လူလေးသန်းကျော် ရေဘေးသင့်နေသည့် ပါကစ္စတန် အရေးပေါ်အခြေအနေ ကြေညာ

လူလေးသန်းကျော် ရေဘေးသင့်နေသည့် ပါကစ္စတန် အရေးပေါ်အခြေအနေ ကြေညာ

လပေါင်းများစွာကြာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူလေးသန်းကျော် ရေဘေးသင့်နေသည့် ပါကစ္စတန်နိုင်ငံ၌ သြဂုတ် ၂၆ ရက်တွင် အစိုးရက အရေးပေါ် အခြေအနေကြေညာလိုက်ပြီဖြစ်ကြောင်း   သိရသည်။

ဇွန်လမှစတင်သည့်   မုတ်သုံရာသီကြောင့်   မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် ရေကြီးမှုများ၊ မြေပြိုမှုများဖြစ်ပွားရာ လူအယောက် ၉၀၀ သေဆုံးထားပြီး ဖြစ်ကြောင်းနှင့် ပြီးခဲ့သည့် ၂၄ နာရီအတွင်းမှာပင် သေဆုံးသူ ၃၄ ဦးရှိကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အေဂျင်စီက သြဂုတ် ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

ယခုနှစ်ရေဘေးသင့်သည့်အခြေအနေသည် နိုင်ငံ၏ သမိုင်းတစ်လျှောက် အဆိုးဆုံးဖြစ်သည့် ၂၀၁၀ ပြည့်နှစ်ကာလနှင့်ပင် နှိုင်းယှဉ်နိုင်ကြောင်း၊ ထိုအချိန်က  မုတ်သုံရာသီအတွင်း လူအယောက် ၂၀၀၀ ကျော်သေဆုံးပြီး နိုင်ငံ၏ နယ်မြေဧရိယာ ငါးပုံတစ်ပုံမှာ ရေအောက်မြုပ်သွားကြောင်း တာဝန်ရှိသူများကပြောသည်။

လက်ရှိတွင် ရေဘေးသင့်နေသူ ၄ ဒသမ ၂ သန်းကျော်ရှိကြောင်း၊ နေအိမ်အလုံး ၂၂၀၀၀၀ ကျော်မှာ လုံးလုံးလျားလျား ပျက်စီးသွားပြီး ငါးသိန်းကျော်မှာ ဆိုးဆိုးဝါးဝါး ပျက်စီးနေကြောင်းနှင့် ဆင်းပြည်နယ်တစ်ခု တည်းမှာပင် လယ်မြေဧက နှစ်သန်းကျော်ရေဖုံး လွှမ်းခံနေရသည်။ ယခုနှစ်အစောပိုင်းတွင် နိုင်ငံတစ်ဝန်း မိုးခေါင်ရေရှားသည့် ဒဏ်ကို ခံစားခဲ့ရပြီးဖြစ်ကာ ထိုအချိန်က အပူချိန် ၅၁ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့ဖူးကြောင်း သိရသည်။