ကျားမျိုးသုဉ်းပျောက်ကွယ်မှုမရှိစေရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်တွင် လိုက်ပါလာသည့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် စက်တင်ဘာ ၅ ရက်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ FEFU Campus တွင်ကျင်းပပြုလုပ်သည့် 2nd International Tiger Conservation Forum  သို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါ 2nd International Tiger Conservation Forum သို့ နိုင်ငံပေါင်း ၁၄ နိုင်ငံမှ တာဝန်ရှိ သူများ ပါဝင်တက်ရောက်ကြသည်။ ဖိုရမ်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံဒုတိယဝန်ကြီးချုပ်က ယဉ်ကျေးမှုကပွဲ များဖြင့် စတင်ဖွင့်လှစ်၍ ကျားတံဆိပ်ခေါင်း အထိမ်းအမှတ်ထုတ်ဝေရေးအတွက် ပြည်ထောင်စုဝန်ကြီး လေးဦးက ရက်စွဲရိုက်နှိပ် လက်မှတ်ရေးထိုးကာ အထိမ်းအမှတ်ပြခန်းကို လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် စက်တင်ဘာ ၅ ရက်မှစတင်ကာ အဆိုပါဖိုရမ်ကို ဂုဏ်ပြုသည့်အနေဖြင့် ကျားတံဆိပ်ခေါင်းများ အမှတ်တရ ထုတ်ဝေခဲ့သည်။

မြန်မာနိုင်ငံတွင် ကျားထိန်းသိမ်းရေးဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကျားကျက်စားနယ်မြေ အပါအဝင် ဖြစ်သည့် သဘာဝထိန်းသိမ်းရေးနယ်မြေများ တိုးချဲ့ဖွဲ့စည်းထားရှိမှုများ၊ မြန်မာနိုင်ငံ၏ ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း မှတ်တမ်းတင်ထားသော ကျားအရေအတွက်၊ တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသပြန်လည် ထူထောင်ခြင်း အစီအစဉ်အောက်မှ ရန်ပုံငွေသုံးစွဲမှု အခြေအနေများ၊ မြန်မာနိုင်ငံအတွင်း ကျားကောင်ရေ ထိန်းသိမ်းရေးအတွက် ၂၀၂၀-၂၀၂၅ စီမံချက်ရေးဆွဲပြီး ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ထားရှိမှုများ၊ ကမ္ဘာ့ကျားထိန်းသိမ်းရေး စီမံချက်ပါအတိုင်း မျှော်မှန်းရလဒ်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

ကျားများကျက်စားရာ ၁၄ နိုင်ငံအနက် ရုရှားဖက်ဒရေးရှင်းနိုင်ငံတရားရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီး၊ မြန်မာနိုင်ငံမှသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၊ ကျန်ရှိသည့်နိုင်ငံများမှ ဒုတိယဝန်ကြီးများနှင့်ညွှန်ကြားရေးမှူးချုပ်များက နိုင်ငံအလိုက် ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြသည်။ ကမ္ဘာပေါ်တွင် ကျားမျိုးစိတ်ပေါင်း(၉)မျိုး ရှိသည့်အနက် (၃)မျိုးမှာ မျိုးသုဉ်းပျောက်ကွယ်သွားသည့်အတွက် ကျားမျိုးစိတ်(၆)မျိုးသာ ကျန်ရှိနေကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဂျာနယ်တွင် ဖော်ပြထားသည်။

ကျားနှင့်ပတ်သက်၍ ထိန်းသိမ်းရေးဆောင်ရွက်ရန်၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ရုရှားနိုင်ငံ၌ ပြုလုပ်ခဲ့သော စိန့်ပီတာစဘတ်ကမ္ဘာ့ကျားထိန်းသိမ်းရေး ထိပ်သီးအစည်းအဝေး (Saint Petersburg Tiger Summit) ၏ ဆုံးဖြတ်ချက် အမှတ်(၁၀)အရ ဆုံးဖြတ်ခဲ့ကြရာမှ ကျားထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို နိုင်ငံတကာက စိတ်ဝင်စားခဲ့သည်။ ကျားများမျိုးသုဉ်းရသည့် အကြောင်းများကို လေ့လာကြည့်လျှင် နေရင်းဒေသ ယိုယွင်းပျက်စီးလာခြင်း၊ အလွန်အကျွံအမဲလိုက်ခြင်း၊ ကျားစာသားကောင်များ လျော့နည်းလာခြင်း၊ တရားမဝင်ကုန်သွယ်မှုအား ထိန်းချုပ်နိုင်မှုအားနည်းခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသည် ကျားများကျန်ရှိကျက်စားသည့် နိုင်ငံများအနက်တစ်နိုင်ငံဖြစ်သည့်အပြင် အမျိုးသားကျား ထိန်းသိမ်းရေး လုပ်ငန်းစီမံချက်ရေးဆွဲခဲ့သည့် ပထမဆုံးနိုင်ငံများတွင် ပါဝင်သည်။ သစ်တောဦးစီးဌာနနှင့် ွျှဃှ(ပြညောမေ ဏမသါမော) တို့ပူးပေါင်း၍ ၁၉၉၉ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ (၃)နှစ်တာကာလအတွင်း ကျားတည်ရှိမှုကွင်းဆင်းလေ့လာရေး ဆောင်ရွက်ခဲ့ပြီး WCS(Myanmar Program) ရေးဆွဲကာ ၂၀၀၃ ခုနှစ် မေလ ၁ ရက်နေ့တွင် ထုတ်ပြန်နိုင်ခဲ့သည်။

မြန်မာနိုင်ငံမြောက်ပိုင်းဟူးကောင်းချိုင့်ဝှမ်းကျားထိန်းသိမ်းရေးနယ်မြေသည် ဧရိယာ ၆၇၀၈ စတုရန်းမိုင်ရှိပြီး ကမ္ဘာ့အကြီးဆုံးကျား ထိန်းသိမ်းရေးနယ်မြေဖြစ်ပါသည်။ ကျားတွေ့ရှိမှု အထောက်အထားများအရ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ဟူးကောင်းချိုင့်ဝှမ်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ စစ်ကိုင်းတိုင်း ဒေသကြီးရှိ ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ တနင်္သာရီတိုင်းဒေသကြီးရှိ တနင်္သာရီကြိုးဝိုင်းတို့အား ကျားထိန်းသိမ်းရေး ဦးစားပေးဒေသများအဖြစ် ထိန်းသိမ်းကာကွယ်လျက်ရှိသည်။

မြန်မာနိုင်ငံသည် ကျားများအား တရားမဝင်အမဲလိုက်ခြင်းနှင့် ကူးသန်းရောင်းဝယ်ခြင်းတို့အား သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဥပဒေဖြင့်တားမြစ်ကာကွယ်ထားသည်။ ကျားများ၏နေရင်းဒေသအား ကာကွယ်ရန်၊ ပြည်သူလူထု၏ ကျားထိန်းသိမ်းရေးအသိအမြင်ကို မြှင့်တင်ပေးရန်၊ ကျားထိန်းသိမ်းရေး လုပ်ငန်းများတွင် တွေ့ကြုံရင်ဆိုင်နေရသော အခက်အခဲများအား အထောက်အပံ့ပေးနိုင်ရန်နှင့် ကျားကောင်ရေ တိုးတက်လာစေရန် ရည်ရွယ်လျက် သက်ဆိုင်ရာနိုင်ငံများက ကျားထိန်းသိမ်းရေးကို ဆောင်ရွက်နေခြင်း ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေကို ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံတွင် ကျားမျိုးစိတ်အား နိုင်ငံ့အမွေအနှစ်အဖြစ် သတ်မှတ်၍ ထိန်းသိမ်းကာကွယ်လျက်ရှိရာ ကျားများ မျိုးသုဉ်းပျောက်ကွယ်ခြင်းမှ ကာကွယ်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။