နိုင်ငံ့ဘဏ္ဍာတိုးပွားရေး ရှေးရှုဆောင်ရွက်

နိုင်ငံ့ဘဏ္ဍာတိုးပွားရေး ရှေးရှုဆောင်ရွက်

နိုင်ငံတော်အစိုးရအနေဖြင့် ဈေးကွက်စီးပွားစနစ် တည်ငြိမ်အောင် ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်လျက်ရှိသည်။ တရားမဝင်ကုန်သွယ်မှုများရှိနေခြင်းသည် ဈေးကွက်စီးပွားရေးစနစ်တည်ငြိမ်မှုကို အနှောင့်အယှက်ဖြစ်စေသည်။ တရားမဝင်ကုန်သွယ်မှုပပျောက်စေရေးအတွက်  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ကိုယ်တိုင်ဦးဆောင်ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက် ရှိသည်။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့သည်မှာ ကိုးလအတွင်းသို့ ရောက်ရှိလာပြီဖြစ်သည်။  ပူးပေါင်းဆောင်ရွက်မှုထက်သန်ခြင်း၊  အမိန့်နာခံမှု အားကောင်းခြင်းနှင့် စည်းကမ်းလိုက်နာခြင်းတို့သည် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းများ အောင်မြင်ရေးတွင် အရေးပါသည့် အခြေခံအလေ့အကျင့်ကောင်းများဖြစ်သည်။ ကိုးလတာကာလအတွင်း အောင်မြင်မှုများ များစွာရရှိနေပြီဖြစ်၍ အဆိုပါအလေ့အကျင့်ကောင်းများကို ဆက်လက်သယ်ဆောင်ကြရန် ဖြစ်သည်။  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် တိုးတက်မှုနှင့် ထိရောက်မှုများ ရှိနေခြင်းကို တရားဝင်လမ်းကြောင်းများမှ ကုန်သွယ်မှုမည်မျှအထိတိုးတက်လာသည်ကို တိုင်းတာသိရှိနိုင်သည်။

ထို့ပြင် လအလိုက်ဖမ်းဆီးရမိမှုကို လေ့လာကြည့်ပါက ဇွန်လတွင်ဖမ်းဆီးရမိမှုမှာ စုစုပေါင်းတန်ဖိုးငွေ ကျပ် ၃ ဒသမ ၄ ဘီလီယံသာရှိခဲ့သော်လည်း ဇူလိုင်လတွင်ငွေကျပ် ၆ ဒသမ ၁ ဘီလီယံအထိ နှစ်ဆနီးပါး တိုးတက်လာသည်။ ဇူလိုင်လအတွင်း ဖမ်းဆီးရမိမှု အများဆုံးမှာ ပဲခူးတိုင်းဒေသကြီးဖြစ်သည်။  ဇန်နဝါရီလမှ ဇူလိုင်လအထိ ခုနစ်လတာကာလအတွင်း ဖမ်းဆီးရမိမှုအမှုတွဲ ၂၁၈၂ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁ ဒသမ ၂၈ ဘီလီယံဖြစ်ပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ဖမ်းဆီးရမိမှု အမှုတွဲ ၉၃၀၊  ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅ ဒသမ ၄၆ ဘီလီယံပိုမိုရရှိခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း သည် သြဂုတ် ၁၉ ရက်ကကျင်းပခဲ့သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအစည်း အဝေး(၄/၂၀၂၂)တွင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း နိုင်ငံတော်အတွက် အခွန်အကောက်များ အမှန်တကယ်ရရှိရေးသည် အဓိကအခန်းကဏ္ဍမှပါဝင်နေသည့်အတွက် တရားမဝင်ကုန်သွယ်မှုများကြောင့် ထိခိုက်ဆုံးရှုံးမှုများကို အများပြည်သူ သိရှိနိုင်ရေးအတွက် မီဒီယာကဏ္ဍဖြင့် ကျယ်ကျယ်ပြန့်ပြန့်အသိပေး ဆောင်ရွက်ကြရန်၊ အခွန်အခများ အပြည့်အဝရရှိရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူပြီး နိုင်ငံတော်မှရသင့်ရထိုက်သည့် အခွန်အခများအပြည့်အဝရရှိရေးအတွက် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်း အဖွဲ့အစည်းများ အနေဖြင့် တာဝန်သိစိတ်ဖြင့် စေတနာထားဆောင်ရွက်ကြရန် အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

တရားမဝင်ကုန်သွယ်မှုလျော့နည်းပပျောက်ရေး လုပ်ဆောင်လျက်ရှိရာတွင်  ကုန်သွယ်လုပ်ငန်းရှင် များအနေဖြင့် တရားမဝင်လမ်းကြောင်း တစ်နည်းအားဖြင့် လမ်းကြောင်းအမှားမှသွားသည်ကို ဖမ်းဆီးအရေးယူလျက် ရှိသကဲ့သို့  လမ်းကြောင်းမှန်ဖြစ်သည့် တရားဝင်လမ်းကြောင်းမှ သွားလာနိုင်ရေးကိုလည်း တတ်နိုင်သမျှ တည့်မတ်ပေးကြရမည်ဖြစ်သည်။ အမိန့်ညွှန်ကြားချက်များအတိုင်း သိမ်းဆည်းရမိတရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းများကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသည့်လုပ်ငန်းများတွင် မသမာမှုနည်း လမ်းများဖြင့် ကြန့်ကြာမှုရှိစေရေး၊ အမှုမှလွတ်မြောက်စေရေး စသည့်ပြုမူဆောင်ရွက်မှုများ မရှိကြစေရေးအတွက် တာဝန်ရှိသူများ အနေဖြင့် နိုင်ငံတော်၏ အကျိုးစီးပွားကိုရှေးရှု၍ လုပ်ငန်းစဉ်များ တိတိကျကျလျင်လျင်မြန်မြန် ပြီးစီးအောင် စေတနာရှေ့ထားဆောင်ရွက်ကြရန်ဖြစ်သည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် လူသားတစ်ရပ်လုံးနှင့် ပြည်သူတစ်ရပ်လုံးကို အထူးအန္တရာယ် ပေးလျက်ရှိသော မူးယစ်ဆေးဝါးနှင့်လက်နက်ခဲယမ်းများ အပါအဝင် ပေါက်ကွဲစေတတ်သော တရားမဝင် အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းဆီးရမိခြင်းမှာ လွန်စွာကောင်းကျိုးရှိသော သတင်းများဖြစ်သည်။ ဆိုလိုသည်မှာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး တာဝန်ယူထားသူများအနေဖြင့် လူသားတို့၏ အသက်ပေါင်းများစွာကို ကယ်တင်လိုက်ခြင်းဖြစ်သည်။ ထိုပစ္စည်းများလွတ်ထွက်သွားခဲ့သော်  လူသားတို့၏ အသက်ဆုံးရှုံးခြင်းများ၊ လူမှုဘဝပျက်စီးခြင်းများသာ ကြုံရမည်ဖြစ်သည်။

ထို့ကြောင့် တစ်လထက်တစ်လ ပိုမိုတိုးတက်ကာဖမ်းဆီးရမိမှုများလာခြင်းမှာ  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးတွင် ပါဝင်သူများ၏ စွမ်းဆောင်ရည်ထက်မြက်မြင့်မားခြင်းကို ဖော်ပြခြင်းဖြစ်သည်။ မြေပြင်တွင်လက်တွေ့တာဝန် ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ အဂတိတရားလွှမ်းမိုးထားပါက ရည်မှန်းချက်များ အောင်မြင်ရန် ခဲယဉ်းနေမည်ဖြစ်သည်။ မှန်ကန်သည့်သတင်းရရှိမှု၊ သတင်းလုံခြုံမှုနှင့် သတင်းပေးလူပုဂ္ဂိုလ်တို့၏ လုံခြုံမှုတို့ကိုလည်း အထူးဂရုပြုရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် တရားမဝင်ကုန်သွယ်မှုပပျောက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သက်ဆိုင်သူအားလုံးက ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့ဘဏ္ဍာတိုးပွားရေး ရှေးရှုဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။