တပ်မတော်သားတို့ အောင်မြင်မှုသည် နိုင်ငံတော်၏ အောင်မြင်မှုဖြစ်သည်

တပ်မတော်သားတို့ အောင်မြင်မှုသည် နိုင်ငံတော်၏ အောင်မြင်မှုဖြစ်သည်

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၇ ရက်)

    ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် သြဂုတ် ၁၅ ရက်မှစတင်၍ ကျင်းပပြုလုပ်လျက်ရှိသော International Army Games-2022 ပြိုင်ပွဲ၌ မြန်မာ့တပ်မတော်မှ ပါဝင်ယှဉ်ပြိုင်ခဲ့သော ပြိုင်ပွဲများတွင် ဆုများထိုက်တန်စွာရရှိခဲ့သော သတင်းကောင်းသည် ပြည်သူတို့မျှော်လင့်နေသည့် သတင်းဖြစ်သည်။ နိုင်ငံနှင့်လူမျိုးအတွက် မိမိတို့ တပ်မတော်အတွက်လည်း ဝမ်းသာဂုဏ်ယူဖွယ်ဖြစ်သည်။ ဝေးမြေရပ်ခြားတွင် မြန်မာတို့၏ စွမ်းရည်ကို ကမ္ဘာကသိအောင် ပြသနိုင်ခဲ့ကြသည်မှာ ကျေနပ်ဖွယ်ဖြစ်သည်။

အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့်အတူ  International Army Games-2022  ပြိုင်ပွဲတွင် တင့်ကားစွမ်းရည်ပြိုင်ပွဲ၊ လက်ဖြောင့်သေနတ်ပစ် စွမ်းရည်ပြိုင်ပွဲ၊ ဆေးတပ်ဖွဲ့ စွမ်းရည်ပြိုင်ပွဲအပြင် ဆက်စပ်ပြိုင်ပွဲ တစ်ရပ်ဖြစ်သည့် Army of Culture ပြိုင်ပွဲများတွင် မြန်မာ့တပ်မတော်မှ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ တင့်ကား စွမ်းရည်ပြိုင်ပွဲတွင် ပထမဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့သည်။ မြန်မာ့တပ်မတော် ကိုယ်စားပြုရိုးရာ ယဉ်ကျေးမှုအဖွဲ့များက မြန်မာ့ဆိုင်းဝိုင်း တီးခတ်မှုပြိုင်ပွဲတွင် ပထမဆု၊ စုံတွဲအဆိုပြိုင်ပွဲ (ရုရှားသီချင်း)တွင် ပထမဆု၊ အကပြိုင်ပွဲ(ခေတ် ၄ ခေတ်)အကတွင် တတိယဆု၊ တစ်ဦးချင်း အမျိုးသမီး အဆိုပြိုင်ပွဲတွင် ဒုတိယဆု၊ ရိုးရာယဉ်ကျေးမှုကို ထင်ဟပ်ပေါ်လွင်အောင် အကောင်းဆုံး တင်ဆက်ပြသမှုတွင် တတိယဆု၊ Folk National Instrument တတိယဆု၊  ရိုးရာယဉ်ကျေးမှုပြခန်း တတိယဆုတို့ အသီးသီး ရရှိခဲ့သည့်အပြင် အွန်လိုင်းမှ တစ်ဆင့် ပရိသတ်၏ မဲပေးရွေးချယ်မှု (People's Choice Award) တွင်လည်း ပထမဆုကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြသည်။

မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့အနေဖြင့် (Tank Crews Competition) Division -2 ၌ ဆီးရီးယား၊ လာအို၊ အီရန်၊ တာဂျစ်ကစ္စတန်၊ တောင်အာဆက်တီးယား၊ အာခါ့ဇီယာ၊ ဆူဒန်၊ ဇင်ဘာဘွေ၊ အာမေး နီးယားနှင့် မာလီနိုင်ငံတို့မှ တင့်တပ်ဖွဲ့ဝင်များနှင့် အတူ မိုင်ကုန်မောင်းနှင်၍ စံချိန်ယူခြင်း၊ ၁၂၅ မီလီမီတာ အမြောက်အား ရပ်လျက် ကျည်သုံးတောင့် ပစ်ခတ်ခြင်း၊ ၁၂ ဒသမ ၇ မီလီမီတာ လေယာဉ်ပစ်စက်သေနတ်ကျည် ၁၅ တောင့် ရပ်လျက်ပစ်ခတ်ခြင်း၊ ၇ ဒသမ ၆၂ မီလီမီတာ ယှဉ်တွဲစက်သေနတ်ကျည် ၁၅ တောင့်ရပ်လျက် ပစ်ခတ်ခြင်းတို့ကိုယှဉ်ပြိုင်ခဲ့ပြီး မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့ Crew-1အနေဖြင့် ပြိုင်ပွဲဝင်စံချိန် ၂၇ မိနစ် ၄၃ စက္ကန့်ဖြင့် လည်းကောင်း၊ Crew-2 အနေဖြင့် ပြိုင်ပွဲဝင်စံချိန် ၃၈ မိနစ် ၁၄ စက္ကန့်ဖြင့် လည်းကောင်း၊ Crew-3အနေဖြင့် ပြိုင်ပွဲဝင်စံချိန် ၃၀ မိနစ် ၂၈ စက္ကန့်ဖြင့် လည်းကောင်း စုစုပေါင်း ပြိုင်ပွဲဝင်စံချိန် ၁ နာရီ ၃၆ မိနစ် ၂၅ စက္ကန့်ရရှိခဲ့ပြီး စုစုပေါင်းပစ်မှတ် ၁၅ ခုတွင် ၁၄ ခုကို ထိမှန်ခဲ့ကာ ပြိုင်ပွဲဝင် ၁၁ သင်း ယှဉ်ပြိုင်ခဲ့ရာတွင် ပထမဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။

ထို့အတူ မြန်မာ့တပ်မတော် ကိုယ်စားပြုရိုးရာ ယဉ်ကျေးမှုအဖွဲ့မှ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုများ ရရှိအောင် စွမ်းဆောင်နိုင်ခြင်းမှာ စည်းလုံးညီညွတ်မှုရှိခြင်း၊ သက်ဆိုင်ရာ ပညာရပ်များကို ကျွမ်းကျင်စွာ တတ်မြောက်ထားခြင်း၊ ရဲဘော်ရဲဘက်စိတ်ရှိခြင်း၊ အချင်းချင်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း တို့အပြင် ငါ့နိုင်ငံတော်၊ ငါ့တပ်မတော်အတွက် ငါတို့အစွမ်းကုန် ကြိုးစားပြိုင်ပွဲဝင်ကြမယ် ဆိုသည့်စိတ်ထားရှိခြင်း

တို့ကြောင့် ဆုများကို ထိုက်ထိုက်တန်တန် ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာမှန်လျှင် အမျိုးကိုချစ်ရမည်။ ဇာတိမာန် ထက်သန်ရမည်။ မျိုးကျက်သရေ တိုးတက်စေဖို့ မိမိတို့ကျွမ်းကျင်သည့် အတတ်ဖြင့် အစွမ်းကုန်ကြိုးစားကြရမည်ဖြစ်သည်။ တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ရာ တပ်မတော်သားတို့ အောင်မြင်မှုသည် နိုင်ငံတော်၏ အောင်မြင်မှုဖြစ်သည်။ နိုင်ငံနှင့်လူမျိုး၏ဂုဏ်၊ မြန်မာတို့၏ ဂုဏ်ကိုဆောင်နိုင်ခြင်း ဖြစ်သည်။

မြန်မာ့ရိုးရာ ယဉ်ကျေးမှုဖြစ်သည့် အဆို၊ အက၊ အရေး၊ အတီးပညာရပ်များမှာ လွန်စွာခက်ခဲပြီး သင်တိုင်း မတတ်သော ပညာရပ်များဖြစ်သည်။ အထူးသဖြင့် မြန်မာ့ဆိုင်းဝိုင်း ပထမဆုရရှိခြင်းမှာ ထိုက်တန်သည့်အပြင် တီးခတ်သည့်သီချင်းမှာလည်း ရုရှားဖက်ဒရေးရှင်း တပ်မတော်၏ ကျော်ကြားသော စစ်သီချင်း "The Red Army" နှင့် မြန်မာ့တပ်မတော်၏ ကျော်ကြားသော “ဖန်နေဝန်း”စစ်သီချင်း နှစ်ပုဒ်အား မြန်မာ့ရိုးရာ တူရိယာဖြစ်သည့် ပတ်ဝိုင်း၊ ခြောက်လုံးပတ်တို့ဖြင့် မြိုင်ဆိုင်စွာ တီးခတ်ပြနိုင်ခြင်းကြောင့်ဖြစ်သည်။ နားဆင်ရသူအဖို့ ဇာတိသွေး ဇာတိမာန်တက်ကြွစေသည်။

မြန်မာ့ဆိုင်းဝိုင်း ဆိုသည်မှာ အခြားသော တူရိယာများကဲ့သို့မဟုတ်ဘဲ သံစဉ်အပြောင်းအလဲ အလိုက် ပတ်စာပြောင်းတပ်ရသည့် အလွန်ခက်ခဲလှသော ပညာရပ်ဖြစ်သည်။ မြန်မာ့တပ်မတော် ယဉ်ကျေးမှုတပ်ဖွဲ့ဝင်များ အနေဖြင့် Army of Culture ပြိုင်ပွဲတွင် မြန်မာ့ရိုးရာ တူရိယာပစ္စည်းများ၊ သီချင်းများ၊ အက၊ အလှများဖြင့် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုစရိုက် လက္ခဏာများနှင့် ယဉ်ကျေးမှုအက၊ အလှတို့ကို ကမ္ဘာကသိအောင် စွမ်းဆောင်နိုင်ခဲ့သည်ကို ဂုဏ်ယူလျက်ရှိပါကြောင်း ရေးသား လိုက်ရပေသည်။   ။