ကျန်းကျန်းမာမာ ဆင်ဖြူတော်ရတနာ

ကျန်းကျန်းမာမာ ဆင်ဖြူတော်ရတနာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ဥက္ကဋ္ဌ ခွန်သူရိန်၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)ဥက္ကဋ္ဌ ကျာဆော်လမွန်နှင့်ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်းတို့ ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့အား သြဂုတ် ၂၂ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည့် သတင်းကို ပြည်သူတစ်ရပ်လုံး မြင်တွေ့ကြပြီး ဖြစ်ပါသည်။

နိုင်ငံတော်အကြီးအကဲ၏ တိုင်းပြည်၊ ပြည်သူလူထုနှင့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအပေါ် ထားရှိသည့်စေတနာကို ပိုမိုထင်ရှားစွာ သိမြင်လာစေရေး ဆောင်ရွက်နေချိန်တွင် ဆင်ဖြူရတနာ ပေါ်ထွန်းလာမှုသည်လည်း နိုင်ငံအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတိတ်နိမိတ်ကောင်းဖြစ်ပါသည်။ အထက်ပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် နိုင်ငံတော်အကြီးအကဲထံသို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်းက ဆင်ဖြူတော်ပန်းချီကားလက်ဆောင်ပေးခဲ့သည်။ ဆင်ဖြူတော်ကို အရေးတယူအလေးမူ မြတ်နိုးကြခြင်းမှာ ယခုခေတ်မှာမှစတင်လာခြင်းမဟုတ်ဘဲ သာသနာဝင်ကျမ်းများမှပင် စတင်ဆင်းသက်လာခဲ့ခြင်း ဖြစ်ပါသည်။

ဆင်ဖြူတော်များနှင့် ပတ်သက်လျှင် မြန်မာ့ယဉ်ကျေးမှု၏ သမိုင်းတွင်  အလွန်အရေးပါခဲ့ကြောင်းကို ငါးရာ့ငါးဆယ်ဇာတ်တော်လာ ဆဒ္ဒန်ဆင်မင်းဇာတ်တော်တွင် ဘုရားလောင်းဆဒ္ဒန်ဆင်မင်းကို သရုပ်ဖော်ရာမှာ ဆင်ဖြူတော်အသွင်သရုပ်ဖော်ခဲ့သည်။သုံးလူထွတ်ထားမြတ်စွာဘုရားအဖြစ်သို့ ရောက်တော်မူမည့်ဘဝမှာ ကောင်းကင်ယံမှ ဆင်ဖြူတော်သည် မယ်တော်မဟာမာယာ၏ ဝမ်းကြာတိုက်သို့ လက်ယာဘက်မှ ဝင်ရောက် ကိန်းအောင်းခဲ့ကြောင်း ထူးခြားသော အိပ်မက်မြင်မက်ခဲ့သည်။ ဤသည်ကို ပုရောဟိတ်ပညာရှိတို့က ထူးခြားတဲ့သားရတနာသန္ဓေတည်ပြီဟု နိမိတ်တော်ဖတ်ခဲ့ကြခြင်းမှာလည်း ဆင်ဖြူတော်ကို အထွတ်အမြတ်ထားရသည့် ဂုဏ်ပုဒ် ပေါ်လွင်ထင်ရှားစေသည်။

ပုဂံခေတ်နောက်ပိုင်း မြန်မာ့သမိုင်းအဆက်ဆက်မှာလည်း ဆင်ဖြူရရှိဆက်သခံရသည့် ဘုရင်မင်းမြတ်တို့မှာ ဆင်ဖြူတော် ပိုင်ဆိုင်ခြင်းနှင့်အတူ သြဇာတိက္ကမကျော်စောထင်ရှားခြင်း၊ တိုင်းသူပြည်သားများ စည်ပင် ဝပြောခြင်း၊ တိုင်းပြည်အေးချမ်း သာယာခြင်း စသည့် ကျက်သရေမင်္ဂလာအဖြာဖြာတို့နှင့် ပြည့်စုံကြောင်း သမိုင်းအထောက်အထားများအရသိရှိရသည်။ ပုဂံခေတ် ပထမမြန်မာနိုင်ငံတော်ကို အောင်မြင်စွာ ထူထောင်နိုင်ခဲ့သော အနော်ရထာမင်းတရား၊ တောင်ငူခေတ် ဒုတိယမြန်မာနိုင်ငံတော်ကို အောင်မြင်စွာ ထူထောင်ခဲ့သော ဘုရင့်နောင်မင်းတရားနှင့် ကုန်းဘောင်ခေတ် တတိယမြန်မာနိုင်ငံတော်ကို အောင်မြင်စွာ ထူထောင်ခဲ့သော လောင်းမင်းတရား တို့မှာလည်း ဆင်ဖြူများရှင်မင်းတရားကြီးများ ဖြစ်ခဲ့ကြသည်။

တိုင်းပြည်အုပ်ချုပ်သောအစိုးရမင်းများမှာ မင်းကျင့်တရားဆယ်ပါးနှင့် ညီညွတ်ပြည့်စုံသည့် ကာလများတွင် ဆင်ဖြူတော်များ ပေါ်ထွန်းလေ့ရှိပါသည်။ ဆင်ဖြူတော်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ ခေတ်တစ်ခေတ်၊ သမိုင်းတစ်ကွေ့မှာ ဖြစ်ထွန်းပေါ်ပေါက်ဖို့ အင်မတန်ခဲယဉ်းလှသည့် ရတနာတစ်ပါးဖြစ်ပါသည်။ ဆင်ကောင်ရေ တစ်ထောင်မှာ ဆင်ဖြူတစ်စီးတွေ့ရခဲလှပါသည်။ ဖြူနေသည့် ဆင်ဖြူဖြစ်သော်လည်း ဆင်ဖြူတော်တို့၏ ကြန်အင်လက္ခဏာဂုဏ်အင်္ဂါများနှင့် ပြည့်စုံမှ ဆင်ဖြူတော်ဟူ၍ သတ်မှတ်နိုင်သည့်ရတနာလည်း ဖြစ်သည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းမှ ထိန်းကျောင်းထားရှိသောဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ်က ထူးခြားအသွင်သဏ္ဌာန်ရှိသည့်ဆင်ဖြူတော်(အထီး)ကလေးအား ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့ နံနက်ပိုင်း မင်္ဂလာအချိန် ၀၆း၃၀ နာရီတွင် မွေးဖွားခဲ့ပါသည်။ အဆိုပါ ဆင်ဖြူတော်ကလေးမှာ ရှေးသမိုင်းပညာရှိများ၏ မိန့်ဆိုချက်များအရ ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာသည် မျက်လုံးပုလဲရောင်၊ ငှက်ပျောကိုင်းသဏ္ဌာန်ကျောကုန်း၊ အဖြူကဲ့သို့ အမွေးရောင်၊ အမြီးမှာ တံခါးပိတ်လက်ဝါးပုံသဏ္ဌာန်၊ အရေပြားသြဇာကွက်၊ အသားအရေပန်းရောင်၊ ခြေဖဝါးတွင် ရှေ့ခြေသည်းငါးခုစီနှင့် နောက်ခြေသည်းငါးခုစီပါပြီး  နားရွက်မှာ နားကြီးခြင်းတို့ရှိရမည် ဖြစ်ကြောင်း  အချက်ရှစ်ချက်ဖြင့် ဖော်ပြထားပါသည်။

မြန်မာနိုင်ငံတွင် ၁၀ စီးမြောက်ပေါ်ထွန်းလာသည့် ယခုဆင်ဖြူတော်(အထီး)ကလေးသည် ဆင်ဖြူတော် များ၏ ကြန်အင်လက္ခဏာများအနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊ အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာသြဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင် ဖြစ်ခြင်း၊ ခြေဖဝါးတွင်ရှေ့ခြေသည်းငါးခုစီနှင့် နောက်ခြေသည်းလေးခုစီပါရှိခြင်း၊ နားကြီးခြင်းတို့ကြောင့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာများနှင့် ကိုက်ညီမှုရှိကြောင်းနှင့် အချက်ရှစ်ချက်တွင် ခုနစ်ချက် ကိုက်ညီမှုရှိကြောင်း သိရှိရပါသည်။

ယခုအခါ ဆင်ဖြူတော်(အထီး)ကလေးသည် ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် မွေးဖွား ကြီးမြောက်သည့် တစ်လပြည့် အချိန်အခါဖြစ်ပါသည်။ မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း သိရှိရသဖြင့် ကျန်းကျန်းမာမာ ဆင်ဖြူတော်ရတနာအဖြစ် ရေးသားလိုက်ရပေသည်။   ။