စွမ်းဆောင်ရည်ရှိသူများအား ဂုဏ်ပြုပွဲ

စွမ်းဆောင်ရည်ရှိသူများအား ဂုဏ်ပြုပွဲ

(၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သော မြန်မာအားကစား အဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို သြဂုတ် ၂၀ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်

ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ကျင်းပသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက် အမှာစကား ပြောကြားပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထိုဆုချီးမြှင့်သည့် သတင်းကို ရုပ်မြင်သံကြားသတင်းများနှင့် နေ့စဉ်ထုတ်သတင်းစာများတွင် မြင်တွေ့ လိုက်ရသည်မှာ ဝမ်းသာဂုဏ်ယူဖွယ်၊ ကြည်နူးဖွယ်ဖြစ်ရသည်။

အားကစားပြိုင်ပွဲတွင် အောင်မြင်မှု ဆုရရှိအောင် စွမ်းဆောင်သူတို့အတွက် အောင်မြင်မှုနှင့် ထိုက်တန်သော ဆုချီးမြှင့်ခြင်းမှာ ဝမ်းသာဂုဏ်ယူဖွယ်ဖြစ်သည်။ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းမှာ မင်္ဂလာရှိလှသည်။ မသန်စွမ်းသူများ၏ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းမှုနှင့်စိတ်ဓာတ်ပိုင်းဆိုင်ရာ မြင့်မားလာစေရန်အတွက် ဆုချီးမြှင့်ခြင်းဖြစ် သည်။ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် မသန်လည်းလူ၊ သန်လည်းလူ၊ စွမ်းဆောင်နိုင်မှုသာ အဓိကဆိုသည့် အချက်ကို သက်သေပြခဲ့ကြသည်။

မြန်မာအားကစားအဖွဲ့၏ ရရှိသော ဆုတံဆိပ်များမှာ ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ်၁၇ ခု စုစုပေါင်းဆုတံဆိပ် ၄၃ ခု ရရှိခဲ့ကြပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဆင့် ၆ နေရာတွင် ရပ်တည်နိုင်ခဲ့သည်မှာ ဂုဏ်ပြုထိုက်သော စွမ်းဆောင်အောင်မြင်မှုပင်ဖြစ်သည်။ အားကစားဆိုသည်မှာ ယှဉ်ပြိုင်မှုရှိသော ရုပ်ပိုင်းဆိုင်ရာပြုမူ ဆောင်ရွက်မှုပုံစံအားလုံးကို သတ်မှတ်ခြင်းဖြစ်ပြီး အင်အားနှင့်ဉာဏ်ရည်ကို အသုံးချပြီး လှုပ်ရှားယှဉ်ပြိုင်မှု အားလုံးကို အားကစားဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားကြောင်း သိရှိရသည်။ ယခုအခါ အားကစားသည် တစ်ဦးချင်းပြိုင်ပွဲမှ လူပေါင်းရာထောင်ချီပါဝင်သော ပြိုင်ပွဲများအထိ ကျင်းပလျက်ရှိသည်။ အားကစားအောင်မြင်မှုသည် နိုင်ငံနှင့်လူမျိုး၏ဂုဏ်သိက္ခာကို နိုင်ငံတကာအလယ်တွင်ထည်ဝါခံ့ညားစေပြီး အားကစားပြိုင်ပွဲများကိုလည်း လက်နက်မပါသော တိုက်ပွဲများဟုပင် တင်စားလာကြသည်။

ကမ္ဘာကြီးတွင် အကြောင်းအမျိုးမျိုးကြောင့်မသန်စွမ်းဖြစ်မှုရာခိုင်နှုန်းသည် ကမ္ဘာ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်း ခန့်အထိ မြင့်တက်လာသည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်သည့်စာရင်းများအရ သိရှိရသည်။

မသန်စွမ်းသူအရေအတွက် များပြားလာသည်နှင့်အမျှ မသန်စွမ်းသူများ၏ အခွင့်အရေးများ ပိုမို အလေးထားကြရန် လိုအပ်လာသည်။ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ နိုင်ငံ့လူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်းဖြစ်သည့် ၂ ဒသမ ၃ သန်းခန့်သည် မသန်စွမ်းသူများဖြစ်ကြောင်း သိရှိရသည်။ မသန်စွမ်းသူများ၏ ဘဝစိုပြည်လှပအောင် ပြန်လည်ထူထောင်ရေး၊ လူ့ဂုဏ်သိက္ခာမြင့်မားရေးနှင့် သန်စွမ်းသူများ နည်းတူတန်းတူညီမျှ အခွင့်အရေးရရှိရေးကို ရှေးရှုသည့် အစီအစဉ်များကို နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိသည်။

မသန်စွမ်းအားကစားသမားများ အားကစားလေ့ကျင့်နိုင်ရန် ရည်ရွယ်၍ မသန်စွမ်းသူများအားကစား လေ့ကျင့်ရေးစခန်းကိုလည်း တည်ဆောက်ပံ့ပိုးပေးကာ စခန်းသွင်းလေ့ကျင့်ပေးလျက်ရှိသည်။ မသန်စွမ်းသူများအရေးနှင့်ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ အထူးအာရုံစိုက် အလေးထားနေသကဲ့သို့ မြန်မာနိုင်ငံကလည်း အထူးအလေးပေး လုပ်ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့် အားလျော်စွာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုသည့်ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားကာ အချင်းချင်းဖေးကူလက်တွဲတတ်ကြသည်။ မသန်စွမ်းသူများနှင့် ပတ်သက်သည့် အားကစားပြိုင်ပွဲများ အပါအဝင် အရေးကိစ္စမှန်သမျှကို အလေးထား လုပ်ဆောင်နေသကဲ့သို့ ဂုဏ်ပြုချီးမြှင့်ခြင်းများကိုလည်း ထိုက်တန်စွာ ပြုလျက်ရှိသည်။

(၁၁)ကြိမ်မြောက်အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သော မြန်မာအားကစား အဖွဲ့ဝင်များအား တစ်ဦးချင်းရွှေတံဆိပ်ရရှိသူများကို ငွေကျပ်သိန်း ၃၀၀၊ ငွေတံဆိပ်ရရှိသူများကို ငွေကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ်ဆုရရှိသူများကို ငွေကျပ်သိန်း ၁၀၀ စီချီးမြှင့်ခဲ့သည်။ ထို့ပြင် အသင်းလိုက်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့သည့် အသင်းသားတစ်ဦးလျှင်ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့သည့် အသင်းသားတစ်ဦးလျှင် ငွေကျပ်သိန်း ၇၀၊ ကြေးတံဆိပ်ရရှိခဲ့သည့် အသင်းသားတစ်ဦးလျှင်ငွေကျပ် ၃၅ သိန်းစီချီးမြှင့်ပြီး အားကစားနည်းအလိုက် တာဝန်ယူဆောင်ရွက်ခဲ့သည့် နည်းပြများကို တာဝန်ယူထားသည့် အားကစားနည်းမှ ရွှေတံဆိပ်ရရှိခဲ့အောင် စွမ်းဆောင်နိုင်ခဲ့သူ နည်းပြတစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိပါက ငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ရရှိပါက ငွေကျပ်သိန်း ၃၀ စီချီးမြှင့်လျက်ရှိသည်။

ထို့အတူအားကစားနည်းအလိုက် အုပ်ချုပ်မှုအဖွဲ့များကိုလည်း ရွှေတံဆိပ်ရရှိခဲ့ပါက အုပ်ချုပ်မှုအဖွဲ့များကို ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိပါက ငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ရရှိပါကငွေကျပ်သိန်း ၃၀ နှုန်းဖြင့် ပေးအပ်ချီးမြှင့်သည်။ (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သော မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်ကဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းမှာငွေကျပ်သိန်းပေါင်း ၁၀၀၆၀ ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။ အနှစ်ချုပ်ဆိုရသော် လာမည့်ပြိုင်ပွဲများအားလုံးတွင်သည့်ထက်မက ဆုတံဆိပ်များ ရရှိအောင် ကြိုးစားကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။