ဂျာမနီ၏ အလွန်ဈေးချိုသော ရထားလက်မှတ်က ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ တန်ချိန် ၁ ဒသမ ၈ သန်း ထုတ်လွှတ်မှုကို လျှော့ချပေးနိုင်

ဂျာမနီ၏ အလွန်ဈေးချိုသော ရထားလက်မှတ်က ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ တန်ချိန် ဒသမ သန်း ထုတ်လွှတ်မှုကို လျှော့ချပေးနိုင်

    ဂျာမနီနိုင်ငံက လက်ရှိဖော်ဆောင်နေသည့် အလွန်ဈေးချိုသော မီးရထား လက်မှတ်က ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ် ငွေ့ပမာဏတန်ချိန် ၁ ဒသမ ၈ သန်း ထုတ်လွှတ်မှုကို လျှော့ချပေးနိုင်ကြောင်း သုံးလကြာ  သုတေသနပြုမှု အရ သိရသည်။

လစဉ် ၉ ယူရို (မြန်မာငွေ ၁၉၀၀၀၀ ခန့်)သာ ကျသင့်သည့် မီးရထားလက်မှတ်သည် နိုင်ငံတစ်ဝန်းရှိ မြို့ပတ်ရထားများ၊ မြေအောက်ရထားများ၊ ဓာတ်ရထားများကို သာမက ဘတ်စကားများကိုပါ စီးနင်းနိုင်စေမည်ဖြစ်သည်။

ထိုကဲ့သို့ဈေးချိုသော အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်ကြောင့် နေ့စဉ်ရုံးသွားရုံးတက် သွားလာသူများသည် ကိုယ်ပိုင်ကားများအစား ထိုသယ်ယူ ပို့ဆောင်ရေးစနစ်ကို အသုံးပြုလာကြသည့်အတွက် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တန်ချိန် ၁ ဒသမ ၈ သန်း ထုတ်လွှတ်မှုကို လျော့ကျစေကြောင်း လေ့လာသူများက ပြောသည်။

ယင်းလက်မှတ်ဖြင့် စမ်းသပ် အသုံးပြုမှုကို ဇွန်လမှ ယခုလကုန်အထိ လုပ်ဆောင်ခြင်းဖြစ်ပြီး အဓိက အကြောင်းရင်းမှာ စွမ်းအင်နှင့် စက်သုံးဆီဈေးနှုန်းများ အဆမတန် မြင့်တက်နေသည့်ကြားမှ ဂျာမနီနိုင်ငံ၏ စီးပွားရေး ဖောင်းပွမှုမှသည် ပေါက်ကွဲမှုအထိ မဖြစ်ပွားစေရန် တစ်ဖက်တစ်လမ်းက ကူညီပေးလိုခြင်းဖြစ်သည်။

ယခုစမ်းသပ်မှု ကာလအတွင်း အဆိုပါ အလွန်ဈေးချိုသော ရထားလက်မှတ် အစောင်ရေ ၅၂ သန်းအထိ ရောင်းချနိုင်ခဲ့ကြောင်း   တာဝန်ရှိသူများက  ပြောသည်။

သို့သော် ယခုအစီအစဉ်ကို အကောင်အထည်ဖော်မှု အတွက် အစိုးရဘက်က ယူရို ၂ ဒသမ ၅ ဘီလီယံကိုကျခံ သုံးစွဲခဲ့ရ သောကြောင့် အစိုးရအနေဖြင့် ထိုအစီအစဉ်ကို ဆက်လက်ထောက်ပံ့ပေးရန် အစီအစဉ် မရှိပေ။

ဂျာမနီနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍအနေဖြင့် ပြီးခဲ့သည့်နှစ်တွင် ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့တန်ချိန် သုံးသန်းလျှော့ချရမည့် ရည်မှန်းချက်ကို  ပြည့်မီခဲ့ခြင်း မရှိသည့်အတွက် အပြစ်တင်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။