သတင်းအမှားတိုက်ဖျက်နိုင်ရေးပူးပေါင်းပါဝင်ကြ

မြန်မာနိုင်ငံသည်စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ဖြင့် ဒီမိုကရေစီနိုင်ငံတော် ကိုတည်ဆောက်လျက်ရှိရာတွင် သတင်းမီဒီယာကဏ္ဍသည် အလွန်ပင် အရေးပါလှသည်။ ဒီမိုကရေစီစနစ် အရဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသော မဏ္ဍိုင်သုံးရပ်ကို တည့်တည့်မတ်မတ်ဖြစ်အောင် ထိန်းသိမ်းပေးရမည်မှာ စတုတ္ထမဏ္ဍိုင်ဖြစ်သော မီဒီယာတို့၏ အခန်းကဏ္ဍဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီပေါ်ပေါက်လာရခြင်း၏ ဖြစ်ရပ်မှန်မှာ  စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ လမ်းကြောင်း တိမ်းစောင်းသွားခြင်းကို ထိန်းသိမ်းရန်အတွက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁ နှစ်နှင့် ၆ လပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားသည့်မိန့်ခွန်းတွင် စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးဆောင်ရွက်ရာမှာ ပြည်သူတိုင်း၊ အဖွဲ့အစည်းတိုင်းကလိုက်နာ ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ ဒီလိုဆောင်ရွက်နိုင်မှ အောင်မြင်နိုင်မယ့် လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုဖော်ဆောင်ရာမှာ ပထမဆုံး အခြေခံ လိုအပ်ချက်ဖြစ်တဲ့ ဒီမိုကရေစီစနစ်ကိုဆန့်ကျင်ကာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှ သွေဖည်သွားမယ့် လုပ်ဆောင်ချက်တွေ မလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ တာဝန် ထမ်းဆောင်မှုမျိုးကိုမဆို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေအတိုင်း လေးစားလိုက်နာ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ် ဟူ၍ ပြောကြားထားပါသည်။

စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးတွင် စတုတ္ထမဏ္ဍိုင်ဖြစ်သည့်မီဒီယာ ကဏ္ဍသည်လည်းတစ်ခုပါဝင်သည်။ မြန်မာနိုင်ငံတွင် သတင်းမီဒီယာကောင်စီကို ဖွဲ့စည်းတာဝန်ပေးအပ် ထားပြီးဖြစ်ပေရာ သတင်းမီဒီယာသမားတိုင်းသည် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထား ရန်လိုအပ်လှပေသည်။ သတင်းမီဒီယာကောင်စီအနေဖြင့် မိမိနိုင်ငံ၏ သတင်းအမှန်များကို မှန်မှန်ကန်ကန် ဖော်ပြပေးလျက် ရှိသော်လည်း ပြည်ပသွေးထိုးအကြမ်းဖက် အဖျက်သမားအားပေး မီဒီယာတို့က သတင်း အမှန်ရေးသား ဖော်ပြခြင်း မရှိဘဲ မြန်မာနိုင်ငံပျက်စီးရေးကို ဦးတည်လျက် သတင်းအမှားများကိုသာ တစိုက် မတ်မတ်ဖော်ပြနေခြင်းမှာ မြန်မာနိုင်ငံတွင် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ ဖြစ်သွားမည်ကို မလိုလားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ သတင်းသမားများ အရည်အသွေးမြှင့်တင်နိုင်ရေး တို့အတွက် သင်တန်းများဖွင့်လှစ်ပေးခြင်း၊ အနယ်နယ်အရပ်ရပ်ရှိ သတင်းမီဒီယာ သမားများနှင့် ထိတွေ့ဟောပြော ဆွေးနွေးခြင်း၊ ကျောင်းသားလူငယ်များအနေဖြင့် သတင်းအတု၊ သတင်းအမှားများကြောင့် လမ်းမှားမလိုက်မိရေးတို့အတွက် တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာကျောင်း များသို့လည်း သွားရောက်ဆွေးနွေးပညာပေးဟောပြောခြင်းများ ပြုလုပ်လျက်ရှိသည်။ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီသည် အာဆီယံဒေသအတွင်း နိုင်ငံများရှိသတင်းမီဒီယာကောင်စီများ၊ အခြားကမ္ဘာ့သတင်း မီဒီယာကောင်စီများနှင့်လည်း မကြာခဏဆွေးနွေးခြင်းနှင့် သတင်းဖလှယ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ၂၀၂၂ ခုနှစ် မေ ၂ ရက်မှ ၈ ရက်အထိ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့၌ နိုင်ငံပေါင်း ၂၃ နိုင်ငံတို့ တက်ရောက်ခဲ့သော ကမ္ဘာ့သတင်းမီဒီယာကောင်စီ အစည်းအဝေးနှင့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားများသို့ တက်ရောက်ဆွေးနွေးခဲ့သည်။ ထို့ပြင် သြဂုတ် ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် တီမောလက်စ်တေနိုင်ငံ၌ နိုင်ငံငါးနိုင်ငံ (တီမောလက်စ်တေ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ မြန်မာ)နှင့် ယူနီဆက်ကိုယ်စားလှယ်တို့ ပါဝင်သော Dili Dialogue Forum တွင်လည်း တက်ရောက်ဆွေးနွေးခဲ့သည်။ ထိုဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်၍ နိုင်ငံတကာသတင်းဖြန့်ချိမှုများ လွဲမှားနေသည်များကို သတင်းအမှန်များရှင်းလင်းပြောပြနိုင်ခဲ့ကြောင်း သိရှိရသည်။

ယနေ့ကမ္ဘာကြီးတွင်သတင်းစီးဆင်းမှု မြန်ဆန်နေသော်လည်း မှန်ကန်မှုနည်းပါးနေသည်ကိုတွေ့မြင် နေကြသည်။ အထူးသဖြင့် နိုင်ငံကြီးများက နိုင်ငံငယ်များအပေါ် လက်ဝါးကြီးအုပ်စိုးမိုးနိုင်ရေးအတွက် ထိလွယ် ရှလွယ်သော သတင်းအမှားများကို အသုံးပြုလျက်ရှိသည်။ မီဒီယာ၏အခန်းကဏ္ဍသည်လွန်စွာ ကျယ်ပြန့်လှ ပေရာ နိုင်ငံ၏ပုံရိပ်ကို မြင့်မားအောင်၊ နိမ့်ကျအောင် ပြုလုပ်နိုင်သည်။ မြန်မာနိုင်ငံနှင့် ပတ်သက်လျှင် ကုလသမဂ္ဂ သည်ပင် သတင်းအမှန်သိရှိခြင်း မရှိကြောင်းကို မြန်မာနိုင်ငံသို့ သြဂုတ် ၁၇ ရက်က လာရောက်ခဲ့သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ ပြောကြားချက်များအား လေ့လာကြည့်ခြင်းဖြင့် သိရှိနိုင်သည်။ အထူးကိုယ်စားလှယ်၏ သတင်းထုတ်ပြန်ချက်များမှာ ပြည်ပနှင့်ပြည်တွင်းရှိ တရားမဝင် အကြမ်းဖက်အဖွဲ့များမှ ပေးပို့သော သတင်းမှားများအပေါ် အခြေခံခြင်း ဖြစ်သည့်အတွက် အမှန်တရားနှင့် ရာနှုန်းပြည့်ကွဲလွဲလျက်ရှိသည်။ အနှစ်ချုပ်ဆိုရလျှင် သတင်းမီဒီယာသမား များသာမက ပြည်သူတစ်ရပ်လုံးက အမျိုးသားရေးစိတ်ဓာတ်၊ နိုင်ငံချစ်စိတ်ဓာတ်မြင့်မားစွာထားရှိလျက် သတင်းအမှားများကို တိုက်ဖျက်ကြပါရန် ရေးသားလိုက်ရပေသည်။   ။