နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး

ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့်မိသားစုဝင်ငွေတိုးပွားလာစေရန်၊ တိုးပွား လာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ် လိုအပ်သော ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ကျေးလက်လူထု၏စွမ်းဆောင်ရည်တိုးတက်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစတင်၍ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်ထိခိုက် ခဲ့သည့် စီးပွားရေး လုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည်ဟူသော လုပ်ငန်းစဉ် နှင့်အညီ နိုင်ငံစီးပွားရေးကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံတွင် လူအများဆုံးနေထိုင်သည့် ကျေးလက်ဒေသများဖွံ့ဖြိုးရေးမှာ အဓိကကျလှသည့် အတိုင်း တစ်နိုင်ငံလုံးအကြားအလပ်မရှိ တိုးတက်အောင် ကြိုးစားလျက်ရှိသည်။ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကိုအခြေပြုသည့် အစီအမံများဆောင်ရွက်နေရာတွင် အကျိုးတူလယ်ယာစနစ်နှင့် မြစိမ်းရောင် စိုက်ပျိုးမွေးမြူရေးစီမံကိန်းများဆောင်ရွက်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ဘီလီယံ ၄၀၀ ထူထောင် ဆောင်ရွက်ခြင်းသည်လည်းပါဝင်သည်။

အကျိုးတူလယ်ယာ(Contract Farming)စနစ် ဆောင်ရွက်ခြင်းဖြင့်  သီးနှံထုတ်လုပ်မှု မြင့်မားလာခြင်း၊ ထွက်ကုန်သီးနှံအရည်အသွေး ကောင်းမွန်လာခြင်း၊ တောင်သူများအတွက် ဈေးကွက်ခိုင်မာပြီး ထိုက်သင့်သည့် ဈေးနှုန်းသေချာခြင်း၊ ရင်းနှီးမြှုပ်နှံမှုမှ ပြန်လည်ရရှိမည့်အကျိုးအမြတ်သေချာခြင်း၊ ဝယ်ယူသူများအတွက် အရည်အသွေး တူသီးနှံများကို တစ်နေရာတည်းတွင် ဝယ်ယူရရှိခြင်း အကျိုးတရားများ ရရှိစေမည်ဖြစ်ကြောင်း သိရှိရသည်။

အကျိုးတူလယ်ယာစနစ်ဖြင့် နွေစပါးသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းကို  နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဧက ၈ ဒသမ ၅ သိန်း၊  အကျိုးတူ လယ်ယာစနစ်ဖြင့် ဆောင်းပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ဧကငါးသိန်းဆောင်ရွက်ရန် သတ်မှတ်ထားသည်။

အဆိုပါစီမံကိန်းတွင် တောင်သူလယ်သမား အစုအဖွဲ့များ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ စက်ပိုင်ရှင်များ ပါဝင်သည့် အကျိုးတူလယ်ယာစနစ် ဆောင်ရွက်မည့် အစုအဖွဲ့များနှင့် သွင်းအားစုကုမ္ပဏီအစုအဖွဲ့များ  ဟူ၍အုပ်စု(၃)စု ပါဝင်မည်ဖြစ်သည်။ တောင်သူအစုအဖွဲ့များ ဖွဲ့စည်းရေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်းတို့ ပေါင်းစပ်ဆောင်ရွက်ကြမည်ဖြစ်သည်။

တောင်သူအစုအဖွဲ့တွင်ပါဝင်သူတောင်သူများသည် လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိထားသူများ ဖြစ်ရမည်။ သမဝါယမ ဦးစီးဌာနမှ ဖွဲ့စည်းထားသော လယ်ယာကုန်ထုတ် သမအသင်းများလည်း ပါဝင်ဆောင်ရွက်နိုင်သည်။

သွင်းအားစုကုမ္ပဏီ အစုအဖွဲ့များမှာ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး စသည့် စိုက်ပျိုးရေး သွင်းအားစုများ ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချသည့် ကုမ္ပဏီအစုအဖွဲ့များကို ဆိုလိုခြင်း ဖြစ်သည်။

အကျိုးတူလယ်ယာ(Contract Farming) စနစ်ဆောင်ရွက်မည့် နွေစပါးနှင့် ပဲတီစိမ်း စိုက်တောင်သူများ၊ နေကြာနှင့် အခြားသီးနှံစိုက်ပျိုးသော တောင်သူများအား သွင်းအားစုများ ပံ့ပိုးပေးနိုင်ရန်အတွက် သြဂုတ် ၂၃ ရက်နေ့အထိ ယူရီးယားမြေသြဇာတင်သွင်းပြီးတန်ချိန် ၁၇၇၀၀၀ ခန့်ရှိပြီး ဖြန့်ဖြူးရောင်းချမှု အနေဖြင့် တန်ချိန် ၁၁၅၀၀၀ ခန့် ရောင်းချပြီး ဖြစ်သည်။ တောင်သူများအား သွင်းအားစုများ ပံ့ပိုးပေးနိုင်ရန်အတွက် လိုအပ်မှုနှင့် လက်ရှိအခြေအနေ၊ ထပ်မံဝယ်ယူရမည့် တန်ချိန်များကို တွက်ချက်ပြီး လက်ဝယ်ရောက်ရှိ သင့်သည့်ကာလနှင့်အချိန်ကိုက်ဖြစ်စေရေး ကြိုတင်ဆောင်ရွက်ထားရှိပြီး လာမည့် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် နေကြာစိုက်တောင်သူများကို ပံ့ပိုးပေးနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အကျိုးတူလယ်ယာစနစ်၊ မြစိမ်းရောင်စီမံကိန်းတို့ဆောင်ရွက်လျက်ရှိရာတွင် ပါဝင်ဆောင်ရွက်သူ အားလုံးက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားတိုးတက်ရေး၊ လူနေမှုအဆင့်အတန်းမြင့်မားရေးနှင့် လယ်ယာကဏ္ဍ၏ ထုတ်လုပ်မှုအားကောင်းလာစေရေး တို့အတွက် နည်းပညာနှင့်မျိုးကောင်းမျိုးသန့်များ အသုံးပြုနိုင်ရေး၊ သွင်းအားစုများ အကျိုးရှိရှိ ထိရောက်စွာ သုံးစွဲနိုင်ရေး၊ စိုက်ပျိုးရေရရှိရေးအပါအဝင် လိုအပ်ချက်များကို ဘက်စုံထောင့်စုံမှဖြည့်ဆည်းပေးလျက်ရှိသည်။ ထို့ပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်ဘီလီယံ ၄၀၀ အနက်မှ သက်ဆိုင်ရာဝန်ကြီးဌာနနှစ်ခုသို့ ငွေကျပ် ဘီလီယံ ၂၃၀ မတည်ထူထောင် ပေးထားပြီးဖြစ်သည်။  အနှစ်ချုပ်ဆိုရသော် ရိုးသားကြိုးစားသည့်စိတ်ဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။