သင်ယူမှုဝန်းကျင်များ ချဲ့ထွင်သင်ယူကြပါစို့

ယခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့၏ဆောင်ပုဒ်မှာ သင်ယူမှုဝန်းကျင်များ ချဲ့ထွင်သင်ယူကြပါစို့ ဖြစ်သည်။ နိုင်ငံတိုင်းတွင် စာပေသည်လွန်စွာ အရေးကြီးသည့်ကဏ္ဍတွင် ပါဝင်သည်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာတွင် ပညာရည်မြင့်မားခြင်းသည်လည်း အချက်တစ်ချက်ပါဝင်သည်။ စာပေသည် လူတို့အတွက် အသိအလိမ္မာတို့သိုမှီးရာ ဘဏ္ဍာသိုက်ကြီးလည်းဖြစ်သည်။ ထုတ်ယူသုံးစွဲ၍မကုန်နိုင်သော ပညာဘဏ်တိုက်ကြီးဟု ဆိုလျှင်လည်း မမှားပေ။ လူတိုင်းစာတတ်မြောက်ရေးသည် ဤကမ္ဘာကြီးတွင် လိုအပ်လာသည့်အတွက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ကြီး၏ဦးဆောင်မှုဖြင့် ၁၉၆၅ ခုနှစ် စက်တင်ဘာ ၈ ရက်မှ ၁၉ ရက်နေ့အထိ အီရန်နိုင်ငံ တီဟီရန်မြို့တွင် ကမ္ဘာ့စာတတ်မြောက်ရေး ညီလာခံကျင်းပခဲ့သည်။ စတင်ကျင်းပခဲ့သည့် စက်တင်ဘာ ၈ ရက်ကို ယူနက်စကိုအဖွဲ့ကြီးက နိုင်ငံတကာစာတတ်မြောက်ရေးနေ့အဖြစ် သတ်မှတ် ပြဋ္ဌာန်းပေးခဲ့သည်။ ကမ္ဘာ့နိုင်ငံအများစုက နှစ်စဉ်နှစ်တိုင်း စက်တင်ဘာ ၈ ရက်ကို နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အဖြစ် ကျင်းပလာခဲ့သည်မှာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၈ ရက်တွင် သက်တမ်း ၅၆ နှစ်ရှိလာပြီ ဖြစ်ပေသည်။

ကမ္ဘာ့နိုင်ငံပေါင်းများစွာသည် ကိုလိုနီနယ်ချဲ့တို့၏ ဗိုလ်ကျစိုးမိုးမှုအောက်တွင် နှစ်ပေါင်းများစွာ ခံခဲ့ရသည်နှင့်အမျှ ဒေသခံပြည်သူများ၏ စာတတ်မှုနှုန်းမှာလည်း လျော့နည်းလာခဲ့သည်။ မြန်မာနိုင်ငံသည်ပင် ကိုလိုနီခေတ်မတိုင်မီက စာတတ်မြောက်မှုလွန်စွာ မြင့်မားခဲ့သော်လည်း ကိုလိုနီလက်အောက်ခံ ဘဝရောက်ချိန်တွင် မြန်မာတို့၏ စာတတ်မြောက်မှုနှုန်း လျော့နည်းကျဆင်းခဲ့ရသည်။ မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးသောအခါ နိုင်ငံအတွင်း စာတတ်မြောက်ရေးလှုပ်ရှားမှုကို ၁၉၆၄ ခုနှစ်မှ ၁၉၆၈ ခုနှစ် စမ်းသပ်ကာလအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၉ ခုနှစ်မှ ၁၉၈၃ ခုနှစ်အတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးခြောက်ခုတွင် အပြည့်အဝစာတတ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။

မြန်မာနိုင်ငံ၏စာတတ်မြောက်ရေးလှုပ်ရှားမှုများကို မှတ်တမ်းတင်ထားသည်ဟုဆိုနိုင်သော ဘယ်သူပြိုင်လို့လှပါတော့နိုင် ရုပ်ရှင်ဇာတ်ကားကြီးတွင် အ သုံးလုံးလှုပ်ရှားမှုကို ထင်ရှားစွာ မြင်တွေ့နိုင်ပါသည်။ ဝထကလသ ဟူသော စာလုံးများနှင့်အတူ အရေးအဖတ်အတွက် ပညာအားလုံးတတ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြသည်။ ကိုလိုနီခေတ်တစ်ခေတ်အတွင်း မြန်မာတို့စာတတ်မြောက်မှုနှုန်းလျော့နည်းနေခြင်းကို တစ်နိုင်ငံလုံးစာတတ်မြောက်ရေးလှုပ်ရှားမှုဖြင့် အနိုင်ယူနိုင်ခဲ့သည်။ စာတတ်မြောက်မှုနှုန်းမြင့်မားအောင် ဆောင်ရွက်နိုင်ခြင်းကို ကမ္ဘာကပင် အသိအမှတ်ပြုခဲ့ကြသည်။

လူတိုင်းတွင် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလကိုယ်စီရှိရမည် ဖြစ်ပေရာ စာပေမတတ်ခြင်းသည် ဗလအားလုံးကို ဆုံးရှုံးသည်နှင့်တူလေသည်။ စာပေမတတ်ခြင်းကြောင့် ဗဟုသုတ နည်းပါးသောအခါ အသိအလိမ္မာလျော့နည်းသည်၊ ပေါင်းသင်းဆက်ဆံရေးတွင်ခက်ခဲသည်။ စာတတ်သူများ၏ ခေါင်းပုံဖြတ်ခြင်းကို ခံရသည်။ လူမှုရေးတွင် ဝင်ဆံ့ရန်ခက်ခဲသည်။ စာမတတ်လျှင် အကန်းနှင့်တူသည်ဟူသော စကားသည် လွန်စွာမှန်ပေသည်။ ကကြီးခခွေးရေးထားတာရှိပါလျက် မဖတ်တတ်သောအခါ မျက်စိမမြင်သူကဲ့သို့ဖြစ်နေပေလိမ့်မည်။

နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု၊ ဒေသတစ်ခုနှင့်တစ်ခုဖွံ့ဖြိုးတိုးတက်မှုကွာခြားရသည့် အကြောင်းများတွင် စာတတ်မြောက်မှုနှုန်းမြင့်မားခြင်းအပေါ် မူတည်သည်။ ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ စာတတ်မြောက်ရုံဖြင့် ကျေနပ်၍ မနေသင့်သေးဘဲ စာဖတ်ခြင်း၊ အစဉ်တစိုက်လေ့လာခြင်းများ ပြုနေကြရဦးမည်ဖြစ်သည်။ နည်းပညာအသုံးပြုရာတွင် လုံလောက်သော အသိပညာဗဟုသုတ၊ နည်းပညာရှိသူများနှင့် နည်းပညာအခွင့်အလမ်း မရှိသူများအကြား ကွာဟချက်ရှိနေမည်ဆိုပါကလည်း ဖွံ့ဖြိုးတိုးတက်မှုလည်း ကွာဟနေမည်သာဖြစ်သည်။ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ လူ့ဘောင်သစ်ကို တည်ထောင်နေကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များ ချမှတ်ကာ တစ်နိုင်ငံလုံးဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား လုပ်ဆောင်ပေးလျက်ရှိသည်။ လူမှုရေးဦးတည်ချက်တွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဟူသော ဦးတည်ချက်သည်နိုင်ငံအတွက် အခြေခံအကျဆုံးဖြစ်သည်။ ကျန်းကျန်းမာမာနှင့်ပညာကို ထူးချွန်စွာ တတ်မြောက်သူများပြားနေမှသာ နိုင်ငံတော် တည်ဆောက်ရေးအတွက် အသုံးဝင်ပေလိမ့်မည်။ မိမိတို့လူသားတစ်ဦးချင်း၏ လူမှုဘဝရပ်တည်ရေးအတွက် ပညာသည်အဓိကအခန်းကဏ္ဍ ဖြစ်သည်။

ယနေ့နိုင်ငံတော်တွင် ကျင့်သုံးနေသည့် ကျောင်းနေအရွယ်ကလေးတိုင်းကျောင်းနေနိုင်ရေးသည် စာမတတ်သူ ပပျောက်ရေးကို ဦးတည်ခြင်း ဖြစ်သည်။ စာတတ်သူများလာမှ ဆင်းရဲမှုသည်လည်း လျော့နည်းမည် ဖြစ်သည်။

စာပေတတ်မှအကောင်းနှင့်အဆိုး၊ အကျိုးနှင့်အပြစ်တို့ကို ခွဲခြားသိမြင်နိုင်ပေမည်။ စာတတ်မြောက်သူ ပေါများစေရေးအတွက် သင်ယူမှုဝန်းကျင်များ ချဲ့ထွင်သင်ယူကြပါစို့ဟူ၍ တိုက်တွန်းရေးသား လိုက်ရပေသည်။   ။