ကမ္ဘာ့အလယ် မြန်မာ့ဂုဏ်ဝင့်ထည်စေခဲ့ပြီ

ကမ္ဘာ့အလယ် မြန်မာ့ဂုဏ်ဝင့်ထည်စေခဲ့ပြီ

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ဝင်များသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum- 2022) သို့ ပါဝင်တက်ရောက်ပြီး မြန်မာ-ရုရှား နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်နိုင်ခြင်းနှင့် အတူ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းကောင်းများကို သယ်ဆောင်၍ စက်တင်ဘာ ၁၁ ရက်ညနေပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)မှအထူးလေယာဉ်ဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သို့ ပြန်လည် ရောက်ရှိခဲ့သည်။

ကမ္ဘာ့အလယ်တွင် မြန်မာ့ဂုဏ် ဝင့်ထည်စေသော နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ပြည်သူလူထုများမှ သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြ သည်မှာ လွန်စွာမှပင် ဝမ်းသာကြည်နူးဖွယ် ကောင်းလှသည်။ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို တစိုက်မတ်မတ် ဦးတည်၍ ခရီးစဉ်အတွင်း နေ့မအား ညမနားဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ စီးပွားရေး၊ ကျန်းမာရေး ပညာရေးဆိုင်ရာ တို့တွင် ပြည်သူအချင်းချင်း၊  လုပ်ငန်းရှင်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရေးအတွက် ကြိုးပမ်းအားထုတ် ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုကြိုဆိုမှုမှာ ပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တနေသော ကိစ္စရပ်များကို အောင်မြင်စွာဆောင်ရွက်ခဲ့ခြင်း ဖြစ်၍ ပြည်သူလူထုက ဂုဏ်ပြုကြိုဆိုကြခြင်း ဖြစ်သည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်ကို     တစ်ပတ်ကြာ သွားရောက်ခဲ့စဉ်အတွင်း   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၏ နေ့စဉ်လှုပ်ရှား ဆောင်ရွက်မှုများကို  အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးသည့် အတွက် ခရီးစဉ်၏ အောင်မြင်မှုရလဒ်များကို ပြည်သူတို့မြင်တွေ့ကြရသည်။ အားရဖွယ်ကျေနပ် နှစ်သက်ဖွယ်ကောင်းလှသည်။ ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ H.E.Vladimir Vladimirovich Putin က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကို တစ်နာရီနှင့်မိနစ် ၂၀ ကြာသီးခြား တွေ့ဆုံပြီး မြန်မာနှင့် ရုရှားတို့အကြား ကမ္ဘာ့အရေး၊ မြန်မာ့အရေးများတွင် ပူးပေါင်းဆောင် ရွက်ရန် အလေးအနက်စကားများကို ဦးတည်ပြောကြားကြောင်း သိရှိရသည်။

ကမ္ဘာ့အင်အားကြီး နိုင်ငံဖြစ်သည့် ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတကဲ့သို့ ကမ္ဘာ့ခေါင်းဆောင်ကြီးက မြန်မာနိုင်ငံ အစိုးရနှင့်မြန်မာနိုင်ငံ အကြီးအကဲကို လည်းကောင်း၊ မြန်မာနိုင်ငံကို လည်းကောင်း အလေးအနက်ထားကာ ကောင်းမွန်သော ဆက်ဆံရေးဖြင့် ဆက်ဆံလျက်ရှိသည်ကို မြင်တွေ့ကြသည့်ပြည်သူများမှာ သူတို့၏ ဝမ်းသာပီတိကို စကားလုံးဖြင့်ဖော်ပြလို့ မရအောင်ပင်ခံစားမိကြောင်း ကြားသိရသည်။ နိုင်ငံတော်အကြီးအကဲ၏ နိုင်ငံတော်အတွက် ကြိုးစားမှုများ အောင်မြင်ခဲ့သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်  ရုရှား-မြန်မာ ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံ၏ အမျိုးသားအကျိုး စီးပွားကို တိုးမြှင့်ဆောင်ရွက်ရန် အတွက် များစွာကြိုးပမ်း ဆောင်ရွက်ခဲ့သည်။

ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတကြီးနှင့် တွေ့ဆုံခဲ့သည့်အပြင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏ ပြည်နယ်လေးခုကို သွားရောက်လေ့လာခဲ့ပြီး မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အရေးပါသော အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေး၊ အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးစသည်တို့ အပါအဝင် နယ်ပယ်ပေါင်းစုံအတွက် ရလဒ်ကောင်းများ ရရှိအောင် ဆောင်ကြဉ်းပေးသည့် ခရီးစဉ်တစ်ခုဖြစ်ပါသည်။

နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်အတွင်း ထူးခြားချက်တစ်ခုမှာ မြန်မာတို့အတွက် အလွန်ကောင်းသော နိမိတ်ကောင်းကိုမြင်တွေ့ရခြင်းဖြစ်သည်။ (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေး ဖိုရမ် (The 7th Eastern Economic Forum- 2022)၏ မျက်နှာစုံညီ အစည်းအဝေး Plenary Session သို့တက်ရောက်ကြသည့်နိုင်ငံ့ခေါင်းဆောင်များကို ဂုဏ်ပြုသောအားဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၊ အာမေးနီးယားနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့၏ အလံများကို International Space Station (အာကာသ) တွင် ရုရှားအာကာသ ယာဉ်မှူးများက ချိတ်ဆွဲဂုဏ်ပြုခဲ့ကြသည်။ ထိုသို့ချိတ်ဆွဲ ဂုဏ်ပြုထားရာတွင် နိုင်ငံ့အလံများအား ကမ္ဘာကို နောက်ခံပြုကာ ထင်ရှားစွာ တွေ့မြင်နိုင်ရေး ဂုဏ်ပြုချိတ်ဆွဲထားခြင်းဖြစ်သည်။ ဤသည်မှာ မြန်မာနိုင်ငံ၏ မြင့်မြင့်မားမား တိုးတက်တော့မည့် အနာဂတ်ကိုဖော်ညွှန်းခြင်းပင် ဖြစ်ပေသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံရေး ရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေး ကိစ္စရပ်များကို ယခုခရီးစဉ်က ပိုမိုခိုင်မာစေမည်ဖြစ်ရာ ကမ္ဘာ့အလယ်မြန်မာ့ဂုဏ် ဝင့်ထည်စေခဲ့ပြီဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။   ။