ဆွစ်ဇာလန် နိုင်ငံရေးသမားများက နိုင်ငံအနေဖြင့် နျူကလီးယား စွမ်းအင် ပြန်သုံးရန်တောင်းဆို

ဆွစ်ဇာလန် နိုင်ငံရေးသမားများက နိုင်ငံအနေဖြင့် နျူကလီးယား စွမ်းအင် ပြန်သုံးရန်တောင်းဆို

ဆွစ်ဇာလန်နိုင်ငံရေး သမားများက Stop Blackouts အမည်ရှိ အဖွဲ့ကို ဖွဲ့စည်းကာ နိုင်ငံအနေဖြင့်  နျူကလီးယား စွမ်းအင်ကို ပြန်သုံးရန်တောင်းဆိုမှုများ   ပြုလုပ်လာကြောင်း သိရသည်။ အဆိုပါအဖွဲ့တွင် ကော်မတီဝင်ခြောက်ဦး ပါဝင်သော်လည်း ၎င်းတို့အနက်ငါးဦးမှာ လွှတ်တော်အမတ်များဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် ဂျပန်နိုင်ငံရှိ ဖူကူရှီးမားနျူကလီးယား ဓာတ်ပေါင်းဖို တစ်လုံး အရည်ပျော်ကျမှုဖြစ်ပွားပြီးနောက် ဆွစ်ဇာလန်နိုင်ငံက လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်များဖြင့် နိုင်ငံအတွင်းရှိ နျူကလီးယား ဓာတ်ပေါင်းဖိုငါးလုံးကို ပိတ်သိမ်းရန် ၂၀၁၇ ခုနှစ်တွင် စီစဉ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဓာတ်ပေါင်းဖိုတစ်လုံးကို  ပိတ်ထားပြီး ဖြစ်သည်။

သို့သော် လက်ရှိကမ္ဘာ့နိုင်ငံရေး အခြေအနေများအရ   စွမ်းအင်ဈေးနှုန်းများ ကြီးမြင့်လာသည့်အတွက် လျှပ်စစ်မီးပြတ် တောက်မှုများလည်း ရှိလာသောကြောင့် နိုင်ငံ၏စွမ်းအင် အစီအစဉ်ကို  ပြန်လည် သုံးသပ်ရန် နိုင်ငံရေးသမားများက တောင်းဆိုလာခြင်းဖြစ်သည်။

ဆွစ်ဇာလန်နိုင်ငံ၏ တိုက်ရိုက်ဒီမိုကရေစီ စနစ်အရ ၁၈ လအတွင်း လက်မှတ်ထိုး တောင်းဆိုမှု အစောင်ရေ တစ်သိန်းရရှိပါက ရလဒ်ထွက်ပေါ်ရန်   နှစ်များစွာကြာမြင့် နိုင်သော်လည်း   အခြေခံဥပဒေကိုပင် ပြောင်းလဲနိုင်စွမ်း ရှိသည့်အတွက် ယခုကဲ့သို့ လက်မှတ်ထိုးတောင်းဆိုမှု အစီအစဉ်ကို သြဂုတ် ၃၀ ရက်တွင်  စတင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Stop Blackouts အဖွဲ့က ထုတ်ပြန်ထားသည်။

မကြာသေးမီအချိန်ကအထိ ဆွစ်ဇာလန်နိုင်ငံသည် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ထုတ်လွှတ်မှု ကင်းစင်သည်ဟု ဆိုနိုင်သော လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ရေအားနှင့် နျူကလီးယားစွမ်းအင်ကို  ပေါင်းစပ်ထားသည့် အတွက် သဘာဝပတ်ဝန်းကျင်၊  ရာသီဥတုတို့နှင့် သဟဇာတဖြစ်သော  လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အစီအစဉ်မှာ အကြောင်းပြချက်မရှိ ရပ်ဆိုင်းသွားတော့မည် ဖြစ်ကြောင်း Stop  Blackouts အမည်ဖြင့် လွှင့်တင်ထားသည့်  ဝက်ဆိုက်တွင် ရေးသားထားသည်။

  Ref: TST