ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆည်ရေပေးဝေမှုလုပ်ငန်းများမှာ တောင်သူကြီးများကိုယ်တိုင်ပါဝင်စီမံပြီး မိမိတို့၏စုပေါင်းအင်အား များနှင့် တစ်နိုင်ငံလုံးကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားကြရန်နှင့် မိမိအကျိုး၊ နိုင်ငံတော်အကျိုးမျှော်ကိုးပြီး သာယာဝပြော၍ စားရေရိက္ခာပြည့်စုံကြွယ်ဝသည့် နိုင်ငံတော်အဖြစ် ရပ်တည်နိုင်အောင် ပါဝင်ဆောင်ရွက် ပေးကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် သြဂုတ် ၂၆ ရက်နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးပညာပေးရေးနှင့်ကျေး လက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ဖြင့် လယ်ယာ ကဏ္ဍနှင့်တောင်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေး ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြား စဉ် ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ရေအရင်းအမြစ်ပေါများ ကြွယ်ဝသည့်နိုင်ငံဖြစ်သည်။ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်နှင့် စစ်တောင်းမြစ်ကြီးလေးစင်းမှာ မြောက်မှတောင်သို့ စီးဆင်းလျက်ရှိသည်။ ထိုမြစ်ကြီးလေးစင်းတွင် မြစ်လက်တက်ပေါင်းများစွာရှိပြီး နှစ်စဉ်ရေဧကပေသန်းပေါင်း ၈၇၆ သန်းခန့်ပင်လယ်ထဲသို့ စီးဆင်းဝင်ရောက်သွားလျက်ရှိသည်။ ထိုစီးဆင်းသွားသည့် မြစ်ရေများကို နိုင်ငံအတွက် အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် မြစ်ကြီးများနှင့် မြစ်လက်တက်များပေါ်တွင် ဆည်တမံ ၂၄၅ ခုနှင့် ရေတင်လုပ်ငန်း ၂၁၀ တို့ တည်ဆောက်ထားရှိသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် သီးနှံမျိုးစုံစိုက်ဧက ၃၃ ဒသမ ၂ သန်းခန့်ရှိပြီး ရေသွင်းစိုက်ဧကမှာ ၆ သန်းကျော်ရှိကြောင်း သိရှိရသည်။ ရေအသုံးချမှုကို စနစ်တကျ ပြုလုပ်ပြီး ရေသွင်းစိုက်ဧက ၆ သန်းကျော်တွင် စပါး၊ပဲ၊စပါး၊ စပါး၊နေကြာ၊ စပါး၊ စပါး၊ နှမ်း၊ စပါးအခြားစပါးနှင့်တွဲပြီး သီးထပ်နှစ်မျိုးစသည်ဖြင့်  မိမိတို့ ကြိုက်နှစ်သက်ရာ သီးနှံများကို သုံးသီးစိုက်ပျိုးသွားနိုင်မည် ဆိုပါက တောင်သူများ၏ လူမှုစီးပွားဘဝသည်များ စွာပြောင်းလဲလာမည်ဖြစ်သည်။

စိုက်ပျိုးရေး လုပ်ငန်းမှန်သမျှမှာ ရေကိုအသုံးပြုရခြင်းဖြစ်ပြီး ရေမရရှိပါက မည်သည့်သီးနှံမှ ဖြစ်ထွန်းမည် မဟုတ်ပေ။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် ဆည်မြောင်းစီမံကိန်းလုပ်ငန်းများ ဖြစ်သည့် ရေလှောင်တမံများ၊ ရေလွှဲဆည်များ၊ ရေတံခါးများ၊ရေပေးမြောင်းများနှင့် ရေထိန်းအဆောက်အအုံများ၊ လျှပ်စစ်မြစ်ရေတင် လုပ်ငန်းများ၊ မြေအောက်ရေထုတ်ယူသုံးစွဲသည့် လုပ်ငန်းများ၊ ရေအားလျှပ်စစ်ထုတ် လုပ်ခြင်းနှင့် နေရောင်ခြည်စွမ်းအင်သုံးရေပေးဝေမှု လုပ်ငန်းများ၊ မြေအောက်ရေထိန်းရေလှောင်တမံလုပ်ငန်း များကိုနည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည်။

တောင်သူများအနေဖြင့် ထိုသို့ဆောင်ရွက်ပေးလျက်ရှိသည့် ဆည်ရေအရင်းအမြစ်များကို ထိထိရောက်ရောက် အကျိုးရှိအောင် အသုံးပြုပြီး မိမိတို့၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍများကို တိုးတက်ပြောင်းလဲလာအောင် ရှေးရှုဆောင်ရွက်သွားကြမည် ဖြစ်သည်။ ကမ္ဘာနှင့်အဝှမ်းရာသီဥတုပြောင်းလဲဖောက်ပြန်မှုကြောင့် ရေသယံဇာတ

များဆုတ်ယုတ်ခြင်း၊ ရှားပါးခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ ရေသည် လူနှင့်သစ်ပင်၊ တိရစ္ဆာန်များအတွက် မရှိမဖြစ်သည့် အရာဖြစ်ပေရာ ရေသယံဇာတများကို အကျိုးမဲ့အလဟဿမဆုံးရှုံးစေရန်နှင့် အနာဂတ်တွင် ရေရှည်သုံးစွဲနိုင်ရန်အတွက် ခြိုးခြံချွေတာခြင်း၊ ထိရောက်အကျိုးရှိစွာသုံးစွဲခြင်းများကို လုပ်ဆောင်ကြရမည် ဖြစ်သည်။

နိုင်ငံတစ်ဝန်းတွင် တည်ဆောက်ထားသည့် ဆည်မြောင်းတာတမံများက ထုတ်လွှတ်ပေးသည့် စိုက်ပျိုးရေများကို စနစ်တကျစီမံခန့်ခွဲ အသုံးပြုနိုင်ရန်အတွက် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားကြီးများ ကိုယ်တိုင် ထိရောက်စွာ ပါဝင်ကြရမည် ဖြစ်သည်။ ရေအလေအလွင့်မရှိစေရန်အတွက် လယ်များအတွင်းလယ်ကြားမြောင်းစနစ်များကိုသေချာစွာ ပြုပြင်မွမ်းမံခြင်း၊ ပင်မမြောင်းကြီးမှသွားသည့် မြောင်းလက်တံအဆင့်ဆင့်ကို ပြုပြင်ထိန်းသိမ်းခြင်းများဆောင်ရွက်ခြင်းဖြင့်တန်ဖိုးရှိသည့်ရေများလေလွင့်မှုမဖြစ်စေရန်ဆောင်ရွက်ကြရမည်ဖြစ်သည်။

ထို့အတူ ရေပေးမြောင်းများတစ်လျှောက် ရေစိမ့်ဝင်ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန် လိုင်နင်စီခြင်းကိုလည်း ဓနအင်အား ပေါ်မူတည်ပြီး ရင်းနှီးမြှုပ်နှံဆောင်ရွက်ခြင်းဖြင့် ရေလေလွင့်မှုနည်းပါးအောင် ပြုလုပ်ကြရမည်ဖြစ် သည်။ တူးမြောင်းများတွင် လိုင်နင်စီခြင်းအားဖြင့် ရိုးရိုးမြေသားမြောင်းများထက် ရေလေလွင့်မှု ၂၀ ရာခိုင်နှုန်းခန့် လျော့နည်းသက်သာစေမည်ဖြစ်ကြောင်း သိရှိရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် စိုက်ပျိုးရေပေးဝေမှု လုပ်ငန်းများကို စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ တောင်သူလယ်သမားများ အနေဖြင့်လည်း ပူးပေါင်းပါဝင်ဆည်မြောင်းစနစ် ဆိုသည့် စကားရပ်နှင့်အညီ လယ်ယာကဏ္ဍနှင့်တောင်သူတို့၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ပါဝင်ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။