မိုးနှောင်းရာသီ သတိနှင့်နေကြမည်

၂၀၂၂ ခုနှစ်အတွက်မိုးနှောင်းကာလကို စက်တင်ဘာ ၁ ရက်(မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်တော်သလင်းလဆန်း ၇ ရက်)မှ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ပြန်လည်ဆုတ်ခွာသည့်နေ့အထိ သတ်မှတ်ထားသည်။  အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာ ၁၃ ရက် မှ ၁၈ ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်း ဒေသများမှလည်းကောင်း၊ စက်တင်ဘာ ၁၉ ရက် မှ ၂၄ ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများမှလည်းကောင်း၊ စက်တင်ဘာ ၂၅ ရက် မှ ၃၀ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများမှလည်းကောင်း၊ အောက်တိုဘာ ၁ ရက် မှ ၇ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးမှ လည်းကောင်း ဆုတ်ခွာသွားဖွယ်ရာရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒ ခန့်မှန်းချက်တွင် ဖော်ပြထားသည်။      

ထိုကာလများအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း လေးကြိမ်ဖြစ်ပေါ်နိုင်ပြီး နှစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအနည်းငယ်မှ အားအသင့်အတင့်ရှိနိုင်ကြောင်း အဆိုပါ ခန့်မှန်းချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် အနောက်တောင်မုတ်သုံလေဝင်ရောက်မှုမှာ နောက်ကျပြီး ပြန်လည်ထွက်ခွာမှုမှာစောလွန်းသည့်အတွက် မုတ်သုံရာသီတိုတောင်းသည်ဟု ဆိုနိုင်သည်။

မြန်မာနိုင်ငံအတွင်းဝင်ရောက်လျက်ရှိသောမုတ်သုံလေသည် အောက်တိုဘာပထမပတ်ခန့်တွင် ဆုတ်ခွာမည်၊ မုန်တိုင်းငယ်နှစ်ကြိမ်ခန့်ဖြစ်နိုင်သည်ဟု ခန့်မှန်းထားပေရာ မိုးနှင့်ပတ်သက်သည့် သဘာဝဘေးအန္တရာယ်ကို ကြိုတင်ပြင်ဆင်မှုဖြင့် ကာကွယ်ကြရမည်ဖြစ်သည်။   ကမ္ဘာတစ်ဝန်းတွင်နိုင်ငံအချို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သဘာဝဘေးကြုံတွေ့နေကြရသည့် သတင်းများကြားရသည်မှာ စိတ်မကောင်းဖွယ်ဖြစ်သည်။ အိန္ဒိယနိုင်ငံမြောက်ပိုင်းနှင့်အရှေ့ပိုင်းဒေသများတွင်   မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  ရေကြီးခြင်းနှင့် မြေပြိုခြင်းဖြစ်ပွားခဲ့သည့်အတွက် သေဆုံးသူ ၃၈ ဦးရှိကြောင်း သြဂုတ် ၂၁ ရက်နေ့ သတင်းများအရသိရှိရသည်။

လာအိုနိုင်ငံမြောက်ပိုင်း၌ ရေကြီးရေလျှံမှုဖြစ်ပွားမှုကြောင့် ဆုံးရှုံးမှုတန်ဖိုး လာအိုငွေ ၅ ဒသမ ၆ ဘီလီယံရှိခဲ့ကြောင်း သြဂုတ်လ ၂၉ ရက်နေ့သတင်းများအရသိရှိရသည်။ အာဖဂန်နစ္စတန်နိုင်ငံ တစ်ဝန်းလုံးတွင် လွန်ခဲ့သည့်တစ်လကျော်ကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးရေလျှံဖြစ်ပွားခဲ့ခြင်းကြောင့် လူပေါင်း ၂၀၀ ကျော်သေဆုံးကာ ၂၅၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သြဂုတ် ၃၀ ရက်သတင်းများအရ သိရှိရသည်။ အလားတူ ပါကစ္စတန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုမှတစ်ဆင့် ဖြစ်ပေါ်ခဲ့သည့် မတော်တဆမှုများကြောင့် သေဆုံးသူ ၁၀၃၃ ဦးရှိလာပြီဖြစ်ကြောင်း အစိုးရ၏ သြဂုတ် ၂၈ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုသေဆုံးသူများတွင် ကလေးငယ် ၃၄၈ ဦးနှင့်အမျိုးသမီး ၂၀၇ ဦးပါဝင်ပြီး ဒဏ်ရာရရှိသူ ၁၅၂၇ ဦးရှိခဲ့သည်။ လူနေအိမ်ပေါင်းကိုးသိန်းကျော်မှာ တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝပျက်စီးခဲ့ပြီး လူဦးရေ သန်းနှင့်ချီကာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရှိရသည်။ ထို့ပြင်လမ်းများ၏ ၃၄၅၁ ကီလိုမီတာခန့် တံတား ၁၄၉ စင်းနှင့်ဈေးဆိုင်ပေါင်း ၁၇၀ ပျက်စီးခဲ့ကြောင်းနှင့် တိရစ္ဆာန်ကောင်ရေ ၇၁၉၅၅၈ ကောင်သေဆုံးခဲ့ ကြောင်းလည်းသိရှိရသည်။

မြန်မာနိုင်ငံတွင် နေရာဒေသအချို့၌ မိုးသည်းထန်စွာရွာသွန်းမှုရှိခဲ့သည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အတွင်း သြဂုတ် ၂၈ ရက် နံနက်ပိုင်းတွင်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်(၁၂)တွင်ရေများ ဝင်ရောက်ခဲ့သည်။ ရေဝင်ရောက်သည့်နေရာများသို့ နယ်မြေခံတပ်မတော်သားများက မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အတူ လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနများက သဘာဝဘေး ဖြစ်ပွားသည့်အချိန်တွင် အရေးပေါ် စားနပ်ရိက္ခာများ၊ ကယ်ဆယ်ရေးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ကြေး ပေးခြင်းများ ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်းသက်ဆိုင်ရာဆက်စပ်ဌာနများနှင့် ဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သြဂုတ် ၁၀ ရက်နေ့က ပြည်ထောင်စုအစိုးရအဖွဲ့လုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး တတိယနေ့တွင် သဘာဝဘေးအန္တရာယ်သည် ကြိုတင်မှန်းဆ၍မရနိုင်ဘဲ အချိန်မရွေး ဖြစ်ပေါ် လာနိုင်သောကြောင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် သတိပေးပြောကြားလိုကြောင်း၊  ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန် ရေစီးရေလာများ ကောင်းမွန်စေရေး ဒေသအလိုက် နှိုးဆော်တိုက်တွန်း၍ လူထုအားဖြင့် ဆောင်ရွက်ကြစေလိုကြောင်း နိဂုံးချုပ် အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။အနှစ်ချုပ် ဆိုရသော် ပြည်သူများအနေဖြင့် မျက်စိကိုဖွင့်၊ နားကိုစွင့်ကာ မိုးနှောင်းရာသီတွင် သတိနှင့်နေထိုင်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။