အမေရိကန်အနေဖြင့် လွတ်လပ်စွာ ခရီးသွားလာခွင့်ကို အကြောင်းပြကာ ရန်စနေမှု ရပ်တန့်ရန် တရုတ်တောင်းဆို

အမေရိကန်အနေဖြင့် လွတ်လပ်စွာ ခရီးသွားလာခွင့်ကို အကြောင်းပြကာ ရန်စနေမှု ရပ်တန့်ရန် တရုတ်တောင်းဆို

    အမေရိကန်အနေဖြင့်  လွတ်လပ်စွာ ခရီးသွားလာခွင့်ကို အကြောင်းပြကာ ကျူးကျော်ရန်စနေမှုများနှင့် အင်အားပြနေမှုများကို ရပ်တန့်ရန် တရုတ်အစိုးရက တောင်းဆိုကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက သြဂုတ် ၂၉ ရက်တွင်ပြောသည်။

လွတ်လပ်စွာခရီးသွားလာခွင့် ခေါင်းစဉ်အောက်မှ အမေရိကန်ရေတပ် စစ်သင်္ဘာများ ဖြတ်သန်းသွားမှုသည်  စစ်အင်အားပြခြင်း ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းသည် လွတ်လပ်စွာသွားလာမှုအပေါ် ကတိပြုမှုကို လိုက်နာခြင်း မဟုတ်ဘဲ  ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဆိုးဆိုးဝါဝါးထိခိုက်စေရန် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကျောင်းလီကျန်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

အလားတူ အမေရိကန်သည် အခြားသော နိုင်ငံများ၏ ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲမှုနှင့် အချုပ်အခြာအာဏာတို့ကို လေးစားသင့်သည့်အပြင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရေးဆိုင်ရာ နိုင်ငံတကာဆက်ဆံရေး အခြေခံစံနှုန်းများကိုလည်း  လိုက်နာသင့်ကြောင်း  ၎င်းက ဆက်ပြောသည်။

တရုတ်နိုင်ငံ၏ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံထားရသော်လည်း ခွဲထွက်ရေး အတွက်ကြိုးပမ်းနေသည့်   ထိုင်ဝမ်ကျွန်းသို့ အမေရိကန်အောက် လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုဆီ လာရောက်ပြီးနောက် ပထမဆုံးအဖြစ်   အမေရိကန်ရေတပ် စစ်သင်္ဘောနှစ်စင်းက သြဂုတ် ၂၇ ရက်တွင် ထိုင်ဝမ်ရေလက်ကြားမှ  ဖြတ်သန်းသွားကြောင်း သိရသည်။