နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်သာယာရေး

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်သာယာရေး

မြန်မာနိုင်ငံသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုဖြင့် နိုင်ငံ့အတွက် အရေးကြီးသည့် ကာလတစ်ရပ်ကို ဖြတ်သန်းနေသည့် အချိန်ကာလဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် တစ်ပါတီတည်းက အာဏာချုပ်ကိုင်နိုင်ရေးအတွက် မဲမသမာမှုကို ပြုမူခဲ့သည်။ အထောက်အထားခိုင်လုံစွာ တောင်းဆို တင်ပြမှုအပေါ် ပြေလည်အောင် ဖြေရှင်းပေးခြင်း မရှိခဲ့သည့်အတွက် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။

ဆိုလိုသည်မှာ ပြည်သူအများလိုလား တောင့်တထောက်ခံမှုဖြင့် အတည်ပြုထားသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ  စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို  ပျက်ယွင်းအောင် လုပ်ဆောင်လာသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။

နိုင်ငံတော်တွင် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် လိုအပ်ချက်တို့ကို အစိုးရနှင့်ပြည်သူတို့အတူတကွ ဆောင်ရွက်ကြရမည့်အချိန် ဖြစ်သည်။ နိုင်ငံရေးတည်ငြိမ်မှုရှိရေး၊ စီးပွားရေးကောင်းမွန်ရေးနှင့် လူမှုရေးအရ တစ်မျိုးသားလုံး ကြီးပွားတိုးတက်ရေးတို့အတွက် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုကို ခံယူကာပညာရှင်များ၊ လုပ်ငန်းရှင်များ၊ အလုပ်သမား၊ လယ်သမား၊ ဝန်ထမ်းများ၏ကဏ္ဍ အသီးသီးတို့တွင် ပူးပေါင်းဆောင်ရွက်မှု များဖြင့် ရှေ့သို့ချီတက်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူတိုင်းသည် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီကို အမှန်လိုလားသူများ၊ ပြည်ထောင်စုအကျိုးကို အမှန်တကယ် လိုလားသူများ၊ အမျိုးသား အကျိုးစီးပွားကို အခြေခံ၍ တိုင်းပြည်တည်ဆောက်ရေး ဆောင်ရွက်လိုသူများ ဖြစ်ကြရပေမည်။ နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးသာယာရေးကို ဆောင်ရွက်လိုစိတ်ရှိကြပြီး မိမိတို့တတ်စွမ်းသည့် ပညာဖြင့် ကျရာကဏ္ဍတွင် ပါဝင်ထမ်းဆောင်ကြရပေမည်။

နိုင်ငံရေးဟု ဆိုရာတွင် စီးပွားရေးသည်လည်းဆက်စပ်လျက်ရှိသည်။ စီးပွားရေးအခြေခံကောင်းများပေါ်ထွန်းလာမှသာ နိုင်ငံသားတို့၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ကြပေမည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သြဂုတ် ၂၂ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၆/၂၀၂၂) တွင်အမှာစကားပြောကြားရာ၌ စီးပွားရေးတွင် ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဘဏ္ဍာရေးစနစ်နှင့် ဘဏ်စနစ်များ ကောင်းမွန်ရန်လိုကြောင်း၊  ကုန်ထုတ်လုပ်မှု ရှိမှသာ ကုန်သွယ်မှုများ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုမှ  လုပ်အားခများ ရရှိမည်ဖြစ်ပြီး ငွေကြေးလည်ပတ်မှုများ ရှိလာမည်ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများ မှန်မှန်ကန်ကန် လည်ပတ်နိုင်စေရန်အတွက်  ဘဏ္ဍာရေးစနစ်များ မှန်ကန်ရန်လိုကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်အတွက်   အသေးစား အလတ်စားစီးပွားရေးလုပ်ငန်း(SME)များကို နိုင်ငံတော်အစိုးရက အားပေးလျက်ရှိသည်။ ဆန်စက်၊ ဆီစက်နှင့်ပဲခွဲစက်လုပ်ငန်းများကိုလည်း အားပေး ဆောင်ရွက်သွားမည် ဖြစ်သည်။ ထိုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ၎င်းင်းလုပ်ငန်းနှင့် ဆက်စပ်လျက်ရှိသည့် တောင်သူများနှင့် အလုပ်အကိုင် ဆောင်ရွက်ကြသူများ အနေဖြင့်လည်း လူမှုစီးပွားဘ၀ တိုးတက်လာမည်ဖြစ်သည်။  ကျေးလက်ဒေသနေပြည်သူများ စီးပွားရေးကောင်းမွန်ရေးဆောင်ရွက်နေ သကဲ့သို့ မြို့ပေါ်နေပြည်သူများ အလုပ်အကိုင်ရရှိရေး အတွက်လည်း ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ် ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ဆောင်ရွက်ရန်နှင့် နိုင်ငံအတွက် အမှန်အကျိုး ရှိမည့်ရင်းနှီးမြှုပ်နှံမှုများကို အားပေးဆောင်ရွက်သွားရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ်ဘီလီယံ ၄၀၀  ကို သီးသန့် ရန်ပုံငွေတစ်ရပ် ထူထောင်ထားရှိပြီး သြဂုတ် ၁၂ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ၁၇၀ ဘီလီယံ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသို့ ၆၀ ဘီလီယံ၊ မြစိမ်းရောင် စီမံကိန်းများ လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့သို့ ပြည်နယ် တစ်ခုလျှင် ၁၀ ဘီလီယံ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့သို့ ပြည်နယ်နှင့်တိုင်းဒေသကြီးတစ်ခုလျှင် ၈ ဘီလီယံ၊ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသတို့နှင့် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့သို့ ဒေသတစ်ခုလျှင် ၅ ဘီလီယံ စသည်ဖြင့် လွှဲအပ်ပေးခဲ့သည်။

ထိုနေ့က လွှဲအပ်ပေးခဲ့သော ငွေပေါင်းမှာ ဘီလီယံ ၃၃၀ ဖြစ်ပြီး ကျန်ရှိငွေများကို အခြားလုပ်ငန်း များတွင် အသုံးပြုနိုင်ရေး ဆွေးနွေးတိုင်ပင်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။  ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် မြစိမ်းရောင်လုပ်ငန်းများသည် အောင်မြင်မှုရှိနေပြီ ဖြစ်သည်။   နိုင်ငံတော်အစိုးရ၏ အလုပ်မှာ တိုင်းပြည်တွင်းရှိသည့် ပြည်သူပြည်သားအားလုံး သက်သောင့်သက်သာဖြင့် သွားလာနေထိုင် လုပ်ကိုင်စားသောက်နိုင်အောင် ဆောင်ရွက်ပေးခြင်း ဖြစ်ပေရာ ပြည်သူတစ်ရပ်လုံးကကျရာကဏ္ဍတွင် တာဝန်ကျေပွန်မှုအပြင် စေတနာထားဆောင်ရွက်ကြမည်ဆိုပါက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် သာယာလာမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။