်သူများသည် စိတ်အေးချမ်း တည်ငြိမ်စွာ နေထိုင်လိုစိတ် ရှိလာကြသည်။အသားအရောင်၊ အတွေးအခေါ်၊ အယူအဆယုံကြည်မှုနှင့် အခြားအကြောင်းများ အခြေခံဖြစ်သည့် ဘက်လိုက်မှု၊ အုပ်စုဖွဲ့မှု အစွန်းရောက်ဝါဒများ၊ အကြမ်းဖက်ဝါဒများ ပေါ်ထွန်းလာနေခြင်းကို လုံးဝ မနှစ်သက်ကြတော့ပေ။ မြတ်ဗုဒ္ဓ၏ အဘိဓမ္မာဒေသနာတော်တွင် ပူလောင်ခြင်းရှိလျှင် ငြိမ်းချမ်းခြင်းရှိသည်။ အမှောင်ရှိလျှင် အလင်းရှိသည်ဟူ၍ ထုတ်ဖော်ဟောကြားထားသည်။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကျော်က ဗုဒ္ဓသာသနာ ထွန်းကားသောဒေသများသို့ သွားရောက်လေ့လာခြင်းဖြင့် ငြိမ်းချမ်းခြင်း အလင်းရောင်ကို ရရှိကြပါစေကြောင်း ရေးသား လိုက်ရပေသည်။   ။