ရေထွက်ကုန်ပစ္စည်းပိုမိုထုတ်လုပ်တင်ပို့နိုင်ရေး

လူသားတို့အသက်ရှင်သန်နေထိုင်ရေးအတွက် ဝမ်းစာဖူလုံရေးသည် အဓိကကျသည်။ ဝမ်းစာဖူလုံရန် အတွက် စားသုံးသောအစားအစာများတွင် ရေထွက်ကုန်ပစ္စည်းများလည်း ပါဝင်ပေသည်။ အနာဂတ်တွင် အစားအစာ ဖူလုံရေးအတွက် ငါးလုပ်ငန်းကဏ္ဍသည် အဓိကဖြစ်လာသည်။ လူသားတို့အသက်မွေး ဝမ်းကျောင်းမှုများ ခိုင်မာပြီး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရန် ရေချိုနှင့်အဏ္ဏဝါသယံဇာတများကို ထိန်းသိမ်း ကာကွယ်ရေးသည် အရေးကြီးသည့်လုပ်ငန်းစဉ်တစ်ခု ဖြစ်လာသည်။ ထို့ကြောင့် ငါးသယံဇာတနှင့် ၎င်းတို့၏ ဂေဟစနစ်များ ရေရှည်စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရေးအတွက် ငါးမျိုးသုဉ်းစေမည့် နည်းလမ်းများဖြင့် တရားမဝင်ဖမ်းဆီးခြင်းများကို ထိရောက်စွာတားမြစ်နိုင်ရေးနှင့် ပလတ်စတစ်အပါအဝင် စွန့်ပစ်အမှိုက်နှင့် ရေဆိုးများကြောင့် မြစ်၊ ချောင်း၊ သမုဒ္ဒရာများညစ်ညမ်းမှုမရှိစေရေးတို့ကို သက်ဆိုင်ရာဌာနများအပြင် ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် ပြည်သူများကပါ အလေးထားပူးပေါင်း လုပ်ဆောင်သွားကြရန် လိုအပ်လှပေသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ထွက်ရှိသော ရေထွက်ကုန်များတွင် ငါးမြစ်ချင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဓိကပို့ကုန်အဖြစ်တင်ပို့လျက်ရှိသည်။ အခြားရေထွက်ကုန်များဖြစ်သည့် ငါးနီတူခြောက်၊ ငါးမှုံမဲ၊ ငါးခုံးငိုခြောက်၊ ငါးစလူးခြောက်တို့ကို လည်း တင်ပို့လျက်ရှိသည်။

ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်စစ်တွေသို့ ငါးမြစ်ချင်းများကို သင်္ဘောဖြင့်တင်ပို့သည့် နည်းတူကုန်းလမ်းကြောင်း မှလည်း တင်ပို့လျက်ရှိသည်။ မိုးရာသီ၌တစ်လလျှင် ယာဉ်အစီးရေ ၁၀၀ မှ ၁၅၀ အကြား ကုန်စည်စီးဆင်း လျက်ရှိရာ ဧပြီလမှသြဂုတ်လကုန်အထိ ပို့ကုန်တန်ချိန် ၆၀၀၀ ကျော်တင်ပို့နိုင်ခဲ့ကြောင်း သိရှိရသည်။ ဝယ်လိုအားရှိနေသော မြန်မာ့ရေချိုငါးမြစ်ချင်းကို ခရီးဝေးမှတင်ပို့ခြင်းထက် ကုန်ကျစရိတ်သက်သာပြီး ရေထွက်ကုန် အရည်အသွေးကို ထိန်းချုပ်၍ တန်ဖိုးမြှင့်ပို့ကုန်အဖြစ် တင်ပို့နိုင်ရန် ရခိုင်ပြည်နယ်၌ ငါးလုပ်ငန်းဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် ရေလုပ်ငန်းရှင်အချို့က စတင်မွေးမြူလျက်ရှိနေကြောင်းလည်း သိရှိရသည်။

ယခုနှစ်တွင် ငါးမြစ်ချင်းသားပေါက် စတင်ထည့်ထားပါက လာမည့်နှစ်တွင် ပြည်ပဈေးကွက်သို့တင်ပို့ နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံရှိ နယ်စပ်ကုန်သွယ်ရေး စခန်းများတွင် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေး သည် သွင်းကုန်နည်းပြီး ပို့ကုန်အသာစီးရရှိသည့် နယ်စပ်ဂိတ်တစ်ခုဖြစ်သည်။ ရေချိုထွက်ကုန်ဝယ်လိုအားရှိပြီး ပြည်တွင်းရေချိုငါး မွေးသူများနှင့် လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းများစွာရရှိထားသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ သြဂုတ် ၂၆ ရက်အထိ ရခိုင်ပြည်နယ် စစ်တွေနှင့် မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်းနှစ်ခုတင်ပို့မှု အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ကုန်ပစ္စည်း မက်ထရစ်တန်ချိန် ၆၁၃၂ ဒသမ ၄၀ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၇၈၅ သန်းရရှိခဲ့ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်တွင် ရေထွက်ပစ္စည်းဈေးကွက်ကောင်းရှိနေသလို တနင်္သာရီတိုင်းဒေသကြီးအတွင်းမှလည်း ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများ တင်ပို့လျက်ရှိသည်။ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ပင်လယ်ငါးဖမ်း လုပ်ငန်းများမှ ငါး၊ ပုစွန်နှင့် ရေထွက်ပစ္စည်းများကို ပြည်ပပို့ကုန်အဖြစ် တင်ပို့လျက်ရှိရာ ကော့သောင်းမြို့နယ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း သိမ်းထိုက်ဇော်ရေထွက်ပစ္စည်းနှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမ အသင်းလီမိတက်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၃၀ သန်းတန်ဖိုးရှိ ရေထွက်ပစ္စည်းကုန်တန်ချိန် ၁၃၁၅ ဒသမ ၆၉၀ တန်နှင့် အောင်ကျော်ဇေရေထွက်ပစ္စည်းနှင့် အထွေထွေရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၁၂ သန်းတန်ဖိုးရှိ ရေထွက်ပစ္စည်းကုန်တန်ချိန် ၉၉၉ ဒသမ ၁၅၅ တန်ကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချခဲ့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိစေရန် သမဝါယမကုန်သွယ်မှုကဏ္ဍက ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ငါးစားသုံးခြင်းမှာ ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်ပါတွင် ကျယ်လာသည့်အတွက် ငါးမွေးမြူခြင်းကို ရေပေါ်လှောင်အိမ်စနစ်ဖြင့် မွေးမြူခြင်းများ ဆောင်ရွက်လာကြသည်။ ပေါင်းလောင်း မြစ်အတွင်း ရေပေါ်လှောင်အိမ်စနစ်ဖြင့် ပုဂ္ဂလိကငါးမွေးမြူရေးလုပ်ငန်းစတင် ဆောင်ရွက်ခြင်း အခမ်းအနားကို သြဂုတ် ၃၁ ရက်က နေပြည်တော် ဇေယျာသီရိမြို့နယ် ကျည်တောင်ရွာအနီး ပေါင်းလောင်းမြစ်ရေပြင်၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။ ပြည်သူများငါးစားသုံးမှု ဖူလုံရေးအပြင် အခြားလိုအပ်ချက်ရှိသည့်ဒေသများသို့ တင်ပို့ရောင်းချ နိုင်သည်အထိ ငါးမွေးမြူထုတ်လုပ်မှု တိုးတက်လာရေးအတွက် ပေါင်းလောင်းမြစ်အပါအဝင် ဆည်တာတမံနှင့် အခြေအနေပေးသည့် သဘာဝရေပြင်များတွင် တိုးချဲ့မွေးမြူနိုင်ရေးကို နိုင်ငံတော်အစိုးရက အားပေးကူညီလျက်ရှိသည်။ အနှစ်ချုပ်ဆိုရသော် ရေထွက်ကုန်ပစ္စည်းဖြစ်သည့် ငါး၊ ပုစွန်များအား ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် အောင်မြင်စွာ မွေးမြူကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။