သဘာဝဘေး သတိနှင့် ကာကွယ်ပေး

သဘာဝဘေး သတိနှင့် ကာကွယ်ပေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၃ ရက်)

          ကြိုတင်ကာကွယ် ပြင်ဆင်မှုပြုခြင်းသည် ကျရောက်လာမည့် ဘေးအန္တရာယ်များအတွက် အကောင်းဆုံး ပြင်ဆင် ဆောင်ရွက်ချက်ဖြစ်သည်။ သြဂုတ် ၁၀ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ တိုင်းထွာချက်အရ တောင်တရုတ် ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “မူလန်”( Mulan)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး သြဂုတ် ၁၁ ရက်တွင် ဗီယက်နမ်နိုင်ငံ အထက်ပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီးနောက် ကုန်းတွင်း မုန်တိုင်းငယ်အဖြစ်မှ လေဖိအားနည်း ရပ်ဝန်းအဖြစ်သို့ အားလျော့သွားခဲ့ကာ အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားပြီး မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများတွင် လေပွေလှိုင်းများအဖြစ် ဆက်လက် တည်ရှိနေပါသည်။

အဆိုပါ မုန်တိုင်းအရှိန်ကြောင့် သြဂုတ် ၁၁ ရက်မှ ၁၄ ရက်အတွင်း မြန်မာနိုင်ငံ တစ်ဝန်း၌ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ်နှင့်မြစ်ငယ်ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီးရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်း သွားလာရေးနှင့် လေကြောင်းပျံသန်းရေး အနေဖြင့်လည်း ကြိုတင် သတိပြုနိုင်ပါရန် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ အသိပေးထားပါသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သြဂုတ် ၁၂ ရက် ၁၄း၀၀ နာရီချိန် ခန့်မှန်းချက်များအရ နောက် ၂၄ နာရီအတွင်း ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်နိုင်ကြောင်းလည်း ခန့်မှန်းထားသည်။

မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနများက သဘာဝဘေး ဖြစ်ပွားသည့်အချိန်တွင် အရေးပေါ် စားနပ်ရိက္ခာများ၊ ကယ်ဆယ်ရေး ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများနှင့် ဆန်ရိက္ခာဖိုးငွေများအပြင် သဘာဝဘေးကြောင့် သေဆုံး၊ ဒဏ်ရာရသူများ အတွက် ထောက်ပံ့ကြေးပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိသည်။ သဘာဝဘေးဖြစ်ပွားပြီးနောက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကိုလည်း  သက်ဆိုင်ရာ ဆက်စပ်ဌာနများနှင့် ဆောင်ရွက်ပေးလျက် ရှိသည်။ သဘာဝဘေးနှင့် ပတ်သက်၍ ပြည်သူများအား အသိပညာပေးခြင်း၊ ဟောပြောခြင်း၊ သဏ္ဌာန်တူ သရုပ်ပြလေ့ကျင့်ခြင်းများ၊ လူစည်ကားရာ နေရာများတွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးနေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သြဂုတ် ၁၀ ရက်နေ့က ပြည်ထောင်စုအစိုးရ အဖွဲ့လုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး တတိယနေ့တွင်”သဘာဝဘေးအန္တရာယ်သည် ကြိုတင်မှန်းဆ၍ မရနိုင်ဘဲ အချိန်မရွေး ဖြစ်ပေါ်လာနိုင်သောကြောင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် သတိပေး ပြောကြားလိုကြောင်း၊  ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန် ရေစီးရေလာများ ကောင်းမွန်စေရေး ဒေသအလိုက် နှိုးဆော်တိုက်တွန်း၍ လူထုအားဖြင့် ဆောင်ရွက်ကြစေလိုကြောင်း” အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ယနေ့အချိန်ကာလတွင်  ရာသီဥတု ဆိုးရွားနေမှုများမှာ မြန်မာနိုင်ငံ တစ်ခုတည်းသာဖြစ်ပေါ်နေခြင်း မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံများ၌ပင် ပေါ်ပေါက်လျက်ရှိသည်။နိုင်ငံတကာ သတင်းတွင်  တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်နှင့် ပတ်ဝန်းကျင်နေရာများ၌ သြဂုတ် ၈ ရက်နေ့မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိရာ သြဂုတ် ၁၀ ရက်နေ့အထိ ကိုးဦးသေဆုံးပြီး ခုနစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။ နိုင်ငံတစ်ဝန်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နိုင်ငံတစ်ဝန်းရှိ အိမ်ထောင်စု ၇၂၄ စုမှ ပြည်သူ ၁၂၅၃ ဦးအား ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။   နှစ်ပေါင်း ၈၀ ခန့်အတွင်း မကြုံစဖူး ရွာသွန်းသော မိုးကြောင့်လမ်းမများပေါ်တွင် ကားများရေနစ်မြုပ်လျက် ရှိနေသည်။ အခြားသော နိုင်ငံတကာ သတင်းတစ်ခုတွင် သြဂုတ် ၉ ရက်က ဂျပန်နိုင်ငံတစ်ဝန်း အပူလျှပ်မှုကြောင့် တစ်ပတ်အတွင်း လူပေါင်း ၇၂၀၀ ကျော် ဆေးရုံများသို့ ပို့ဆောင်ခဲ့ရကြောင်း ဖော်ပြထားသည်။ဤသည်မှာ ကမ္ဘာတွင်သဘာဝဘေး အန္တရာယ်အမျိုးမျိုး ရှိနေကြောင်းပြသခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့်  ဘင်္ဂလားပင်လယ်အော်တွင်  မုန်တိုင်းများ ဖြစ်ပေါ်တိုင်း မြန်မာနိုင်ငံသို့ တိုက်ရိုက်ဝင်ရောက်ခြင်း အကြိမ်ရေ မများလှသော်လည်း ထိုမုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှု များပြားလေ့ရှိသည်။ မိုးရွာမှပျိုးသာမည် ဆိုစကားကဲ့သို့ မိုးကိုမျှော်ကြရသော်လည်း လွန်ကဲစွာ ရွာသွန်းခြင်းမျိုးကိုမူ မည်သူကမျှ မမျှော်ကိုးကြပါ။ ပြည်သူများအနေဖြင့် မည်သည့်နေရာမှာ နေထိုင်သည်ဖြစ်စေ မိုးလေဝသ သတင်းများကိုမူ အမြဲတမ်း နားစွင့်နေကြရမည်ဖြစ်သည်။

အညာဒေသ အချို့နေရာတွင် လတ်တလော ရေစီးဆင်းခြင်းမရှိသည့် ချောင်းခြောက်များမှလည်း  မိုးသည်းထန်မှုကြောင့် ရေများအလုံးအရင်းဖြင့် ကျဆင်းလာနိုင်သည်ကို သတိပြုကြရမည်ဖြစ်သည်။ ရုတ်တရက် ရေလွှမ်းမိုးမှုတွင် ဖြစ်ပေါ်လေ့ရှိသည်မှာ မြေပြိုခြင်း၊ မြစ်ချောင်းကမ်းပါးများ၊ တောင်ကုန်း ကမ်းပါးများ ပြိုကျခြင်း၊ ပြင်းထန်သော ရေစီးကြောင်းများ ဖြစ်ပေါ်ခြင်း၊ မြို့များတွင် ရေဖုံးလွှမ်းသွားသည့်အခါ ဘေးအန္တရာယ်မျိုးစုံ ကြုံတွေ့နိုင်ခြင်းများသည် မလွဲမသွေ ကျရောက်နိုင်သည်။ အနှစ်ချုပ်ဆိုရသော် သဘာဝဘေးအန္တရာယ် ဆိုသည်မှာ လူသားတို့နှင့် ကြိုတင်ချိန်းဆိုထားခြင်းမရှိဘဲ အချိန်မရွေး ပေါ်ပေါက်လာနိုင်သဖြင့် ကြိုတင်ကာကွယ် ပြင်ဆင်ခြင်းဖြင့် သတိပြုကြပါရန် ရေးသားလိုက်ရပေသည်။    ။