လူမှုစီးပွားမြင့်မားရေး မြစိမ်းရောင်ဖြင့်ဆောင်ရွက်ပေး

လူမှုစီးပွားမြင့်မားရေး မြစိမ်းရောင်ဖြင့်ဆောင်ရွက်ပေး

မြစိမ်းရောင်ဆိုသည့် အမည်ကပင် အေးမြချမ်းသာရှိလှသည်။ ကျေးလက်နေပြည်သူများအတွက် မြစိမ်းရောင်သည် ချစ်ခင်တွယ်တာမြတ်နိုးဖွယ်ဖြစ်သလို မြစိမ်းရောင်စီမံကိန်း၏ အောင်မြင်မှုများမှာလည်း ဝမ်းသာဖွယ် ကောင်းလှသည်။ မြစိမ်းရောင်ကျေးရွာစီမံကိန်းဟုအမည်ပေးရသည့်အကြောင်းကိုလေ့လာ ကြည့်လိုက်သော် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံ ဖြစ်သည်။ ကျေးလက်နေပြည်သူများ၏ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ လုပ်ငန်းများဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍကို ဖော်ညွှန်းရန်နှင့် နိုင်ငံတကာတွင် ဆောင်ရွက်နေသော အစိမ်းရောင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ကို ထင်ဟပ်စေရန်အတွက်မျှော်မှန်းလျက်အရင်းမပျောက်မတည်ရန်ပုံငွေ ထူထောင်ပေးခြင်း လုပ်ငန်းစီမံကိန်းအား မြစိမ်းရောင်ကျေးရွာစီမံကိန်းဟု အမည်ပေးခြင်း ဖြစ်သည်။

မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်ပေးရန် ကျေးရွာများကို ရွေးချယ်ရာတွင် ဆင်းရဲသောကျေးရွာ ဖြစ်ခြင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိခြင်း၊  တရားဥပဒေစိုးမိုးခြင်း၊ ကျေးရွာသူ၊  ကျေးရွာသားများ၏  စည်းလုံးညီညွတ်မှုနှင့် စိတ်အားထက်သန်မှုရှိခြင်း(ကျေးရွာအား စီမံကိန်း ဆောင်ရွက်ပေးရန် လိုလားထက်သန်စွာ တင်ပြတောင်းခံခြင်း)၊  လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှုနှင့် နယ်မြေတည်ငြိမ်အေးချမ်းလုံခြုံမှုရှိခြင်း ဟူသော အချက်ငါးချက်ကို အခြေခံ၍ ပွင့်လင်းမြင်သာစွာ ရွေးချယ်ကြောင်း သိရှိရသည်။ ကြီးကြပ်စီမံခန့်ခွဲနိုင်ရန်အတွက် ကျေးရွာမှ အများသဘောတူမဲစနစ်ဖြင့် ရွေးချယ်ထားသော မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းသည်။

နိုင်ငံတော်အတွင်း ကွင်းဆင်းကောက်ယူခဲ့သော စစ်တမ်းများအရ ကျေးလက်နေဆင်းရဲသူများအတွက် အသက်မွေးဝမ်းကျောင်းနှင့် မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရန်  အတိုးမဲ့ချေးငွေ သို့တည်းမဟုတ် အတိုးနည်းချေးငွေတစ်ရပ် ထူထောင်ရန် လိုအပ်ကြောင်း တွေ့ရှိရသည်။  ထိုလိုအပ်ချက် ကိုဖြည့်ဆည်းပေးရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစ၍ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ကျေးရွာအတွင်းရှိ အိမ်ထောင်စုများက လိုအပ်နေသော ငွေကြေး အရင်းအနှီးအား သက်သာသော အတိုးနှုန်းဖြင့် ထုတ်ချေးသည်။ ဤနည်းဖြင့် ရန်ပုံငွေကို တိုးပွားစေကာ ရေရှည်တည်တံ့ခိုင်မြဲသော မြစိမ်းရောင်ကျေးရွာစီမံကိန်းအဖြစ် ရပ်တည်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ် ၁၀ ရက်ကကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရ အဖွဲ့လုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး အမှာစကားတွင် သမဝါယမလုပ်ငန်းများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှု တိုးတက်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မြစိမ်းရောင်စီမံကိန်းအနေဖြင့်လည်း အောင်မြင်တိုးတက်မှုများ ရှိကြောင်း၊   သမဝါယမအသင်းများကို  အမှန်တကယ်လုပ်ကိုင်သူများ စုပေါင်း၍  တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆက်လက်တိုးချဲ့ဖွဲ့စည်းဆောင်ရွက်သွားမည်ဆိုပါက ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း လမ်းညွှန်မှုပြုခဲ့သည်။

ဤသည်မှာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၏ လွန်ခဲ့သည့်ရှစ်နှစ်ခန့်ကတည်းက အားကြိုးမာန်တက်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း၏ အောင်မြင်မှုဖြစ်သည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ပတ်သက်၍ ဆောင်ရွက်မည့် ကျေးရွာ၏ အိမ်ခြေအပေါ် မူတည်ပြီး ရန်ပုံငွေသတ်မှတ်ခြင်း ဆောင်ရွက်လျက်ရှိသည်။ အိမ်ခြေ ၁၀၀ နှင့်အထက်-ကျပ်သိန်း ၃၀၀၊ အိမ်ခြေ ၅၀ နှင့် ၁၀၀ ကြား-ကျပ်သိန်း ၂၀၀၊ အိမ်ခြေ ၅၀ နှင့်အောက်-ကျပ်သိန်း ၁၀၀၊ အိမ်ခြေ ၈၀ အောက် လျော့နည်းသော ကျေးရွာများအား စုစည်းဆောင်ရွက်ခြင်း-ကျပ်သိန်း ၃၀၀ သတ်မှတ်ဆောင်ရွက် ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။ မြစိမ်းရောင်စီမံကိန်းသည် ကျေးလက်ဒေသနေပြည်သူလူထုတို့ အတွက်အဓိက အကျိုးပြုနေသော စီမံကိန်းဖြစ်သည်။ ထိုစီမံကိန်း တိုးတက်အောင်မြင်ရေးမှာ  သက်ဆိုင်သူ အားလုံးတွင် တာဝန်ရှိပေရာ စိတ်ရင်းစေတနာကောင်းဖြင့် လုပ်ဆောင်ကြရန်ဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျဆင်းသွားသည့် စီးပွားရေးကို ပြန်လည်မြှင့်တင်ဆောင်ရွက်ရန်အတွက် နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး ရန်ပုံငွေကျပ် ဘီလီယံ ၄၀၀ မှ အရင်းအနှီး မတည်ပေးလျက်ရှိသည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွက်လည်း တစ်ပြေးညီဖြစ်စေရေး ထိုက်သင့်သည့်မတည်ငွေများ ထုတ်ပေးခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း မြစိမ်းရောင် စီမံကိန်းကျေးရွာများရှိ ပြည်သူများ၏ စီးပွားရေး၊ လူမှုရေးအခက်အခဲများ လျော့နည်းသက်သာ စေရန်အတိုးနှုန်းများအား ဖြေလျှော့ပေးခဲ့ရာ ပထမအကြိမ်တွင် မြစိမ်းရောင်ကျေးရွာများ အနေဖြင့် ငွေကျပ် ၃၄ ဒသမ ၇၅၄ ဘီလီယံနှင့်ဒုတိယအကြိမ်တွင်ငွေကျပ် ၄၆ ဒသမ ၃၃၉ ဘီလီယံပေးသွင်းရန်သက်သာ ခဲ့ကြောင်းသိရှိရသည်။ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေများသည် ဝိုင်းကြီးချုပ်စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သဖြင့် နှစ်ကာလ ကြာမြင့်လာသည်နှင့်အမျှ တိုးပွားမှုများ ရှိလာမည်ဖြစ်သည်။ ငွေကြေးတိုးပွားကာ လုပ်ငန်းများ ပိုမိုတွင်ကျယ်လာခြင်းဖြင့် ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝ ပိုမိုမြင့်မားလာမည်သာ ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။