ဒီမိုကရေစီအလေ့အကျင့်ကောင်းနှင့်လူငယ်များ

ဒီမိုကရေစီအလေ့အကျင့်ကောင်းနှင့်လူငယ်များ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သြဂုတ် ၂၂ ရက်တွင်ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၂)တွင် စာသင်ကျောင်းများတွင် ဒီမိုကရေစီနှင့်ပတ်သက်သည့် အသိများရှိအောင် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ဒီမိုကရေစီဟုဆိုရာတွင် မိမိတို့နိုင်ငံ၏ အမျိုးသားရေးစရိုက်လက္ခဏာနှင့်ယဉ်ကျေးမှုကို ထိခိုက်မှုမရှိစေနိုင်သည့် ပညာရေးစနစ်မျိုး ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ဒီမိုကရေစီနိုင်ငံရေးကို သင်ကြားရန်မဟုတ်ဘဲ ဒီမိုကရေစီ အလေ့အကျင့် ကောင်းများကို သင်ကြားပေးနိုင်မည် ဆိုပါက ကောင်းမွန်သည့် ပညာရေးစနစ် တစ်ခုဖြစ်လာမည် ဖြစ်ကြောင်းဟူ၍ အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတိုင်းတွင် လူငယ်မောင်မယ်တို့၏ အခန်းကဏ္ဍ၊ ပညာတတ်မြောက်မှုသည်လွန်စွာ အရေးကြီးလှသည်။

ပညာသင်ကြားရေးတွင် မူလတန်းပညာရေးကိုမသင်မနေရအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြဋ္ဌာန်းထားသော်လည်း ပြောင်းလဲလာသော ခေတ်အခြေအနေနှင့် နည်းပညာလိုအပ်ချက်အရ KG+9 အထိမသင်မနေရအဖြစ် သတ်မှတ်၍ ပညာရေးကို မြှင့်တင်ပေးရန် နိုင်ငံတော်အစိုးရကဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးနေခြင်းမှာ နိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်သလို လူငယ်တစ်ဦးချင်းစီ၏ အရည်အသွေးမြင့်မားရေး အတွက်လည်းဖြစ်သည်။

စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ပုံစံများကို ကလေးငယ်များ သိရှိစေချင်သည်။ လူငယ်များ နားလည်အောင် အလွယ်ဆုံးပြောရလျှင် ဒီမိုကရေစီဆိုသည်မှာ  မိမိ၏ လွတ်လပ်ခွင့်သည်သူတစ်ပါးအား မထိခိုက်သော လွတ်လပ်ခွင့်ဖြစ်ရပေမည်။ ဒီမိုကရေစီအော်နေပြီး မိမိနှင့်စိတ်သဘောဆန္ဒချင်း မကိုက်ညီသူများ ကို အပြစ်ရှာရန်ပြုနေသည်မှာ ဒီမိုကရေစီအသိအမှန်မဟုတ်ပေ။ မှန်မှန်ကန်ကန် စဉ်းစားတွေးခေါ်တတ်ခြင်းကို အခြေခံ၍ ကိုယ်ချင်းစာနာ စိတ်ထားရှိရပေမည်။

ကျောင်းများတွင် ဒီမိုကရေစီနှင့် ပတ်သက်သည့် အသိတရားများရှိအောင် သင်ကြားပေးခြင်းဖြင့် လူအချင်းချင်း တစ်ဦးနှင့်တစ်ဦး စုရုံးပေါင်းသင်း ဆက်ဆံရာတွင် သိသင့်သိထိုက်သည့် အကြောင်းနှင့် ပြုသင့်ပြုထိုက်သည့် တာဝန်ဝတ္တရားများကို လေ့လာသင်ကြားလိုက်နာခြင်းဖြင့်  လူငယ်တစ်ဦးချင်း၏ဘဝ၊ လူ့လောကအဆင့်အတန်း တိုးတက်မြင့်မားလာစေမည် ဖြစ်သည်။  ယနေ့လူငယ်များအား ပြည်သူပြည်သားကောင်းတို့၏ ဝတ္တရားဖြစ်သော ဒီမိုကရေစီ အသိတရား လေ့ကျင့်သင်ကြားတတ်မြောက်ကြမှသာ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ သားကောင်း၊ သမီးကောင်းများဖြစ်လာပေလိမ့်မည်။

လူငယ်တိုင်းဆောင်ရွက်ရန်ဖြစ်သော တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုထိန်းသိမ်းရေး၊ ပေါင်းသင်းဆက်ဆံရေး၊ လူမှုရေးတို့ကို နိုင်ငံ့သားကောင်းအဖြစ် နိုင်ငံတော်အတွက်တာဝန်ကျေပွန်အောင် ဆောင်ရွက်ကြရပေမည်။ အကျင့်စာရိတ္တကောင်းခြင်းနှင့် အမူအရာယဉ်ကျေးခြင်းသည် မတူညီနိုင်ပေ။ အချို့သောလူငယ်တို့မှာ ခေတ်ပညာတတ်၍ အကျင့်စာရိတ္တကောင်းကြပါလျက် အမူအရာ အပြောအဆို ယဉ်ကျေးမှု မရှိခြင်းကြောင့် အကျိုးရှိသင့်သလောက် မရှိရုံမျှမက တစ်ခါတစ်ရံအကျိုးယုတ်ခြင်းနှင့်ပင် တွေ့ကြုံရတတ်ပေသည်။

ပညာအရည်အချင်းတူပါလျက် ယဉ်ကျေးစွာ ဆက်ဆံတတ်သူက ယဉ်ကျေးမှုမရှိသူထက် အဆင့်အတန်းများစွာ သာလွန်ကာ အကျိုးခံစားနေရသည်ကို များစွာတွေ့မြင်နိုင်သည်။  ယဉ်ကျေးခြင်းအမူအရာသည် မွေးကတည်းကပါလာကြသည် မျိုးမဟုတ်ပေ။ သင်ကြားပြသအတုယူခြင်းဖြင့် ပြုပြင်၍ ရကောင်းသည့်အရာ ဖြစ်သည်။ ဒီမိုကရေစီနှင့်ပတ်သက်သည့် အသိများကိုလည်း ငယ်စဉ်ကကျောင်းသား၊ ကျောင်းသူဘဝကတည်းက စတင်သင်ကြားပေးမည်ဆိုပါက လူငယ်တို့၏အနာဂတ်၊ တိုင်းပြည်အနာဂတ်လှပနေမည် ဖြစ်ပေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် လမ်းမှားရောက်နေသော CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များအနေဖြင့် ကြိုဆိုရေးစခန်းများ၊ နီးစပ်ရာလုံခြုံရေး စခန်းများအပြင် နီးစပ်ရာမြို့နယ်များရှိ ကြက်ခြေနီအသင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်လူမှုဝန်ထမ်းရုံးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တရားဝင် အသိအမှတ်ပြုထားသည့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ အသီးသီးသို့ ဆက်သွယ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ကြောင်း ဖိတ်ခေါ်ထားသည်။

ဒီမိုကရေစီအမှန်တကယ်လိုလားသူများ၊ ပြည်ထောင်စုအကျိုးကို အမှန်တကယ် လိုလားသူများ၊ အမျိုးသား အကျိုးစီးပွားကို အခြေခံ၍ တိုင်းပြည်တည်ဆောက်ရေး ဆောင်ရွက်နေသူများမှာ ဒီမိုကရေစီ အသိတရားပြည့်ဝကြသူများ ဖြစ်သည်။ လမ်းမှားရောက်ကာ အကြမ်းဖက်လုပ်ရပ်များကျူးလွန်ကာ ပြည်သူတစ်ရပ်လုံး၏ စက်ဆုပ်ရွံရှာဖွယ်ဖြစ်နေသူများမှာ ဒီမိုကရေစီနှင့်ပတ်သက်၍ အသိပြည့်ဝခြင်း မရှိသူများ ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် စာသင်ကျောင်းများတွင် ဒီမိုကရေစီနှင့်ပတ်သက်သည့် အလေ့အကျင့် ကောင်းများ သင်ကြားပေးရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ခြင်းမှာ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ပိုမိုခိုင်မာရေးအတွက် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။