အဖိုးတန်ဆုံးသော အရင်းအနှီး

အဖိုးတန်ဆုံးသော အရင်းအနှီး

အဖိုးတန်ဆုံးသောအရင်းအနှီးဟုဆိုလိုက်သည်နှင့် လူတိုင်းကအချိန်ကိုသာပြေးမြင်မိပါလိမ့်မည်။ တိုင်းပြည်တစ်ပြည် အတွက် အဖိုးတန်ဆုံးသော အရင်းအနှီးသည်ကား ယနေ့လူငယ်များသာဖြစ်သည်။ လူငယ်တိုင်းသည် တိုင်းပြည်အတွက် အဖိုးတန်လှသည်။ လူငယ်များသည် တိုင်းပြည်ကိုကြီးပွားအောင် လုပ်ဆောင်နိုင်သလို တိုင်းပြည်ကို ကျဆုံးအောင် လုပ်ဆောင်နိုင်သည်။ တိုင်းပြည်၏ အနိမ့်အမြင့်ကို ဖန်တီးနိုင်သည့်အတွက် ယနေ့လူငယ်များကို တန်ဖိုးရှိသူများဖြစ်အောင်လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်သည်။ မိမိတိုင်းပြည်ကို မိမိတို့လူငယ်များက ချစ်မြတ်နိုးပြီး တိုင်းပြည်နှင့် လူမျိုးကြီးပွား တိုးမြှင့်အောင် ကြံဆောင်လိုစိတ်ကို လူငယ်တိုင်းက မွေးမြူကြရပေမည်။

လူတိုင်းသည်ကြီးပွားလိုကြသည်။ ကြီးပွားလိုသူတိုင်းအတွက်  ဥစ္စာငွေကြေးအရင်းအနှီး၊  ပညာအရင်းအနှီးကို လိုအပ်သည်။ ဥစ္စာငွေကြေးရှိသူ၊ ပညာရှိသူတို့သည် မိမိဘဝဖွံ့ဖြိုးတိုးတက်ရေးခရီးလမ်းကို ဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်သည်။ တိုင်းပြည်တစ်ပြည်သည်လည်း လူတစ်ဦး၏ဘဝကဲ့သို့ ပမာပြုရသော် လူငယ်များကို ကောင်းမွန်စွာပြုစု ပျိုးထောင်ပေးနိုင်သော အရင်းအနှီးဖြင့်   တိုင်းပြည်၏ အနာဂတ်ခိုင်မာစေပြီး ဖွံ့ဖြိုးတိုးတက်ရေး ခရီးလမ်းကို ဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်မည်ဖြစ်သည်။  ပညာတတ်လူငယ်များ ပေါကြွယ်

အောင် နိုင်ငံတော် အစိုးရက စာသင်ကျောင်းများကို ဖွင့်လှစ်ပေးထားသည်။

ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်အောင် စီမံထားသည်။ မြန်မာနိုင်ငံ၏ပညာရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် မူလတန်းအဆင့်ထိ ပညာမသင်မနေရဟု ပြဋ္ဌာန်းထားသော်လည်း လူငယ်တိုင်း KG+9 အထိ  သင်ကြားတတ်မြောက်ရေးနှင့် အခမဲ့သင်ကြားနိုင်ရေးကို  အောင်မြင်အောင် ရည်မှန်းချက်ထားရှိ ဆောင်ရွက်နေသည်။ ခေတ်ကာလအခြေအနေများအရ ယခုအခါ လူငယ်များသည် အလုပ်လုပ်ရင်း ပညာသင်သည့်အခြေအနေတွင်ရောက်ရှိနေသည့်အတွက် အနည်းဆုံး အခြေခံပညာ အလယ်တန်းနှင့် အထက်ရရှိစေရန် နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးလျက်ရှိသည်။ ပညာတတ်မြောက်မှုအပေါ် မူတည်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နိုင်မည့်သူများကို မွေးထုတ်ပေးနေခြင်းဖြင့် အဖိုးတန်ဆုံးသော အရင်းအနှီးကို ရယူရမည်ဖြစ်သည်။

လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေးအတွက် စာသင်ကျောင်းများကို ယခင်နှစ်မှစ၍ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲများကိုလည်း ကျင်းပပေးနိုင်ခဲ့ကြောင်း၊ ယခုနှစ်ပညာသင်နှစ်တွင်လည်း ကျောင်းသားများအားလုံး ကျောင်းမပျက်ရန်နှင့် အမှန်တကယ်ပညာတတ်မြောက်စေရန်အတွက် သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနက ကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်း၊ ၂၀၂၃ ခုနှစ် ဇွန်လတွင် ကျောင်းများအားလုံးပြန်လည် ဖွင့်လှစ်နိုင်ပြီး ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းတက်ရောက်နိုင်ရေး အတွက် ယခုအချိန်ကတည်းက အလေးထား ဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ် ၈ ရက်တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့လုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များအား ပညာရေးကဏ္ဍအားပေးမြှင့်တင်မှုမှာ လွန်စွာကောင်းမွန်သည့် အတွက် လူငယ်များအနေဖြင့် ပညာတတ်မြောက်အောင် ကြိုးစားသင်ယူကြရန်သာဖြစ်သည်။ နိုင်ငံတော် အနေဖြင့် လူငယ်များအပေါ် ထူးချွန်လျှင်ထူးချွန်သည့် အလျောက်အားပေးနေသည်မှာ ပြည်သူတစ်ရပ်လုံး မြင်တွေ့နိုင်သည့် အရာများဖြစ်သည်။ လူငယ်များအား အထူးအားပေး ပြုစုပျိုးထောင်နေခြင်းမှာ တိုင်းပြည်၏ အနာဂတ်အတွက် အဖိုးတန်ဆုံးသော အရင်းအနှီးမြှုပ်နှံခြင်း ဖြစ်ပါသည်။ တိုင်းပြည်တွင် သဘာဝသယံဇာတ များလွန်စွာ ပေါများလှသော်လည်း ထိုသယံဇာတများမှာ သုံးစွဲပါများလာလျှင် လျော့နည်း ကုန်ဆုံးသွားလိမ့်မည် ဖြစ်သော်လည်း လူငယ်များသည်ကား တိုင်းပြည်အတွက် မကုန်ဆုံးနိုင်သော၊  တန်ဖိုးရှိလှသော ရတနာများ ဖြစ်နေပေလိမ့်မည်။

နိုင်ငံတော်ကို ကိုယ်စားပြုကာ အားကစားယှဉ်ပြိုင်နေသော  လူငယ်များ၏အောင်မြင်မှုသတင်းများ၊ အခြားသော စီးပွားရေး၊ လူမှုရေးကဏ္ဍစုံတွင် တိုင်းပြည်ကိုယ်စားပြု ယှဉ်ပြိုင်ကြသော လူငယ်တို့၏ အောင်မြင်မှုသတင်းများ သည်ကား နိုင်ငံတော်အစိုးရနှင့် ပြည်သူတစ်ရပ်လုံး၏ မျှော်လင့်ချက်ဖြစ်သည်။ မကြာမီကယှဉ်ပြိုင်ခဲ့သည့် အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင်ဆုရရှိမှု သတင်းများကြားရတိုင်း ပြည်သူတစ်ရပ်လုံး ဝမ်းသာကြသည်မှာ လူငယ်မောင်မယ်တို့အပေါ် ယုံကြည်အားပေးမှု ဖြစ်သည်။

ကမ္ဘာပေါ်တွင် လူဦးရေ ၈ ဘီလီယံခန့်ရှိရာ ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ၁၈ ရာခိုင်နှုန်းခန့်မှာလူငယ် များဖြစ်ကြောင်း သိရှိရသည်။ အနာဂတ်တွင် နိုင်ငံ့ခေါင်းဆောင်များ၊ နည်းပညာဆိုင်ရာ တီထွင်ဖန်တီးသူများ တိုင်းပြည်ဖွံ့ဖြိုးရေးကို ဖော်ဆောင်ပေးနိုင်သူများ၊ တိုင်းပြည်စီးပွားရေးတွင် ဦးဆောင်လမ်းပြနိုင်သူများ ဖြစ်စေရန် လူငယ်များကို ပြုစုပျိုးထောင်ပေးလျက် ရှိကြသည်။ လူငယ်များကို မှန်ကန်သည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိစေပြီး တိုင်းပြည်ကိုအကျိုးပြုမည့်နိုင်ငံ့သားကောင်း၊ သမီးကောင်းများဖြစ်လာစေရေးအတွက် ယခုအခါလူငယ်မူဝါဒကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ထိုကဏ္ဍအားလုံး၏အခြေခံသည် ပညာရေးဖြစ်ပေရာ တိုင်းပြည်အတွက် အဖိုးတန်ဆုံးသော အရင်းအနှီးများဖြစ်အောင် လူငယ်တိုင်းက ကြိုးစားကြရမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။