ကမ္ဘာ့အခင်းအကျင်းအသစ်ကိုပုံဖော်မည့် (SCO)

ကမ္ဘာ့အခင်းအကျင်းအသစ်ကိုပုံဖော်မည့် (SCO)

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးညီလာခံကို စက်တင်ဘာ ၁၅ ရက်မှ ၁၆ ရက်အထိ ဥဇဘက်ကစ္စတန်နိုင်ငံ ဆမာခန်းမြို့၌ကျင်းပခဲ့သည်။ အဆိုပါညီလာခံမှာ နိုင်ငံတကာက စိတ်ဝင်တစားစောင့်ကြည့်ခံခဲ့ရသောထိပ်သီးညီလာခံတစ်ခုဖြစ်ခဲ့ပြီး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအတွက် စံပြုထိုက်သောညီလာခံဖြစ်ခဲ့သည်။ ဒေသတွင်းနိုင်ငံများ၏ နိုင်ငံရေးပတ်ဝန်းကျင်နှင့် လူမှုစီးပွားနယ်ပယ်တို့တွင် ထူးခြားသောပြောင်းလဲမှုများ ဖြစ်ပေါ်နေစဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတမစ္စတာရှီကျင့်ဖျင်၏ အလယ်အာရှဒေသခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှာ မတူညီသောယဉ်ကျေးမှု၊ မတူညီသောအမျိုးသားရေး စရိုက်လက္ခဏာများ၊ မတူညီသောနိုင်ငံခြားရေးမူဝါဒများ၊ မတူညီသောနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စံပြုပုံစံများကို ပိုင်ဆိုင်ထားကြသော နိုင်ငံများကို ပေါင်းစည်းထားခြင်း ဖြစ်သည်။ ခေတ်သစ်ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေး အခင်းအကျင်း၏ ခွဲခြားမရနိုင်သောအစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။  ထိုအဖွဲ့၏ အဓိကမူတည်သော အကြောင်းအရာမှာ လက်တွေ့ကျသောကမ္ဘာ့ရေးရာကိစ္စများတွင် အပြန်အလှန် အကျိုးကျေးဇူး ရရှိစေသည့်ပူးပေါင်းဆောင်ရွက်နိုင်မှုဖြစ်သည်။ အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံအချင်းချင်း တစ်နိုင်ငံ၏ပြည်တွင်းရေးကို တစ်နိုင်ငံကစွက်ဖက်မှုကင်းစေခြင်းဖြစ်သည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) မှာ နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှု မှသည် လူသားချင်းစာနာထောက်ထားမှုနှင့် အခြားသောနယ်ပယ်များအထိ ပူးပေါင်းဆောင်ရွက်မှုအပေါ် အခြေခံကာ များပြားလှသောစီမံကိန်းများကို ဆောင်ရွက်နိုင်သည့် အကောင်းဆုံးအနေအထားတွင်ရှိနေသည်။ ပတ်ဝန်းကျင်ကောင်းကို ပိုင်ဆိုင်ထားသလို ပတ်ဝန်းကျင်ကောင်းကို တိုးချဲ့နိုင်စွမ်းရှိနေသည့်အဖွဲ့ ဖြစ်သည်။

စက်တင်ဘာ ၁၆ ရက်ကကျင်းပခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးညီလာခံ၌ မြန်မာ၊ ယူအေအီး၊ ကူဝိတ်၊ မော်ဒိုက်နှင့်ဘာရိန်းနိုင်ငံတို့ကို SCO တွင်ဆွေးနွေးဖက်နိုင်ငံများအဖြစ် သတ်မှတ်လိုက်ကြောင်း သိရှိရသည်။

ထို့ပြင် အီရန်နိုင်ငံက SCO သို့အဖွဲ့ဝင်အဖြစ်ပါဝင်သည့် နားလည်မှုစာချွန်လွှာကိုလက်မှတ်ရေးထိုးကာ ဘယ်လာရုနိုင်ငံကိုအဖွဲ့ဝင်နိုင်ငံအဖြစ်သတ်မှတ်ခဲ့သည်။ အလားတူ အီဂျစ်နှင့်ကာတာနိုင်ငံတို့ကိုလည်း SCO ၏ ဆွေးနွေးဖက်နိုင်ငံများအဖြစ် အသိအမှတ်ပြုသည့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

မှုပြုခဲ့ကြောင်းသိရှိရသည်။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) ကို ၂၀၀၁ ခုနှစ် ဇွန်လတွင် နိုင်ငံခြောက်နိုင်ငံဖြင့် တရုတ်ပြည်သ့ူသမ္မတနိုင်ငံ ရှန်ဟိုင်းမြို့၌ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

စတင်ဖွဲ့စည်းစဉ်က တရုတ်၊ ရုရှား၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံများနှင့် ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အိန္ဒိယနှင့်ပါကစ္စတန်တို့အပြင် အီရန်နိုင်ငံပါ ပါဝင်လာသည့်အတွက် နိုင်ငံပေါင်းကိုးနိုင်ငံအထိရှိလာပြီဖြစ်သည်။ လက်ရှိလုပ်ဆောင်နေသော ထိပ်သီးညီလာခံတွင် SCO ကို တိုးချဲ့ဖွဲ့စည်းမှုအစီအစဉ်များလည်း ပါဝင်ကာ အဖွဲ့အနေဖြင့် စားနပ်ရိက္ခာ ဖူလုံရေးအတွက် အခြေခံသဘောတရားများကို ဖော်ဆောင်မည့်အပြင်  အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်က စက်တင်ဘာ ၁၆ ရက်တွင်ကျင်းပသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးညီလာခံ၌ အနောက်အုပ်စု၏ ကမ္ဘာ့လက်ဝါးကြီးအုပ်စိန်ခေါ်မှုကို တုံ့ပြန်နိုင်ရေးအတွက် ဒေသတွင်းနိုင်ငံများအနေဖြင့် ကမ္ဘာ့အခင်းအကျင်းအသစ်ကို ပြန်လည်ပုံဖော်ရန် တိုက်တွန်းလိုက်ကြောင်း သတင်းကြားသိရသည်။ ဒေသတွင်းခေါင်းဆောင်များအနေဖြင့် တရားမျှတပြီး ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းရှိသော လမ်းကြောင်းဖြင့် ကမ္ဘာ့အခင်းအကျင်းအသစ်ကိုပြန်လည်ပုံဖော်ရေးအတွက် အတူတကွလက်တွဲ လုပ်ဆောင်သွားသင့်ကြောင်း၊ တရုတ်နိုင်ငံကလာမည့် ငါးနှစ်အတွင်း ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံများမှ တရားဥပဒေစိုးမိုးရေးဝန်ထမ်း  ၂၀၀၀ ဦးကိုလေ့ကျင့်သင်ကြားမှု များပေးသွားမည် ဖြစ်ကြောင်း၊ အလားတူ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရောင်စုံတော်လှန်ရေးဖြစ်အောင် လှုံ့ဆော်နေသော ပြည်ပအင်အားစုများကို တားဆီးရမည်ဖြစ်ကြောင်းနှင့် ကမ္ဘာ့နိုင်ငံများ အားလုံးအနေဖြင့် နှစ်ဖက်အကျိုးမရှိသည့် ကစားပွဲများနှင့် အုပ်စုတစ်စု၏ နိုင်ငံရေးအတွက်သာ ဆောင်ရွက်နေမှုများကို ရပ်တန့်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့အရေးတွင် ပဋိပက္ခများ၊ စစ်ပွဲများဖြစ်အောင်ဖန်တီးနေသော အင်အားကြီးနိုင်ငံတစ်ခု၏ ဝင်ရောက်စွက်ဖက်နေမှု များကိုလည်း ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့က တားဆီးနိုင်တော့မည် ဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံများ အသင်းမှာပင် အဆိုပါ နိုင်ငံကြီးတစ်နိုင်ငံ၏ စွက်ဖက်မှုများက စည်းလုံးညီညွတ်မှုကို အက်ကြောင်းထင်စေခဲ့သည်။ အထူးသဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ နိုင်ငံရေးမတည်မငြိမ်ဖြစ်အောင် အကြမ်းဖက်အဖျက်သမားတို့ကို လက်ခံမွေးမြူမြှောက်ပင့်ပေးသည်မှာ သိသာထင်ရှားလှသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှာ ကမ္ဘာ့အခင်းအကျင်း အသစ်ကို ပုံဖော်နေပြီ ဖြစ်သည့်အတွက် SCO ကိုကြိုဆိုပါကြောင်း ရေးသားလိုက်ရပေသည်။   ။