ပညာရည်မြင့်မားရေး ဝိုင်းဝန်းကြိုးပမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကြီးဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဟူသောကဏ္ဍပေါင်းစုံတိုးတက်ရေး လုပ်ဆောင်လျက်ရှိရာတွင် ပညာရေးကဏ္ဍမြင့်မားရေးလည်းပါဝင်သည်။  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေး အမှတ်စဉ်(၅/၂၀၂၂)တွင် ပညာရေးကောင်းချင်ရင်၊ ပညာရေးနဲ့ပတ်သက်ရင်  ပညာရေးတစ်ခုတည်း ကျွန်တော်တို့ အစိုးရအား ထည့်နေလို့မရဘူး။ ပြည်သူပြည်သားအားလုံးရဲ့ လူမှုဘဝစီးပွားကို တက်အောင်လုပ် ပေးမှရမယ်။ အဲ့ဒီလိုသာမလုပ်နိုင်ဘူးဆိုရင် အတူတူပဲ။ တလည်လည်နဲ့ပဲ ဖြစ်နေမှာဖြစ်တယ်။ ဒါ့ကြောင့် ပညာရေးမြှင့်တင်မှုပိုင်းဟာ ပညာရေးဝန်ကြီးဌာနတစ်ခုတည်းနဲ့မဆိုင်ဘူး။ အားလုံးကဆိုင်ပါတယ်ဟူ၍ ပြောကြားခဲ့သည်။

လူငယ်တစ်ယောက်စာသင်ကျောင်းသို့ ရောက်စေဖို့အတွက်  မိဘဖြစ်သူများအနေဖြင့် ဦးစားပေး စဉ်းစားဆောင်ရွက်ရပေမည်။ မိဘကဆင်းရဲလွန်းသည့်အတွက်  သားသမီးအား ကျောင်းမထားနိုင်ဘဲ လုပ်ငန်းခွင် တစ်ခုခုတွင် ခိုင်းစေခြင်းမျိုးသည်  မဖြစ်သင့်သောကိစ္စရပ်ဖြစ်သည်။    နိုင်ငံတော်က အခမဲ့ပညာရေး စနစ်ဖြင့် သင်ကြားပေးလျက်ရှိသည်ဖြစ်ရာ မိမိတို့၏ သားသမီးများအား  ကျောင်းသို့ ရောက်အောင် ပို့ဆောင်ပြီး ကျောင်းနေရမည့် အရွယ်တွင်ကျောင်းပညာကို ပြီးဆုံးအောင် သင်ကြားပေးနိုင်မှသာ မိဘတာဝန်ကျေပွန်မည် ဖြစ်သည်။

ကျေးလက်နေပြည်သူများလူမှုစီးပွားဘဝမြင့်တက်လာပြီး ကျောင်းနေအရွယ်ကလေးတိုင်းကျောင်းပညာ သင်ကြားနိုင်မှသာ ပညာတတ်များပေါကြွယ်လာမည် ဖြစ်သောကြောင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ သက်မွေးပညာသင်တန်းကျောင်းများ ဖွင့်လှစ်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်ပေးလျက်ရှိသည်။ ပညာတတ်များပေါများသောနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုရှိနေမည်ဖြစ်ပြီး ပညာတတ်များ နည်းပါးပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှေးကွေးနေမည်သာဖြစ်သည်။ ဤသည်မှာ ကမ္ဘာ့နိုင်ငံတိုင်းတွင် တွေ့မြင်နိုင်သော အနေအထားဖြစ်သည်။

ပညာရေးနှင့် ဆက်စပ်နေသည်မှာ ကျန်းမာရေးဖြစ်သည်။    မွေးဖွားပြီးလူလားမြောက်သူတိုင်း ကျန်းမာရေး ကောင်းမွန်ရန် လိုအပ်သည်။  ကျန်းမာရေးကောင်းမွန်မှသာ ပညာသင်ကြားနိုင်ပေမည်။ ကျန်းမာရေး မကောင်းသူ၊ ကျန်းမာရေးချို့ယွင်းသူသည် ပညာရေးတွင်အခက်အခဲများစွာ ရှိနေမည်ဖြစ်သည်။ ပညာရေးမြှင့်တင်မှုမှာ ပညာရေးဝန်ကြီးဌာနနှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ အားလုံးနှင့်သက်ဆိုင်သည်မှာ အမှန်ပင်ဖြစ်ပေသည်။ ကျန်းမာရေးကောင်းမွန်မှ ပညာသင်ကြားနိုင်သလို စီးပွားရေးကောင်းမွန်မှလည်း ပညာသင်ကြားနိုင်ကြပေမည်။ ထို့ကြောင့်သမဝါယမနှင့်ကျေးလက်ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားသောဝန်ကြီးဌာန များကလည်း ပညာရေးမြှင့်တင်မှု အပိုင်းအတွက် အထောက်အကူများဖြစ်သည်ဟု ဆိုနိုင်သည်။

နိုင်ငံတော် အစိုးရအနေဖြင့်  ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ထားခဲ့ရသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ကျောင်းများမဖွင့်လှစ်နိုင်အောင် အကြမ်းဖက် အဖျက်သမားတို့၏ နှောင့်ယှက်ဖျက်ဆီးမှုများကို ဖယ်ရှားကာ တစ်နိုင်ငံလုံးကျောင်းများ ဖွင့်လှစ်ပေးခဲ့သည်။ ယခုနှစ်ပညာသင်နှစ်တွင် အခြေခံပညာကျောင်းသား၊ ကျောင်းသူ ၇ ဒသမ ၂ သန်းကျော်ပညာသင်ကြား လျက်ရှိသည်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ချိန်ထိုးကြည့်လျှင် များစွာတိုးတက်လာသည်။ နိုင်ငံတော် အစိုးရအနေဖြင့် လွန်စွာသဘောထားကြီးမားစွာဖြင့် လုပ်ငန်းခွင်ကို စွန့်ခွာသွားသောဆရာ၊ ဆရာမများ၊ လမ်းမှားသို့ ရောက်သွားသောကျောင်းသား၊ ကျောင်းသူများအား ပြန်လည်ဖိတ်ခေါ်နေသည်မှာ နိုင်ငံတော်၏ ပညာရေးကဏ္ဍမြင့်မားရေးအတွက် ဖြစ်သလို လူငယ်လူရွယ်တို့၏ အနာဂတ်ကောင်းမွန်ရေးကို ရှေးရှုလုပ်ဆောင်ခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံရှိ အခြေခံလူတန်းစားများသည်   ကျေးလက်ဒေသများတွင် နေထိုင်လျက်ရှိကြသည်။ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလာအောင် နိုင်ငံတော် အစိုးရအနေဖြင့် လိုအပ်သည်များ ပံ့ပိုးပေးလျက်ရှိသည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများသည် အများနှင့်သက်ဆိုင်သည့် လုပ်ငန်းများ ဖြစ်သည်။ ထိုလုပ်ငန်းများကို အောင်မြင်တိုးတက်အောင် လုပ်ဆောင်နိုင်ပါက အလုပ်အကိုင်အခွင့်အလမ်းများ လည်း များစွာ ပေါ်ပေါက်လာမည်ဖြစ်သည်။ ပြည်သူအများစု၏ လူမှုစီးပွားတိုးတက်လာသည်နှင့်အမျှ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းသို့ရောက်ရှိကာ ပညာတတ်များ ပေါများလာပေမည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်၏ ပညာရေးမြှင့်တင်မှုကို အားလုံးကတက်ညီလက်ညီ ကြိုးပမ်းအကောင်အထည် ဖော်ကြရန် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။   ။