အာဆီယံနှင့် ဂျီ-၂၀ အဖွဲ့တို့ အာရုံစိုက်ရမည်မှာ ပြည်သူများ၏ စားနပ်ရိက္ခာ ဖူလုံရေးဖြစ်

အာဆီယံနှင့် ဂျီ-၂၀ အဖွဲ့တို့ အာရုံစိုက်ရမည်မှာ ပြည်သူများ၏ စားနပ်ရိက္ခာ ဖူလုံရေးဖြစ်

အရှေ့တောင်အာရှနိုင်ငံများ အသင်း(အာဆီယံ)နှင့် ဂျီ-၂၀ တို့အနေဖြင့် အနာဂတ် ဆွေးနွေးမှုများတွင် အဓိက အာရုံစိုက်ရမည့် အချက်မှာ ပြည်သူများ၏ စားနပ်ရိက္ခာ ဖူလုံရေးဖြစ်ကြောင်း အင်ဒိုနီးရှား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး အဲလန်ဂါဟာတာတိုက သြဂုတ် ၂၉ ရက်တွင် ပြောသည်။

လက်ရှိတွင်  အာဆီယံအဖွဲ့ဝင်နိုင်ငံများက  ဒေသတွင်း  လိုအပ်သည့် စားနပ်ရိက္ခာအတွက် ထောက်ပံ့ပို့ဆောင်မှုများ၊ အရင်းအမြစ်များနှင့် ကုန်ပစ္စည်းများကို မည်ကဲ့သို့ အပြန်အလှန်ခွဲဝေမည်နှင့် ပတ်သက်၍ ဆွေးနွေးနေပြီး ဒေသတွင်း အတွက်အဓိက စားသောက်ကုန်မှာ ဆန်စပါး ဖြစ်သည်ဟု အဖွဲ့ဝင်နိုင်ငံများက အစောပိုင်းတွင် သဘောတူပြီးဖြစ်ကြောင်း အင်ဒိုနီးရှား ဝန်ကြီးက စင်ကာပူနိုင်ငံ၌ လုပ်ဆောင်သည့် ဟောပြောပို့ချချက် တစ်ခုတွင် ပြောသည်။

အလားတူအစီအစဉ်မျိုးကိုလည်း ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံများအကြား အကောင်အထည်ဖော်ရန် ကြိုးပမ်းနေကြောင်း၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံကြား အကြိုက်တူညီမှုများ မရှိနိုင်သော်လည်း အရေးအကြီးဆုံး အချက်မှာ နိုင်ငံပေါင်းစုံပါဝင်သည့် ငွေကြေးထည့်ဝင်မှုဖြစ်ပြီး ထိုမှတစ်ဆင့် စားနပ်ရိက္ခာ ရရှိရေးအတွက် အရင်းအမြစ်များတွင် အသုံးပြုခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

အင်ဒိုနီးရှားနိုင်ငံသည် ဂျီ-၂၀ အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် လက်ရှိတာဝန် ထမ်းဆောင်နေပြီး လာမည့်နှစ်တွင် အာဆီယံအဖွဲ့၏ ဥက္ကဋ္ဌအဖြစ်တာဝန် ထမ်းဆောင်ခွင့် ရရှိမည်ဖြစ်သည်။

ပြီးခဲ့သည့်  ဆယ်စုနှစ်နှစ်ခုအတွင်း ဒေသတွင်းရှိ နိုင်ငံအများအပြားသည် သိသာထင်ရှားသော  ဖွံ့ဖြိုးတိုးတက်မှုများ ရရှိခဲ့ သော်လည်း မကြာသေးမီက ဖြစ်ပွားပြီးယခုထိတိုင် မငြိမ်သက်နိုင်သေးသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံမှ လူပေါင်း ၄ ဒသမ ၇ သန်းသည် ယမန်နှစ်တွင်  အလွန်အမင်း ဆင်းရဲမှုနှင့် ရင်ဆိုင်ကြုံတွေ့ ခဲ့ရကြောင်း သိရသည်။