လူကုန်ကူးမှုတိုက်ဖျက်ရေး

လူကုန်ကူးမှုတိုက်ဖျက်ရေး

မြန်မာ-ဒူဘိုင်းနှစ်နိုင်ငံရဲအဖွဲ့ ပူးပေါင်းဆောင်ရွက်မှုဖြင့် လူကုန်ကူးသူတရားခံအား    ဖမ်းဆီးလွှဲပြောင်းပေးပြီး လူကုန်ကူးခံရသည့် မြန်မာအမျိုးသမီး ခုနစ်ဦးကယ်တင်ခဲ့ကြောင်း သတင်းတစ်ပုဒ်ကို စက်တင်ဘာ ၉ ရက်ညပိုင်းတွင် မြဝတီရုပ်မြင်သံကြားမှ ထုတ်လွှင့်သွားခဲ့သည်။ ဒူဘိုင်းတွင် လစာကောင်းကောင်း နှင့်အလုပ်ရမည်ဟု မက်လုံးပေးစည်းရုံးကာ မြန်မာနိုင်ငံသား အမျိုးသမီးငယ်များကို ခေါ်ယူ၍ ဒူဘိုင်းသို့ ရောက်ရှိသည့်အခါ အီရန်၊ အီရတ်၊ ကာတာ၊ ဘာရိန်း၊ ကူဝိတ်၊ ဆော်ဒီ၊ ယီမင်၊ ဂျော်ဒန်နှင့်အိုမန် နိုင်ငံများသို့ အတင်းအကျပ်စေလွှတ်ရောင်းစားမှုများ ပြုလုပ်နေကြောင်း သတင်းများအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၂၀၂၂ ခုနှစ် သြဂုတ်လဆန်းမှစ၍ လေ့လာစုံစမ်းမှုများပြုလုပ်ကာ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိခြင်းသတင်းမှ မြန်မာအမျိုးသမီးငယ်များကို ကယ်တင်နိုင်လိုက်သည့်အတွက် မိဘဆွေမျိုးများအတွက် ဝမ်းသာဖွယ်ကောင်းလှသည်။ လူကုန်ကူးခံရသူ အမျိုးသမီးငယ်ခုနစ်ဦး စက်တင်ဘာ ၉ ရက် နံနက် ၄ နာရီခွဲတွင်  မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။ လူကုန်ကူးမှုတရားခံ မေဖုန်း(ခ)ထက်ထက်(ခ)ကေသီမြင့်က ဒူဘိုင်းတွင်အိမ်အကူအလုပ်ရမည်၊ လစာကောင်းမည်ပြောပြီးခေါ်ယူ ခဲ့ကြောင်း၊ သုံးလကျော်သည်အထိ အလုပ်မရသေးဘဲ အခန်းကျဉ်းတစ်ခုတွင် ၎င်းတို့ခုနစ်ဦးအား ပိတ်လှောင် ထားကြောင်း၊ ပတ်စပို့များကိုလည်း သိမ်းထားကြောင်း၊ ပိတ်လှောင်ထားစဉ် တစ်ရက်ထမင်းတစ်နပ်သာ ပဲဟင်းရည်ကျဲဖြင့် ကျွေးကြောင်း၊ အီရတ်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း၊ အီရတ်မသွားလိုပါက မြန်မာငွေကျပ်သိန်းတစ်ရာ ပေးရမည်ဟု ခြိမ်းခြောက်တောင်းဆိုကြောင်း၊ လူကုန်ကူးခံရသူမြန်မာအမျိုးသမီး ခုနစ်ဦးမှာ စားစရာမရှိ၊ သွားစရာမရှိကြောက်ရွံ့၍ ထွက်ပြေးပုန်းအောင်းနေရကြောင်း သတင်းများကြားသိရာမှ နှစ်နိုင်ငံ ရဲတပ်ဖွဲ့ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံသို့ပြန်လာနိုင်ခြင်းဖြစ်သည်။ မိဘပြည်သူများ အနေဖြင့် အဆိုပါ သတင်းကို ဖတ်ရှုလေ့လာသင့်လှသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေကို ၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊ ၄၁/၂၀၂၂ ဖြင့်ထုတ်ပြန်ထား ပြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါဥပဒေ၏ပုဒ်မ ၃။ ပုဒ်မခွဲ(ခ)တွင်လူကုန်ကူးမှုဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားပုဂ္ဂိုလ်တစ်ဦး ဦးကို ထိုသူ၏ သဘောတူညီချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်မှုပြုရန် အလို့ငှာ အောက်ပါ နည်းလမ်းတစ်ရပ်ရပ်ကို အသုံးပြု၍ ထိုသူကိုသိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ငှားယူခြင်း၊ ခိုလှုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံခြင်းကို ဆိုသည်-(၁)ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း သို့မဟုတ် အခြားနည်းဖြင့် အနိုင်အထက်ပြုခြင်း၊ (၂)သွေး ဆောင်ခေါ်ယူခြင်း၊ (၃)လိမ်လည်ခြင်း၊ (၄) လှည့်ဖြားခြင်း၊ (၅)လုပ်ပိုင်ခွင့် သို့မဟုတ် အခွင့်အာဏာကို အလွဲသုံးစားပြုခြင်း၊ (၆)ဘဝရပ်တည်ရန် ခက်ခဲနေသော အခြေအနေကို အခွင့်ကောင်းယူ၍ အလွဲသုံးစားပြုခြင်း၊ (၇) ထိုသူအပေါ်ချုပ်ကိုင်နိုင်သူ သို့မဟုတ် တစ်နည်းနည်းလွှမ်းမိုးနိုင်သူ၏ သဘောတူညီချက်ရရှိရန် ငွေကြေး၊ ပစ္စည်း သို့မဟုတ် အခြားအကျိုးအမြတ် တစ်စုံတစ်ရာကိုပေးခြင်း သို့မဟုတ် လက်ခံရယူခြင်းဟူ၍ အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် လူကုန်ကူးမှုများအား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ တားဆီးနှိမ်နင်းခြင်း၊ လူကုန်ကူးခံရသူအားလုံးကို ကာကွယ်စောင့်ရှောက်ခြင်း၊ အထူးသဖြင့် လူကုန်ကူးခံရသူအမျိုးသမီးနှင့် ကလေးသူငယ်များအား အလေးဂရုပြု၍ ကာကွယ်ခြင်းနှင့် အကူအညီပေးခြင်း၊ လူကုန်ကူးမှုကျူးလွန်သူများအား ထိရောက်မြန်ဆန်စွာ စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိုက်သင့်သော ပြစ်ဒဏ်များချမှတ်ခြင်းဖြင့် လူကုန်ကူးမှုများ လျော့နည်းပပျောက်စေခြင်း၊ လူကုန်ကူးခံရသူများအား လူမှုအသိုင်းအဝိုင်းအတွင်းသို့ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေး လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်ခြင်း၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်ကလက်ခံထားသော အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများ၊ ပရိုတိုကောလ်များ၊ ဒေသတွင်းနိုင်ငံများ၊ ဒေသခွဲတွင်းနိုင်ငံများနှင့် ချုပ်ဆိုထားသည့် စာချုပ်များ၊ နှစ်နိုင်ငံ သဘောတူစာချုပ်များနှင့်အညီ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လည်းကောင်း၊ အဖွဲ့ဝင်နိုင်ငံများနှင့်လည်းကောင်း ဆက်သွယ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အင်တာပိုလ်ရဲအဖွဲ့၊ ဒူဘိုင်းရဲအဖွဲ့ဌာနချုပ်အင်တာပိုလ်(အဘူဒါဘီ)တို့နှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်မှုဖြင့် လည်းကောင်း၊ ဆော်ဒီအာရေဗျနိုင်ငံ ရိယာဒ်မြို့ရှိ မြန်မာနိုင်ငံ ဆိုင်ရာသံရုံးမှ ကိုယ်စားလှယ်၏ ကူညီပေးမှုဖြင့် လည်းကောင်း၊  လူကုန်ကူးသူ တရားခံကေသီမြင့်နှင့် လူကုန်ကူးခံရသည့် မြန်မာအမျိုးသမီးငယ် ခုနစ်ဦးတို့အား နိုင်ငံတော်မှ စရိတ်ကျခံမှုဖြင့် ခေါ်ယူခဲ့ကြောင်း သိရသည်။

လူကုန်ကူးမှုကျူးလွန်သူသည်  လူသားချင်းစာနာမှုကင်းမဲ့ကာ စက်ဆုပ်ရွံမုန်းဖွယ်ကောင်းသည့်အမှုကို ပြုလုပ်ခြင်းဖြစ်သည်။ မြန်မာတို့၏ အမျိုးဘာသာဂုဏ်သိက္ခာကို ထိပါးခံရခြင်းဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် လူငယ်လူရွယ် မောင်မယ်များအနေဖြင့် အခြားသူ၏ မက်လုံးပေးစည်းရုံးမှု (လူကုန်ကူးမှု) မခံရရေး အထက်ပါဖြစ်စဉ်ကို သင်ခန်းစာယူကာ ကိုယ်ပိုင်အသိဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်ကာကွယ် တိုက်ဖျက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။