ကိုဗစ်အန္တရာယ်ကြိုတင်ကာကွယ်

ကိုဗစ်အန္တရာယ်ကြိုတင်ကာကွယ်

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၄ ရက်)

    ကိုဗစ်-၁၉ ရောဂါသည် နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံ အချို့တွင်ဖြစ်ပွားမှု များပြားလျက်ရှိသည်။မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးများကို ပြည်ပမှ ဝင်ရောက်လာသူများနှင့် ပြည်တွင်းကူးစက်ခံရသူများတွင် တွေ့ရှိနေရပြီး ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါပြည်တွင်း၌ ကူးစက်မှုများ ဖြစ်ပွားလျက် ရှိသည်ကိုတွေ့ရှိရသည်။ စက်တင်ဘာ ၃ ရက်ဓာတ်ခွဲ အတည်ပြု လူနာတွေ့ရှိမှု အခြေအနေမှာ ရောဂါပိုးတွေ့လူနာသစ် ၉၀ ဦးတွေ့ရှိကြောင်းနှင့် ရောဂါပိုး တွေ့ရှိမှုမှာ ၁ ဒသမ ၀၈ ရာခိုင်နှုန်း ရှိကြောင်း သတင်း ထုတ်ပြန်ထားသည်။

အဆိုပါတွေ့ရှိမှုမှာ ယခင်ကထက် မြင့်တက်လာခြင်းဖြစ်၍ ပြည်သူတစ်ရပ်လုံးက   သတိပြုနေထိုင်သွားကြရန် လိုအပ်နေပြီဖြစ်ကြောင်း ပြဆိုခြင်းဖြစ်သည်။ ရောဂါကူးစက်မှု လျော့ကျစေရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများကို လူတိုင်းကိုယ်စီ လိုက်နာကြရမည်ဖြစ်သည်။ အသက်ကိုဉာဏ်စောင့် ဆိုသည့်စကားနှင့်အညီ အရာရာတွင်ဉာဏ်ဟူသော အသိတရား၊ သတိတရားနှင့် ရောဂါကာကွယ်ရေးကို လိုက်ပါလုပ်ဆောင်ကြမှသာ ရောဂါကူးစက်မှုနှုန်း၊ ရောဂါပိုးတွေ့ရှိမှုနှုန်း နည်းပါးမည်ဖြစ်သည်။

ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ခြင်းကို အခန်းတွင်း၌ လူတစ်ဦးနှင့်တစ်ဦး နီးကပ်စွာရှိနေခြင်း၊ အများပြည်သူ အသုံးပြုသော ယာဉ်များဖြင့် ခရီးသွားလာခြင်း၊ အများပြည်သူ ဝင်/ထွက်သွားလာ အသုံးပြုသောဆေးရုံ၊ ကျန်းမာရေးဌာနများ၊ ရုံးများ၊ သင်တန်းများ၊ ကျောင်းများ၊ ဈေးများ၊ ဈေးဝယ်စင်တာများ၊ ဘိုးဘွားရိပ်သာ အစရှိသော လူစုလူဝေးရှိရာ နေရာများတွင် မဖြစ်မနေ တပ်ဆင်ရန်ဖြစ်သည်။ အထူးသဖြင့် နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသော ဈေးဆိုင်များတွင် ဈေးဝယ်ခြင်း မပြုရန်လိုအပ်သည်။ ဈေးရောင်းသူများ အနေဖြင့်လည်း နှာခေါင်းစည်းတပ်ကာ ဈေးရောင်းသည့် အလေ့အကျင့်ကို မဖြစ်မနေ လုပ်ဆောင်သင့်သည်။ နှာခေါင်းစည်းတပ်ခြင်းသည် ရှက်စရာမဟုတ်ဘဲ မိမိနှင့်မိမိပတ်ဝန်းကျင်က ျန်းမာရေးအတွက် အထူးအရေးကြီး လိုအပ်ချက်အဖြစ် ရှုမြင်ထားကြရပေမည်။

မိမိတို့လူမှု ပတ်ဝန်းကျင်တွင် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်းစသည့် ကိုဗစ်-၁၉ ရောဂါသံသယ လက္ခဏာတစ်ခုခု ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သတင်းပို့ကြရမည်။ ထို့ပြင် ရုံးများသို့ ဖြန့်ဝေထားပြီးဖြစ်သည့် ရုံးဌာနများ၊ လုပ်ငန်းခွင်များအတွက် ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ ၂၀၂၂ ခုနှစ် ဧပြီလမှစတင်၍ ကျဆင်းလာခဲ့ရာ ဇူလိုင်လကုန်အထိ တစ်ရက်ပျမ်းမျှ ပိုးတွေ့လူနာမှာ ၁၅ ဦးခန့်သာရှိခဲ့သည်။ သြဂုတ်လဆန်းမှ စတင်၍ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့မှုမှာ အနည်းငယ်ပြန်လည် မြင့်တက်လာခဲ့သည်။ အိုမီခရွန်မျိုးကွဲသစ်များ ဖြစ်သည့် BA4,BA5များသည် ကူးစက်မှု မြန်ဆန်သော်လည်း တခြားသော အညွှန်းကိန်းများဖြစ်သည့် ဆေးရုံတက်ရသည့်နှုန်း၊ အထူးကြပ်မတ် ကုသခံယူရမှုနှုန်းနှင့် သေဆုံးနှုန်းများတွင် ယခင် ကိုဗစ်မျိုးကွဲများထက် လျော့နည်းကြောင်း လေ့လာသိရှိရသည်။

အိုမီခရွန်မျိုးကွဲသစ်များသည် တစ်နည်းနည်းဖြင့် ကိုယ်ခံစွမ်းအား ရရှိပြီးသူများတွင် ရောဂါပြင်းထန်မှု လျော့ကျခြင်း၊ ယခင် ကိုဗစ်လှိုင်းများကတည်းက ဆေးရုံ၊ ဆေးခန်းများအား ပြင်ဆင်ထားရှိခြင်း၊ အောက်ဆီဂျင်၊ အသက်ရှူကူစက်များ အပါအဝင် လိုအပ်သောဆေးရုံသုံး ပစ္စည်းများအား ဖြည့်ဆည်းထားရှိခြင်း ICU  အပါအဝင် ကိုဗစ်-၁၉ရောဂါလူနာများအတွက် ဆေးရုံခုတင်များ ပြင်ဆင်ထားရှိခြင်းစသည်တို့ကြောင့် ယခင်ကိုဗစ်လှိုင်းများနှင့် မတူဘဲကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်သည်။ ပြည်သူလူထုအနေဖြင့်လည်း ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ သိနားလည်မှုရှိနေခြင်း၊ လူဦးရေတော်တော်များများသည် ယခင် ကိုဗစ်လှိုင်းများတွင် ကူးစက်ခံရကာ ကိုယ်ခံစွမ်းအား အထိုက်အလျောက် ရှိနေခြင်း၊ ကာကွယ်ဆေး လွှမ်းခြုံမှုကောင်းခြင်းတို့ကြောင့် ကူးစက်မှုမှာ ပြင်းထန်ခြင်း မရှိသော်လည်း ပြည်သူများအနေဖြင့်မူ ကြိုတင်ကာကွယ်ခြင်းအသိကို အမြဲထားရှိရမည်ဖြစ်သည်။

မဖြစ်မနေလုပ်ဆောင်ထားရမည့် ကိစ္စတစ်ရပ်မှာ လူတိုင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးထားကြရန်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံထားခြင်းအားဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ပြင်းထန်မှုနှင့်သေဆုံးမှုတို့ကို လျှော့ချပေးနိုင်ပါသည်။ အသက် ငါးနှစ်နှင့် အထက်ရှိသူအားလုံးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံထားရှိရန် လိုအပ်သည့်အပြင် အသက် ၁၈နှစ်နှင့်အထက် ကာကွယ်ဆေး ထိုးနှံပြီးစီးမှုကာလ ခြောက်လရှိနေသော ပြည်သူများသည်လည်း ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထပ်မံ ထိုးနှံရန်လိုအပ်သည်။

သို့ဖြစ်ပါ၍ မိဘပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ခြင်းနှင့်နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို မပျက်မကွက် ဆောင်ရွက်ခြင်းတို့ ပြုလုပ်ခြင်းဖြင့် ကိုဗစ်အန္တရာယ် ကြိုတင်ကာကွယ်ကြရန် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။  ။