နိုင်ငံ့အကျိုး ရှေးရှုဆောင်ရွက်သင့်ပြီ

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံရေးနှင့် ပတ်သက်၍ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံရေးရည်မှန်းချက်အဖြစ် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ နိုင်ငံရေးရည်မှန်းချက်ကို ဖော်ဆောင်နိုင်ရန်အတွက် တစ်ဖက်မှလည်း ငြိမ်းချမ်းရေး၊ နိုင်ငံရေးတို့နှင့်ပတ်သက်၍ ဆောင်ရွက်ရန် ရှိသည်များကို ဆောင်ရွက်လျက်ရှိသည်။

ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေးသည် ပြည်သူက ရွေးချယ်ထားခြင်း ဖြစ်သည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဆီသို့ လျှောက်လှမ်းနေခြင်း ဖြစ်ပေသည်။

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရာတွင်  မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဖက်ဒရယ်စနစ်ကိုသာ ဖော်ဆောင်ကျင့်သုံးရမည် ဖြစ်သည်။  ထိုရည်မှန်းချက်သို့ အောင်မြင်ပြီးမြောက်စွာ ရောက်ရှိရေးတွင် အရေးကြီးသည်မှာ ငြိမ်းချမ်းရေးဖြစ်သည်။ လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် မိမိတို့နိုင်ငံ၏ စိန်ရတုလွတ်လပ်ရေးနေ့ ဖြစ်သည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရေးအတွက် ဆက်လက်အလေးထား ဆောင်ရွက်သွားရမည်ဖြစ်သည်။

နိုင်ငံတော် အကြီးအကဲအနေဖြင့် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဟု သတ်မှတ်ထားပြီး ငြိမ်းချမ်းရေး ရရှိရေးအတွက် စိတ်ရင်းစေတနာအမှန်ဖြင့်  ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် လည်းကောင်း၊ ၂၀၂၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် လည်းကောင်း ကြိုတင်ကန့်သတ်ချက်မထားဘဲ ငြိမ်းချမ်းရေးဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားနွေးထွေးစွာဖိတ်ခေါ်ခဲ့သည်။

လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၁၀)ဖွဲ့နှင့် ပထမအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒုတိယ အကြိမ် ထပ်မံဆွေးနွေးခြင်းကို သြဂုတ်လ ၂၂ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)ဥက္ကဋ္ဌ ခွန်သူရိန်၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဥက္ကဋ္ဌကျာဆော်လမွန်နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်းတို့ ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကို သြဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

အမိနိုင်ငံတော်၏ အရိပ်အာဝါသအောက်တွင် အတူတကွ နေထိုင်ကြသူများ ဖြစ်သည့်အတွက် နိုင်ငံ့အရေးကို စိတ်တူကိုယ်တူ တစ်သွေးတည်းတစ်သားတည်း ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။ လက်နက်ကိုင် ပဋိပက္ခများ၊ သဘောထား ကွဲလွဲမှုများဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတည်ဆောက်၍မရနိုင်ပေ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကသော့ချက်မှာ ငြိမ်းချမ်းရေးသာ ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့အား သြဂုတ်လ ၂၉ ရက်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စများ ဆွေးနွေးခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သြဂုတ်လ ၁၆ ရက်နေ့က ကျင်းပခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၇/၂၀၂၂) တွင်ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အခြေခံသဘောတူညီချက်ရပြီး ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ အနေနဲ့ မရစရာအကြောင်း မရှိဘူးလို့ မြင်ပါတယ်။  ဒါကိုဘာကြောင့် EAO တချို့အဖွဲ့တွေကနားလည်မှု မရှိနိုင်လဲဆိုတာ ကျွန်တော်လည်း မတွေးတတ်ဘူး။ တကယ်လို့ ပြည်ထောင်စုအပေါ်မှာ။ တကယ်ကို တိုင်းရင်းသားအရေး။ ပြည်ထောင်စုအရေးကို တကယ်မျှော်မှန်းလို့ရှိရင် ဒီနှစ်ချက်အပေါ်မှာအခြေခံပြီး လုပ်မယ်ဆိုရင် ဘာမှမဖြစ်စရာအကြောင်းမရှိဘူး။ ကျွန်တော်တို့ ကိုယ်တိုင်ကလိုလားပါတယ် ပြောထားပြီးပြီပဲဟူ၍ ထည့်သွင်းပြောကြားခဲ့တယ်။ အနှစ်ချုပ် ဆိုရသော် ယနေ့ကာလသည်ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ရာနှုန်းပြည့်အောင်မြင်မှု ရရှိမည့် အချိန်အခါ ဖြစ်ပေရာ ကျန်ရှိနေသည့် EAO အဖွဲ့များအနေဖြင့် ဒေသနှင့်နိုင်ငံ့အကျိုး ရှေးရှုဆောင်ရွက်သင့်ပြီဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။   ။