တားဆီးကာကွယ် မူးယစ်အန္တရာယ်

တားဆီးကာကွယ် မူးယစ်အန္တရာယ်

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်)

လူသားတို့အသက်ဆုံးရှုံးမှုဖြစ်အောင် ထိခိုက်နေသော အန္တရာယ်များတွင် မူးယစ်ဆေးဝါးမှာတစ်ခု အပါအဝင်ဖြစ်သည်။ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် လူသားတို့ အသက်ပေါင်းများစွာ ဆုံးရှုံးနေရသလို မိသားစုများ စိတ်ဆင်းရဲခြင်း သောကဖြစ်ပွားလျက်ရှိသည်။ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ကြီးပွားချမ်းသာသူ တစ်ယောက်မျှ မရှိသော်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကြောင့် တရားမဝင်ငွေကြေးဖြင့် ချမ်းသာသူများ ရှိနေသည်။   သို့သော် ထိုရောင်းဝယ် ဖောက်ကားမှု ပြုနေသူများမှာလည်း နောက်ဆုံးတွင် တရားဥပဒေ၏ စက်ကွင်းမှာ နိဂုံးချုပ်သွားကြသူများသာ ဖြစ်သည်။

မသိနားမလည်သော လူငယ်လူရွယ်တို့ကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတို့က  သွေးဆောင် ဖြားယောင်းကာ မူးယစ်နွံအတွင်းသို့ ပို့ဆောင်လျက်ရှိသည်။ ခေတ်မီနည်းပညာများကို အသုံးပြုလျက် လူငယ်လူရွယ်တို့ကို ဆွဲဆောင်သည်။ ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ် အားလုံးအပေါ် အချိန်ကာလကြာမြင့်စွာ အန္တရာယ်ပေးနေသည့် မူးယစ်ဆေးဝါးကြောင့် အရွယ်မတိုင်မီ သေဆုံးမှု များပြားလျက်ရှိသည်။ နိုင်ငံတိုင်းက မူးယစ်ဆေးဝါး ပြဿနာ လုံးဝမရှိအောင် ကြိုးစား လုပ်ဆောင်နေကြသော်လည်း လုံးဝပျောက်ကွယ်သွားအောင် မစွမ်းဆောင်နိုင်သေးကြောင်း တွေ့ရှိရသည်။

မြန်မာနိုင်ငံတွင် မြန်မာတို့၏ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအရ ငါးပါးသီလတွင် မူးယစ်စေတတ်သော အရက်သေစာ သောက်စားခြင်းကို ရှောင်ကြဉ်ကြသည်။  အရက်သေစာ သောက်စားခြင်းသည်ပင် မကောင်းမှုတစ်ခုဟု ရှုမြင်ထားပေရာ မူးယစ်ဆေးဝါးဆိုသည်မှာကား ပြောဖွယ်ရာ မရှိတော့ပေ။ မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ ကွန်ဗင်းရှင်းများအရ လည်းကောင်း၊ မြန်မာနိုင်ငံ၏ လိုအပ်ချက် အရလည်းကောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်း ၃၉ မျိုးကို ထိန်းချုပ် သတ်မှတ်ကာ ဓာတုပစ္စည်းများ လမ်းလွဲရောက်ရှိမှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်။

ကမ္ဘာ့နိုင်ငံများတွင် မူးယစ်ဆေးဝါး ပြဿနာများကြောင့် ကျန်းမာရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာထိခိုက်လျက်ရှိကြောင်း သိရှိရသည်။ မူးယစ်ဆေးဝါး ပြဿနာများ ဖြေရှင်းဆောင်ရွက်ရာတွင်  စိန်ခေါ်မှုအသစ်များ ရှိလာကြောင်း ကြားသိနေရသည်။ ဈေးနှုန်းသက်သာသည့် မူးယစ်ဆေးဝါး အသစ်ကို တီထွင်ထုတ်လုပ်လာနေခြင်းကြောင့် မူးယစ်ဆေးဝါး တားဆီးကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ပိုမိုလုပ်ဆောင်ကြရမည်ဖြစ်သည်။

မူးယစ်ဆေးဝါးပြဿနာမှာ ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ခု ဖြစ်လာနေသည့်အတွက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တရားမဝင် ရောင်းဝယ်ဖောက်ကားမှု တားဆီးကာကွယ်ရေး လုပ်ဆောင်ရာတွင် နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုမှာ ရာခိုင်နှုန်းပြည့် လိုအပ်ချက်ဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် အားသွန်ခွန်စိုက် လုပ်ဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပသည့်(၅)ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ တရားမဝင် ရောင်းဝယ်ဖောက်ကားမှု တားဆီး ကာကွယ်ရေးဆိုင်ရာ အစည်းအဝေးကို စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။ နှစ်နိုင်ငံ ကိုယ်စားလှယ်များက မူးယစ်ဆေးဝါးပြဿနာ ရင်ဆိုင်ဖြေရှင်းရာတွင် ကြုံတွေ့နေရသည့် အတွေ့အကြုံများ နှင့် စိန်ခေါ်မှုအခက်အခဲများ၊ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဖြစ်စဉ်များ၊ နှစ်နိုင်ငံအကြား ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ် ပူးပေါင်း ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံ ပူးတွဲကင်းလှည့်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ (၆)ကြိမ်မြောက် အစည်းအဝေးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံက အလှည့်ကျအိမ်ရှင် အဖြစ်ကျင်းပနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

ကမ္ဘာတွင် နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် လူသားတို့အတွက် ကောင်းကျိုးစီးပွားများစွာ ဖြစ်ထွန်း ပေါ်ပေါက်လာခြင်းနှင့်အတူ ဆိုးကျိုးများသည်လည်း ကပ်ပါလာလျက်ရှိသည်။ မူးယစ်ဆေးဝါး ဂိုဏ်းအဖွဲ့များက နည်းပညာတိုးတက်မှုကို အခွင့်ကောင်းယူ အသုံးချပြီး မူးယစ်ဆေးဝါးနှင့် ပရီကာဆာ ဓာတုပစ္စည်းများကို ပုံစံအမျိုးမျိုးဖြင့် သယ်ဆောင်ရောင်းဝယ်မှုများ ပြုလုပ်လာကြသည်။ မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင် ရောင်းဝယ်မှုမှရရှိသည့် အကျိုးအမြတ် ငွေကြေးများသည် အကြမ်းဖက်တိုက်ခိုက်မှု၊ လက်နက်မှောင်ခိုမှု၊ နိုင်ငံဖြတ်ကျော် မှုခင်းများ အရှိန်မြင့်လာအောင် တွန်းအားပေးလျက်ရှိသည်။ အထူးသဖြင့် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေလျက်ရှိသည်။

မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် နိုင်ငံအားလုံး နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုသည် အဓိကအရေးကြီးသည့် အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေသည့်အတွက် မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးပပျောက်ရေးကို ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး ပပျောက်ရေးကို ဘက်ပေါင်းစုံကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် မိမိတို့တတ်စွမ်းသည့် နေရာက ပါဝင်ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း။  ။