ကျွန်းလှမြို့နယ်၌ မိုးစပါးစိုက်ခင်းများ ပိုးမွှားကျရောက်မှု ကင်းထောက်ခြင်းနှင့် မျိုးကွဲနုတ်ပယ်ခြင်း ကွင်းဆင်းဆောင်ရွက်

ကျွန်းလှမြို့နယ်၌ မိုးစပါးစိုက်ခင်းများ ပိုးမွှားကျရောက်မှု ကင်းထောက်ခြင်းနှင့် မျိုးကွဲနုတ်ပယ်ခြင်း ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် မြို့မ(KC)နယ်မြေအတွင်း စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများ၌ ပိုးမွှားကျရောက်မှု ကင်းထောက်ခြင်းနှင့်    မျိုးကွဲနုတ်ပယ်ခြင်းတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြောင်း  ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ   သိရသည်။

  ယခုနှစ်မိုးစပါးကို   ဇူလိုင်လကစတင်စိုက်ပျိုးကြပြီး   နှစ်လသားအရွယ်ရောက်ရှိပြီ ဖြစ်ပါတယ်။ စပါးပင်ပွားစီးချိန်၊  သန္ဓေတည်ချိန်နီးကပ်လာပြီ ဖြစ်တာကြောင့် စပါးခင်းများအတွင်း ဆစ်ပိုး၊ ရွက်လိပ်ရွက်ကပ်ပိုး   စတဲ့ပိုးမွှားများကျရောက်မှုရှိ၊ မရှိ ကင်းထောက်ခြင်း၊  မျိုးကွဲနုတ်ပယ်ခြင်းများကို တောင်သူများနဲ့   ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်ဟု  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

ယခုနှစ် မိုးသီးနှံစိုက်ပျိုးသည့် တောင်သူများအား ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက  ယူရီးယား ဓာတ်မြေသြဇာများ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်း၊ သဘာဝပိုးသတ်ဆေး၊ ပိုးပြေးဆေး၊ ပိုးနှင်ဆေးများ ပြုလုပ်သုံးစွဲရေး၊ ဘက်စုံသုံးပိုးမွှားကာကွယ်နှိမ်နင်းနည်းစနစ်လိုက်နာကျင့်သုံးရေး၊ ဓာတ်မြေသြဇာ အချိုးကျထည့်သွင်း သုံးစွဲရေးတို့ကို အသိပညာပေးလျက်ရှိသည်။

  ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးစပါး ၃၄၀၉၃ ဧက စိုက်ပျိုးခဲ့ပြီး မျိုးစေ့ထုတ်ကွက် ဧက ၂၀၀ နှင့် တင်း ၁၀၀ ထွက်ရှိရေး စံပြကွက် ဧက ၂၀ စိုက်ပျိုးထားကြောင်း  သိရသည်။         

မျိုးဝင်းညို(ကျွန်းလှ)