အောင်ပွဲတော်ခံ သြဘာသံ

အောင်ပွဲတော်ခံ သြဘာသံ

ပြောင်ပြောင်ပြောင် နာဂိန်၊ စွယ်စွယ်စွယ် ရောင်ရှိန်အစချီသော ဆင်ခင်းကြိုးသီချင်းကြီးမှာ အမရပူရ ခေတ်တွင်ပေါ်ထွန်းခဲ့သောသီချင်း ဖြစ်သည်။ ယနေ့ခေတ်တွင် မဟာဂီတဝင်သီချင်းကြီးအဖြစ် ဂီတပညာ လေ့လာလိုက်စားသူတိုင်း သီဆိုတီးမှုတ်နေရသောသီချင်း ဖြစ်သည်။ ရှေးခေတ်ကဘုရင်မင်းမြတ်အဆက်ဆက် တို့သည် ဆင်ဖြူတော်ကိုအလေးအနက်ထားကြောင်း မဟာဂီတသီချင်းများတွင် တွေ့ရှိရသည်။ တိုင်းပြည် အုပ်ချုပ်သော အစိုးရမင်းများမှာ မင်းကျင့်တရားဆယ်ပါးနှင့် ညီညွတ်ပြည့်စုံသည့် ကာလများတွင်  ဆင်ဖြူတော်များ ပေါ်ထွန်းလေ့ရှိပါသည်။ ဆင်ဖြူတော်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ ခေတ်တစ်ခေတ်၊ သမိုင်းတစ်ကွေ့မှာ ဖြစ်ထွန်းပေါ်ပေါက်ဖို့ အင်မတန်ခဲယဉ်းလှသည့် ရတနာတစ်ပါး ဖြစ်ပါသည်။ ဆင်အရေအတွက်တစ်ထောင်မှာ ဆင်ဖြူတော်တစ်စီး တွေ့ရခဲလှပါသည်။ ဖြူနေသည့်ဆင်ဖြူဖြစ်သော်လည်း ဆင်ဖြူတော်တို့၏ ကြန်အင်လက္ခဏာဂုဏ်အင်္ဂါများနှင့် ပြည့်စုံမှ ဆင်ဖြူတော်ဟူ၍ သတ်မှတ်နိုင်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကိုထိန်းသိမ်းစောင့်ရှောက်လျက်ရှိရာတွင် နိုင်ငံတော်နှင့်ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးကိုသာ စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသည်။ နိုင်ငံနှင့်ပြည်သူတို့အပေါ် ကျရောက်လာမည့် ဘေးအမျိုးမျိုးရန် အသွယ်သွယ်ကို ကာကွယ်ပေးနေရသလို နိုင်ငံတော်အတွင်း တိုင်းရင်းသား အချင်းချင်းစည်းလုံးညီညွတ်ရေးကိုလည်း ဦးတည်ကြိုးပမ်းလျက်ရှိသည်။ နိုင်ငံတော်၏ ပစ္စုပ္ပန်တိုးတက်ကြီးပွားရေးနှင့် အနာဂတ်တွင် အခြားသောတိုင်းပြည်များကအားကျလောက်အောင် ဖွံ့ဖြိုးတိုးတက်ရေးများ စွမ်းဆောင်ကြိုးပမ်းနေသည်မှာလည်း အားရကျေနပ်ဖွယ်ကောင်းလှသည်။ ထို့ကြောင့် အတိတ်ကောင်းနိမိတ်ကောင်းဖြစ်သော ဆင်ဖြူတော်ပေါ်ထွန်းလာခြင်း ဖြစ်သည်။

ဆင်ဖြူတော်များနှင့် ပတ်သက်လျှင် မြန်မာ့ယဉ်ကျေးမှု၏ သမိုင်းတွင် အလွန်အရေး ပါခဲ့ကြောင်းကို ငါးရာ့ငါးဆယ်ဇာတ်တော်လာ ဆန္ဒန်ဆင်မင်းဇာတ်တော်တွင် ဘုရားလောင်းဆန္ဒန်ဆင်မင်းကိုသရုပ်ဖော်ရာမှ ဆင်ဖြူတော် အသွင်သရုပ်ဖော်ခဲ့သည်။ သုံးလူထွတ်ထားမြတ်စွာဘုရားအဖြစ်သို့ ရောက်တော်မူမည့် ဘဝမှာ ကောင်းကင်ယံမှ ဆင်ဖြူတော်သည် မယ်တော်မာယာဒေဝီ၏ ဝမ်းကြာတိုက်သို့ လက်ယာဘက်မှ ဝင်ရောက် ကိန်းအောင်းခဲ့ကြောင်း ထူးခြားသော အိပ်မက်မြင်မက်ခဲ့သည်။ ဤသည်ကို ပရောဟိတ်ပညာရှိတို့က ထူးခြား တဲ့သားရတနာသန္ဓေတည်ပြီဟု နိမိတ်တော်ဖတ်ခဲ့ကြခြင်းမှာလည်း ဆင်ဖြူတော်ကို အထွတ်အမြတ်ထားရသည့်ဂုဏ်ပုဒ်ပေါ်လွင် ထင်ရှားစေသည်။

ပုဂံခေတ်နောက်ပိုင်းမြန်မာ့သမိုင်း အဆက်ဆက်မှာလည်း ဆင်ဖြူရရှိဆက်သခံရသည့် ဘုရင်မင်းမြတ်တို့မှာ ဆင်ဖြူတော်ပိုင်ဆိုင်ခြင်းနှင့်အတူ သြဇာတိက္ကမကျော်စောထင်ရှားခြင်း၊ တိုင်းသူပြည်သားများ စည်ပင်ဝပြောခြင်း၊ တိုင်းပြည်အေးချမ်းသာယာခြင်း စသည့် ကျက်သရေမင်္ဂလာအဖြာဖြာတို့နှင့် ပြည့်စုံကြောင်း သမိုင်းအထောက်အထားများအရ သိရှိရသည်။ ပုဂံခေတ်ပထမမြန်မာနိုင်ငံတော်ကို အောင်မြင်စွာ ထူထောင်နိုင်ခဲ့သော အနော်ရထာမင်းတရား၊ တောင်ငူခေတ်ဒုတိယမြန်မာနိုင်ငံတော်ကိုအောင်မြင်စွာ ထူထောင်ခဲ့သော ဘုရင့်နောင်မင်းတရားနှင့် ကုန်းဘောင်ခေတ်တတိယမြန်မာနိုင်ငံကို အောင်မြင်စွာ ထူထောင်ခဲ့ သောအလောင်းမင်းတရားတို့မှာလည်း ဆင်ဖြူများရှင်မင်းတရားကြီးတို့ ဖြစ်ခဲ့ကြသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းမှ ထိန်းကျောင်းထားရှိသော ဆင်းဝိုင်းမှ ဆင်မဇာနန်းလှ  အသက် ၃၃ နှစ်က ထူးခြားအသွင်သဏ္ဌာန်ရှိသည့်ဆင်ဖြူတော်(အထီး)ကလေးအား ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့နံနက်ပိုင်း မင်္ဂလာအချိန် ၀၆း၃၀ နာရီတွင်မွေးဖွားခဲ့ပါသည်။

ရှေးသမိုင်းပညာရှိများ၏ မိန့်ဆိုချက်များအရ   ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာများမှာ မျက်လုံးပုလဲရောင်၊ ငှက်ပျောကိုင်းသဏ္ဌာန်ကျောကုန်း၊ အဖြူကဲ့သို့အမွေးရောင်၊ အမြီးမှာ တံခါးပိတ် လက်ဝါးပုံသဏ္ဌာန်၊ အရေပြားသြဇာကွက်၊ အသားအရေပန်းရောင်၊ ခြေဖဝါးတွင်ရှေ့ခြေသည်း ငါးခုစီနှင့် နောက်ခြေသည်းငါးခုစီပါပြီး နားရွက်မှာ နားကြီးခြင်းတို့ရှိရမည်ဖြစ်ကြောင်း အချက်ရှစ်ချက်ဖြင့် ဖော်ပြထားပါသည်။

မြန်မာနိုင်ငံတွင် ၁၀ စီးမြောက်ပေါ်ထွန်းလာသည့် ယခုဆင်ဖြူတော်(အထီး)ကလေးသည် ဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာများအနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာငှက်ပျောကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊ အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်းငါးခုစီနှင့် နောက်ခြေသည်းလေးခုစီပါရှိခြင်း၊ နားကြီးခြင်း တို့ကြောင့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာများနှင့် ကိုက်ညီမှုရှိကြောင်းနှင့် အချက်

ရှစ်ချက်တွင် ခုနစ်ချက်ကိုက်ညီမှုရှိပါသည်။ ယခုအခါဆင်ဖြူတော်(အထီး)ကလေးသည် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့တွင် မွေးဖွားကြီးမြောက်သည့်နှစ်လပြည့်အချိန်အခါဖြစ်ပါသည်။ မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း ကြားသိရသည်။ လေးကျွန်းစကြာ၊ လက်လကျ်ာလှည့်ပါလို့ လိုလိုတော်ပြည့်ပါတဲ့၊ အောင်ပွဲတော်ခံ၊ သြဘာသံကျူကျူနှင့်၊ နတ်လူသံငြိမ့်ညောင်းအောင်၊ သောင်းမြေ မြင့်ပေါ်မှာကိုလေ ဟူ၍ဂုဏ်ပြုရေးသားလိုက်ရပေသည်။     ။