အသိသတိနှင့် မိမိကစ၍ကာကွယ်ပါ

အသိသတိနှင့် မိမိကစ၍ကာကွယ်ပါ

ကိုဗစ်-၁၉ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကာကွယ်ရေးအတွက် လူတိုင်းသိနား လည်လွယ်သော ဆောင်ပုဒ်မှာ မိမိကစ၍ ကာကွယ်ပါဖြစ်သည်။ လူတိုင်းကိုယ်စီတစ်ဦးချင်းစီက ကြိုတင် ကာကွယ်မှုများ ပြုလုပ်ထားမည်ဆိုပါက ကူးစက်တတ်သောရောဂါမှန်သမျှမှာ ကူးစက်မှုနှုန်း ကျဆင်းသွား မည်သာဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ   တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိသည်။ ထိုလုပ်ငန်းများ အောင်မြင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကိုစနစ်တကျ လိုက်နာဆောင်ရွက်ကြရန် ဖြစ်သည်။ အဓိကအကျဆုံးမှာ ပြည်သူတိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကိုထိုးနှံထားကြခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်ကြရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်မှ စက်တင်ဘာ ၇ ရက်အထိ တွေ့ရှိရသောကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံထားရှိမှု အခြေအနေများကို ဆန်းစစ်ချက်အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများ၏ ၈၀ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးလုံးဝထိုးနှံခြင်း မရှိသူများ ဖြစ်သည်။ ၁၅ ဒသမ ၉ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံထားပြီး ၄ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံထားသူများ ဖြစ်သည်။ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံထားသူများမှာ သုည ဒသမ ၁ ရာခိုင်နှုန်းဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအနည်းဆုံးဖြစ်သည်။ ရောဂါကြောင့် သေဆုံးသူများ အနက်လည်း ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးလုံးဝထိုးနှံထားခြင်း မရှိသူများမှာ အများဆုံးဖြစ်ကြောင်း သိရှိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲ

ရှောင်စခန်းများရှိပြည်သူများ၊ အသက်ငါးနှစ်မှ ၁၂ နှစ်အထက်အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများ စသည့်ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်ဆေး တပ်ဖွဲ့ဝင်များ၊ ပြည်သူ့ဆေးရုံများမှဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ကာကွယ်ဆေး ထိုးနှံပေးခြင်းသည် ရောဂါမဖြစ်ပွားအောင် တစ်ခုတည်းသော ကြိုတင်ကာကွယ်နည်းဖြစ်သည်။ ပြည်သူတစ်ရပ်လုံးက ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းဖြင့် ရောဂါမဖြစ်အောင် ကာကွယ်ကြရမည် ဖြစ်သည်။ မိမိတစ်ဦးတစ်ယောက်အတွက် ကာကွယ်ဆေးမထိုးလည်း ဘာမှမဖြစ်နိုင်ပါဘူးဟူ၍ တွေးခဲ့သော် ထိုအတွေးသည် လွန်စွာမှားယွင်းသည်။ မိမိကဲ့သို့တစ်ဦးတစ်ယောက်ပေါင်းများစွာ ဖြစ်ပေါ်လာခဲ့သော် ရောဂါကူးစက်ပျံ့နှံ့မှု ကျယ်ပြန့်လာကာ အခြားသူများကိုပါ ထိခိုက်နစ်နာစေမည် ဖြစ်သည်။ လူတိုင်းကိုယ်စီက အမျိုးသားရေး အသိစိတ်ဓာတ်ဖြင့် ကာကွယ်ဆေးကို မပျက်မကွက် ထိုးနှံကြရမည်ဖြစ်သည်။သို့မှသာ နိုင်ငံအတွင်းကူးစက်မှု ပျောက်ကွယ်သွားမည်ဖြစ်သည်။

ကာကွယ်ဆေးမပျက်မကွက် ထိုးနှံခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းသည် ကိုဗစ်-၁၉ ရောဂါကို ခုခံရာ၌ အသက်အန္တရာယ် အနည်းဆုံးဖြစ်သည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ၌ စတင်တွေ့ရှိခဲ့သော ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါသည် နှစ်နှစ်ခွဲကျော်ကြာလာသည့်အချိန်တွင် ဗီဇပြောင်းလဲမှုများစွာဖြစ်ပေါ်လာခဲ့သည်။ အဆိုပါ ဗီဇပြောင်းမျိုးကွဲများအနက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားသည့် အထူးသတိပြုစောင့် ကြည့်ရမည့်မျိုးကွဲများမှာ ဒယ်တာ၊ အိုမီခရွန်၊ (BA-1)၊ (BA-2)၊ (BA-4) နှင့် (BA-5) တို့ဖြစ်သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် အိုမီခရွန်မျိုးကွဲ (BA-4)နှင့် (BA-5) တို့ကိုတောင်အာဖရိက၌ စတင်တွေ့ရှိခဲ့ပြီး ကမ္ဘာတစ်ဝန်းတစ်ကျော့ပြန် ကိုဗစ်ဖြစ်စေသော မျိုးကွဲများဖြစ်လာသည်။ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် တုပ်ကွေးဖြစ်ပွားခြင်းကဲ့သို့ အခြားသော ဗီဇပြောင်းအိုမီခရွန် မျိုးကွဲများ၏ လက္ခဏာနှင့်ဆင်တူသည်။

မြန်မာနိုင်ငံတွင် ပြည်ပမှဝင်ရောက်လာသူများတွင်စတင်တွေ့ရှိရာမှ ပြည်တွင်းကူးစက်မှုဖြစ်ပွားခဲ့သည်။ မကြာမီကာလများတွင် အေးမြသည့် ဆောင်းရာသီသို့ ကူးပြောင်းရောက်ရှိလာမည် ဖြစ်ရာ ကမ္ဘာတစ်ဝန်းကူး စက်မှုပိုမိုလာနိုင်ကြောင်း ပညာရှင်တို့က သုံးသပ်ထားကြသည်။ လူသားတို့သည် ကိုဗစ်-၁၉ ရောဂါနှင့်အတူ ကာလတစ်ခုအထိယှဉ်တွဲနေထိုင်သွားရဦးမည်ဖြစ်ကြောင်းလည်း အဆိုပါ ပညာရှင်တို့က ခန့်မှန်းထားသည်။ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် ကာကွယ်ဆေးအကြိမ်ရေ အပြည့်ထိုးနှံခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အခြေခံစည်းမျဉ်းများကို အတိအကျ လိုက်နာသည့်အနေဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကိုစနစ်တကျတပ်ဆင်ခြင်း၊ လက်ကိုဆပ်ပြာဖြင့်စက္ကန့် ၂၀ ကြာဆေးကြောခြင်း၊ လူစုလူဝေးနှင့် လူထူထပ်သောနေရာများသို့ သွားလာခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်းဖြင့် မိမိကစ၍ ကာကွယ်ပါ ဟူသော အသိတရားကို အမြဲထားရှိရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။