အဏ္ဏဝါဒေသ၏ဂေဟစနစ်တည်ငြိမ်ရေး

အဏ္ဏဝါဒေသ၏ဂေဟစနစ်တည်ငြိမ်ရေး

မြန်မာနိုင်ငံသည် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိသည်။  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလတွင်ကြိုးပြင်ကာကွယ်တော(၄)ခုကို သတ်မှတ် နိုင်ခဲ့ရာတွင် ဒီရေတောကြိုးပြင်ကာကွယ်တော နှစ်ခုပါဝင်ကြောင်းတွေ့ရှိရသည်။ ရန်ကုန်တိုင်း ဒေသကြီး ကွမ်းခြံကုန်းမြို့နယ် အတွင်းရှိ အစိမ်းရောင်တံတိုင်း ဒီရေတောကြိုးပြင်ကာကွယ်တောနှင့် သုံးခွ မြို့နယ်အတွင်းရှိ ဘိတ်သိတ်-မဟာ-သာသာဒီရေတောကြိုးပြင်ကာကွယ်တောတို့ ဖြစ်သည်။ အဆိုပါ ဒီရေတော

ကြိုးပြင်ကာကွယ်တောများမှာ ဒေသတွင်းရှိ ရေမြေသဘာဝနှင့်ရာသီဥတုကို မျှတစေရန်၊ ဇီဝမျိုးစုံနှင့် ဂေဟစနစ်ကိုရေရှည်တည်တံ့စေရန်၊ ဒေသစိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပြုနိုင်ရန်၊ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ ကျေးရွာများကို လေမုန်တိုင်းတိုက်ခတ်ခြင်း၊ ဒီရေလှိုင်းရိုက်ခတ်ခြင်း စသည့် သဘာဝဘေးအန္တရာယ်များမှ ဒီရေတောအပင်များဖြင့် တံတိုင်းကြီးတစ်ခုသဖွယ် ကာကွယ်တားဆီးရန် အတွက်တည်ရှိနေခြင်း ဖြစ်သည်။

ဒီရေတောနယ်နိမိတ်အတွင်း သစ်တော၊ ရေ၊ မြေ၊ သားငှက်တိရစ္ဆာန်များအတွက် ဘေးကင်းလုံခြုံ ၍တည်ငြိမ်သော ဂေဟစနစ်ဖြစ်ပေါ်လာစေရန်နှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် လာနိုင်ရန် ရည်ရွယ်၍ ဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ် နိုင်ငံတော်ကသတ်မှတ်ပေးခြင်းဖြစ်သည်။ ဒီရေတော အပင်မျိုးစိတ်များဖြစ်သည့် လမု၊ လမဲ့၊ သမဲ့၊ ကန့်ကလာ၊ ဗြူးအုပ်ဆောင်း၊ ခရာပင်များပေါက် ရောက်ပြီး ငါး၊ ပုစွန်၊ ကဏန်းတို့ပေါက်ဖွားရာနေရင်းဒေသများလည်းဖြစ်သည်။ ခရုစုတ်ငှက်၊ ဝန်ပိုငှက်၊ နှုတ်သီးဝိုင်းရေညှောင့်ငှက်၊ တောဘဲ၊ ဒင်ကျီးငှက်စသည့်ရေပျော်ငှက်များ ကျက်စားရာဒေသလည်းဖြစ်သည်။ ဒီရေတောများကို ထိန်းသိမ်းနိုင်ခြင်းဖြင့် သစ်တောပြုန်းတီးမှုကို ကာကွယ်ခြင်း၊ ရာသီဥတုမျှတသာယာ ခြင်း၊ သား၊ ငါး၊ ပုစွန်များပေါကြွယ်ဝခြင်း၊ ဒေသခံပြည်သူများအတွက် သစ်၊ ထင်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိစေမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ကမ်းရိုးတန်းအရှည် ကီလိုမီတာ ၃၀၀၀ ခန့်ရှည်လျားပြီး အာရှဒေသတွင် တတိယ အများဆုံးနှင့် ကမ္ဘာပေါ်တွင် သတ္တမမြောက်အများဆုံးဒီရေတောပေါက်ရောက်သည့် နိုင်ငံဖြစ်သည်။ မြန်မာ နိုင်ငံ၏ ဒီရေတောဧရိယာသည် စတုရန်းကီလိုမီတာ ၅၀၀၀ ကျော်ရှိပေရာ ဒီရေတောများထိန်းသိမ်းခြင်း၊ တိုးပွားအောင် ပြုလုပ်ခြင်းတို့ကို လုပ်ဆောင်ပေးကြရမည်ဖြစ်သည်။ ဒီရေတောများသည် ကုန်းတွင်းပိုင်းနှင့် အဏ္ဏဝါဂေဟစနစ်များ ဆက်စပ်၍ အပင်၊ တိရစ္ဆာန်နှင့်ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ရပ်တည်ပေါက်ဖွားရာ ဒေသဖြစ်ပြီး  သဘာဝဘေးအန္တရာယ်ကို တံတိုင်းသဖွယ်ကြံ့ကြံ့ခံကာကွယ်ပေးနိုင်သည်။ ဒီရေတောများကို ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံးတွေ့ရပြီး ရန်ကုန်တိုင်း ဒေသကြီး၌လည်း ပင်လယ်ကမ်းရိုးတန်းနှင့် ဆက်စပ်လျက်ရှိသည့် မြို့ရွာများတွင် တွေ့ရှိရသည်။

ဒီရေတောရေတိမ်ဒေသများသည် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များတွင် အလွန်အရေးပါလှသည်။  အခြားသစ်တော အမျိုးအစားနှင့် နှိုင်းယှဉ်ပါက မှန်လုံအိမ်အာနိသင်ဓာတ်ငွေ့ဖြစ်သည့် ကာဗွန်စုပ်ယူသိုလှောင်မှုစွမ်းအားပိုမိုမြင့်မားလှသည်။ ထို့ပြင်ရေတိုက်စားခြင်းကြောင့် ကမ်းပါးပြိုကျမှုများအား အကာအကွယ်ပေးခြင်း၊ လေပြင်းတိုက်ခတ်မှုများကို ကာကွယ်ပေးခြင်း၊ ပင်လယ်နေသတ္တဝါများ ထိခိုက်ပျက်စီးစေသည့် အမှိုက်များနှင့် အဆိပ်အတောက်များကို ကုန်းမြေမှပင်လယ်ထဲသို့ တိုက်ရိုက်ရောက်ရှိမှုမရှိစေရန် ထိန်းသိမ်းပေးခြင်းတို့ဖြင့် လူသားတို့၏ အသက်ရှင်နေထိုင် ရပ်တည်မှုကို များစွာ အကျိုးပြုလျက်ရှိသည်။ ကမ္ဘာ့ရာသီဥတု ပူနွေးလာမှု ဖြစ်စဉ်များ လျှော့ချရေးအတွက် ဒီရေတောရေတိမ်ဒေသများထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေးကို အလေးထား လုပ်ဆောင်ကြရမည်ဖြစ်သည်။

တပ်မတော်သည် ပြည်သူလူထုအတွင်းမှ ပေါက်ဖွားလာသော ပြည်သူတို့၏ သားသမီးများသာ ဖြစ်သည့်အတွက် ပြည်သူလူထု၏ အကျိုးစီးပွားကို အစဉ်ဦးထိပ်ထားသယ်ပိုးလျက်ရှိသည်။နိုင်ငံတော်၏ရေမြေ၊ တောရိုင်းတိရစ္ဆာန်၊ ဇီဝမျိုးစုံနှင့်သဘာ၀၀န်းကျင်သာယာရေးကိုလည်း သယ်ပိုးဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံတစ်ဝန်းလုံး စိမ်းလန်းစိုပြည်သာယာရေးအတွက် နှစ်စဉ်မိုးရာသီရောက်တိုင်းသစ်ပင်များ စိုက်ပျိုးခြင်းလည်း ပါဝင်သည်။ သစ်ပင်များစိုက်ပျိုးရာတွင် မြေပြင်တွင်စိုက်ပျိုးပေးလျက်ရှိသလို ရဟတ်ယာဉ်များဖြင့် သစ်စေ့မြေလုံး(Seed Ball) များကြဲချခြင်းများကိုလည်း ပြုလုပ်လျက်ရှိသည်။ ထို့ပြင် ဒီရေတောပင်စိုက်ပျိုးခြင်းများကိုလည်း အားတက်သရော လုပ်ဆောင်လျက်ရှိသည်။

၂၀၂၂ ခုနှစ် ဒီရေတောပင်စိုက်ပျိုးပွဲကို စက်တင်ဘာ ၁၇ ရက်က အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်များရှိ သက်ဆိုင်ရာရေတပ်စခန်းဌာနချုပ်များနှင့် စစ်ရေယာဉ်စုများတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားများတွင် တပ်မတော်( ရေ)မှ အရာရှိ၊ စစ်သည်များက သတ်မှတ်နေရာအသီးသီးတွင် ဒီရေတောပျိုးပင်များဖြစ်သော လမုပင်၊ ဗြူးခြေထောက်ပင်၊ သမဲ့ပင်၊ ပရုန်းပင်နှင့်ဓနိပင် စုစုပေါင်း ၁၆၈၆၀ ပင်စိုက်ပျိုး ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင်ဒီရေတောပင်စုစုပေါင်း ၁၉၄၆၀ ပင်စိုက်ပျိုးနိုင်ခဲ့ကြောင်းသိရှိရသည်။ ဤသည်မှာ အဏ္ဏဝါဒေသ၏ ဂေဟစနစ်ဆိုင်ရာ တည်ငြိမ်စေရေးအတွက် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။  ။