ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းများ

ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းများ

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေး ဖိုရမ် (The 7th Eastern Economic Forum-2022)  ၏ မျက်နှာစုံညီ အစည်းအဝေး Plenary Session ကျင်းပစဉ် “စားနပ်ရိက္ခာလုံခြုံရေး (Food Security) ကဏ္ဍတွင် မြန်မာနိုင်ငံ၏ အရေးပါမှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းကောင်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့မှုသည် ဖိုရမ်သို့ တက်ရောက်လာသူအားလုံး စိတ်ဝင်စားသည့် အကြောင်းအရာဖြစ်ခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဆွေးနွေးမှုနှင့် ပတ်သက်၍ အခမ်းအနားမှူးက သိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးပြောကြားခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင် ကလည်း ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။ အဆိုပါဖိုရမ်သို့ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၉၀ ကျော်မှ စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

မြန်မာနိုင်ငံသည် ရုရှားနိုင်ငံသို့ စိုက်ပျိုးရေးနှင့် ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိသကဲ့သို့ အပြန်အလှန်အားဖြင့် ဓာတ်မြေသြဇာ၊ စက်သုံးဆီနှင့် အခြားသော ရေနံထွက်ကုန်ပစ္စည်းများကို ရုရှားနိုင်ငံမှ တင်သွင်းရန် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုကို ယခုထက်ပိုမို တိုးမြှင့်နိုင်မည်ဆိုပါက နှစ်နိုင်ငံစလုံးအတွက် အကျိုးစီးပွား ပိုမိုဖြစ်ထွန်း လာစေမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကဏ္ဍ၊ သတ္တုကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံ တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ စက်သုံးဆီ သိုလှောင်ကန်နှင့် အခြားအခြေခံ အဆောက်အဦဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍ၊ ရော်ဘာအခြေခံ စက်မှုကုန်ထုတ်လုပ်မှု ကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာ ကဏ္ဍ၊ သတင်းအချက်အလက် နည်းပညာနှင့် ဆက်သွယ်ရေး ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် ဘဏ္ဍာရေး လုပ်ငန်းကဏ္ဍများ၊ အထည်ချုပ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားသည်မှာ နိုင်ငံအတွက် ဝမ်းသာဖွယ်ဖြစ်သည်။

ရုရှားဖက်ဒရေးရှင်း နိုင်ငံအနေဖြင့် ကမ္ဘာ့ရေးရာ ကိစ္စများတွင် သမာသမတ်ကျစွာ ဆောင်ရွက်လျက်ရှိသည်။

သူတစ်ပါးနိုင်ငံ၏ ပြည်တွင်းရေးကိစ္စများ ပွေလီရှုပ်ထွေးအောင် လုပ်ဆောင်ခြင်း မရှိသည်မှာ ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏ဂုဏ်သိက္ခာ တည်ငြိမ်မှုကို ဖော်ပြနေခြင်းဖြစ်သည်။ မြန်မာနှင့်ရုရှားတို့သည် လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုမှ စတင်၍ နှစ်နိုင်ငံဆက်ဆံရေးမှာ အရှိန်အဟုန်ဖြင့်မြင့်မား တိုးတက်လာသည်။ ရုရှားနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့အလယ်တွင် အစဉ်အလာ ကြီးမားသောနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ တည်ရှိသည့် အရှေ့တောင်အာရှဒေသသည် သဘာဝ ပထဝီဝင်အရ သမုဒ္ဒရာကြီးနှစ်ခုကို ဆက်သွယ်ပေါင်းကူးပေးရာတွင် အချက်အချာကျသည့် နေရာ၌တည်ရှိနေသည့် အားလျော်စွာ အာရှ-ပစိဖိတ်ဒေသကြီးတွင် အရေးပါသော နေရာမှ ပါဝင်နေလျက်ရှိသည်။ ထို့အတူ အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့ (ASEAN)) ၏ အဖွဲ့ဝင်နိုင်ငံများသည်လည်း ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် များစွာအရေးပါပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အခွင့်အလမ်း များစွာရှိသော နိုင်ငံများဖြစ်သည်။

မြန်မာနိုင်ငံတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် စပ်လျဉ်း၍ ကမ်းလွန်ရေနံ လုပ်ကွက် ၅၁ ကွက် သတ်မှတ်ထားရှိပြီး လုပ်ကွက်ရှစ်ကွက်မှာ သဘာဝဓာတ်ငွေ့များ တွေ့ရှိတူးဖော်၍ ပြည်တွင်း၊ ပြည်ပတင်ပို့ ရောင်းချလျက်ရှိသည်။ လက်ရှိတွင် ဘင်္ဂလားပင်လယ်အော် အတွင်း၌ သဘာဝဓာတ်ငွေ့  ၂  ထရီလီယံ ကုဗပေကျော်တွေ့ရှိခဲ့ပြီး မကြာမီစီးပွားဖြစ် ထုတ်ယူနိုင်တော့မည်ဖြစ်သည်။ အလားတူ ထို့ထက်ပိုမိုကြီးမား သည့် ဓာတ်ငွေ့သိုက်တစ်ခုကို တူးဖော်နိုင်မည့် အလားအလာများလည်း တွေ့ရှိထားသည်။ ထို့ကြောင့် နောင်လာမည့် သုံးနှစ်အတွင်း မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ကို အခြေခံသည့် စက်မှုလုပ်ငန်းများပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ရှာဖွေဖော်ထုတ်ခြင်း မပြုရသေးသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက် များစွာ ကျန်ရှိနေသေးသည်။ အလားတူ ကြေးနီ၊ သံ၊ ခဲမဖြူ စသည့် သတ္တုများလည်း ကမ္ဘာ့ဈေးကွက်သို့ တင်ပို့နိုင်သည့် ထုတ်လုပ်မှု လုပ်ငန်းများရှိသည်။ ထိုသို့သော အခြေအနေကောင်းများကြောင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဖိတ်ခေါ်အပ်ပါကြောင်းဖြင့် နိုင်ငံတော် အကြီးအကဲက အဆိုပါဖိုရမ်တွင် ဆွေးနွေးပြောကြား ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသူ၊ နိုင်ငံသားအပေါင်းတို့သည် မိမိတို့နိုင်ငံကြီး တိုးတက်ကြီးပွားကာ အလုပ်အကိုင် အခွင့်အလမ်းများ ပေါများသည်ကို တွေ့မြင်လိုကြသည်။ မြန်မာနိုင်ငံမှ ပြည်ပသို့ သွားရောက်အလုပ် ရှာဖွေကြရမည့်အစား ပြည်တွင်းတွင် အလုပ်လုပ်နိုင်ကြတော့ပေမည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတစ်ဝန်းလုံး ငြိမ်းချမ်းသာယာမှုရှိစေရေးကို အလေးထား ဆောင်ရွက်လျက်ရှိသည်။ ငြိမ်းချမ်းရေးသည် စီးပွားရေးအတွက် အဓိကတစ်ခုဖြစ်ပေရာ ငြိမ်းချမ်းခြင်းနှင့်အတူ ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာမည်ဖြစ်သည်။ ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင် ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခြင်းဖြင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်မှုမှာ ရာနှုန်းပြည့် အောင်မြင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။