ယာဉ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးပြည်သူများပါဝင်ပေး

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဆိုသည်မှာ ယာဉ်မတော်တဆဖြစ်မှုများနှင့်အဆိုပါ မတော်တဆဖြစ်မှုများကြောင့် ဖြစ်ပေါ်ခဲ့ရသည့်ထိခိုက်ဒဏ်ရာရမှုများ၊ သေဆုံးမှုများလျော့နည်းကျဆင်း သွားရန်၊ ထိုမှတစ်ဆင့် လုံးဝပပျောက်သွားအောင် စီမံအကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်သည်။ သို့သော်အဆိုပါကိစ္စရပ်မှာ ကျယ်ပြန့်သည့်လုပ်ငန်းစဉ် ဖြစ်သည့်အတွက် ပြည်သူတစ်ဦးချင်းစီက စိတ်ရော ကိုယ်ပါပူးပေါင်းဆောင်ရွက်မှသာ တိုးတက်အောင်မြင်မှုရရှိမည့်လုပ်ငန်းဖြစ်သည်။

အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (National Road Safety Council- NRSC) ပထမအကြိမ် အစည်းအဝေးကို စက်တင်ဘာ ၂ ရက် မွန်းလွဲ ၂ နာရီတွင်နေပြည်တော်ရှိပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ထိုအစည်းအဝေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် အသစ်ဖွဲ့စည်းခဲ့သော အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကောင်စီ၏ ပထမအကြိမ် အစည်းအဝေးဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံ၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာကိစ္စရပ်များကို National Road Safety Action Plan(2021-2030) နှင့်အညီအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ယခင် NRSC ၏ လုပ်ဆောင်ခဲ့မှုများအပေါ် ပြန်လည်သုံးသပ်ပြီး ပိုမိုတိုးတက်အောင်မြင်စေမည့် ရှေ့လုပ်ငန်းစဉ်များနှင့် အစီအမံများ ဖော်ဆောင်နိုင်ရေးအတွက် ယခုအစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတက်ရောက် အမှာစကားပြောကြားရာ၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းသည်    ကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ရပ်ဖြစ်လာသည့်အတွက် Decade of Action for Road Safety လှုပ်ရှားမှုများအလေးထားဆောင်ရွက်နေကြသကဲ့သို့ တစ်ဖက်တွင်လည်း ကမ္ဘာလုံးဆိုင်ရာ Sustainable Development Goals (SDG) ၏ Article 3.6 တွင် ယာဉ်မတော်တဆ ထိခိုက်မှုကြောင့် သေဆုံးသူအရေအတွက်ကို ၅၀ ရာခိုင်နှုန်းအထိလျှော့ချရေး ရည်မှန်းထည့်သွင်းရေးဆွဲပြီး ကမ္ဘာ့နိုင်ငံအသီးသီးက တက်ညီလက်ညီကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် တာဝန်သိ၊ တာဝန်ကျေသည့် ကမ္ဘာ့မိသားစုဝင်နိုင်ငံတစ်နိုင်ငံပီသစွာ အကောင်းဆုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ယာဉ်အန္တရာယ်ကင်းရှင်းရေးကိုဦးတည်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ချက်အရကမ္ဘာတွင်  Road Accident ကြောင့် နှစ်စဉ်ပျမ်းမျှလူ ၁ ဒသမ ၃ သန်းခန့်အသက်ဆုံးရှုံးနေကြရပြီး လူဦးရေသန်း ၅၀ ကျော်ထိခိုက်ဒဏ်ရာ ရရှိနေကြရကြောင်း သိရှိရသည်။  ကမ္ဘာ့လူဦးရေတစ်သိန်းတွင် ယာဉ်မတော်တဆ မှုကြောင့်သေဆုံးမှုနှုန်း ၁၈ ဒသမ ၂ ရာခိုင်နှုန်းဖြစ်ပြီး အာဖရိကနှင့်အရှေ့တောင်အာရှ ဒေသများတွင် သေဆုံးမှုနှုန်း အများဆုံးဖြစ်သည်။ လူများသေဆုံးရသည့် အကြောင်းရင်းများတွင် Road Accident ကြောင့် သေဆုံးရခြင်းသည် အဆင့်(၈)နေရာတွင်ရှိပြီး အသက် ငါးနှစ်မှ ၂၉ နှစ်အတွင်းရှိအဖိုးတန်ကလေးသူငယ်၊ လူငယ်လူရွယ်များသေဆုံးခြင်းတွင် အဆင့်(၁)အကြောင်းရင်းဖြစ်နေသည်ဟု ဆိုသည်။

          Road Accident ကြောင့်ထိခိုက်ဆုံးရှုံးနစ်နာမှုများသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အများဆုံးရင်ဆိုင် နေကြရသည်။  ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် အချိန်နှင့်အမျှယာဉ်အသုံးပြုမှုပိုမိုတိုးတက်များပြားလာပြီး ယာဉ်အရေအတွက်လျင်မြန်စွာ တိုးပွားလျက်ရှိသည်။ထိုသို့အသုံးပြုမှုများခြင်း၊ ယာဉ်စီးရေတိုးပွားလာခြင်း တို့နှင့်အတူယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအစီအမံများ လုံလောက်ပြည့်စုံအောင်အချိန် မီဆောင်ရွက်နိုင်မှု မရှိသည့်အတွက် ယာဉ်မတော်တဆမှုကြောင့်  ထိခိုက်ဆုံးရှုံးမှုများနေခြင်းဖြစ်သည်။

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဖြစ်ပွားမှုများသည် အလွန်ကြီးမားသည့် ခြိမ်းခြောက်မှုအဖြစ်တဖြည်းဖြည်း ကြီးထွားလာနေခြင်းကို ဟန့်တားထိန်းချုပ်ရေးအတွက် ကမ္ဘာတစ်ဝန်းလုံးတွင် Road Safety ကိစ္စရပ်ကို အထူးအလေးအနက်ထား ဆောင်ရွက်လာကြသည်မှာ ဒုတိယဆယ်စုနှစ်အတွင်းရောက်လာခဲ့ပြီဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ Decade of Action for Road Safety ကို အကောင်အထည်ဖော်ရာတွင်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကြီးကြပ်မှု၊  ပိုမိုအန္တရာယ်ကင်းသောလမ်းများနှင့်ယာဉ်သွားလာမှု၊ ပိုမိုအန္တရာယ် ကင်းသောယာဉ်များ၊ ပိုမိုအန္တရာယ်ကင်းသည့် လမ်းအသုံးပြုသူများနှင့် ယာဉ်တိုက်ခိုက်မှု ဖြစ်ပြီးပြီးချင်း တုံ့ပြန်ဆောင်ရွက်မှု ဆိုသည့်မဏ္ဍိုင်ကြီး(၅)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံအနေ ဖြင့်အဆိုပါမဏ္ဍိုင်ကြီး(၅)ရပ်ကို အခြေပြု၍ Road Safety လုပ်ငန်းစဉ်များကို အလေးထားကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ထိုက်သင့်သည့်တိုးတက်အောင်မြင်မှုများလည်းရရှိခဲ့ကြပြီးဖြစ်ကြောင်း သိရှိရသည်။ ယာဉ်မတော်တဆမှုဆိုသည်မှာ အဓိကအားဖြင့် လူ့ပယောဂကြောင့် ပေါ်ပေါက်လာသည့် ပြဿနာဖြစ်ပေရာ လူတစ်ဦးချင်းစီက ကိုယ်စီအသိဖြင့်လိုက်နာထိန်းသိမ်းဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။